
ကယား (ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းသို့ စစ်ကောင်စီတပ် ပစ်သည့် လက်နက်ကြီးကျ၍ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ် ဖခင်တို့ သေဆုံးသည်။
ယမန်နေ့ (ဇူလိုင် ၃၁) ညနေ ၅ နာရီခွဲခန့်တွင် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းသို့ လက်နက်ကြီးကျည် ၁၀ ကြိမ် ကျရောက်ပေါက်ကွဲရာတွင် မားဂရက်ဟု ခေါ်သည့် ၁၃ နှစ်အရွယ် မိန်းကလေး ပွဲချင်းပြီး သေဆုံးခဲ့သည်။
လက်နက်ကြီးတစ်လုံးမှာ ထိုဒေသတွင်း စစ်ရှောင်မိသားစုနေထိုင်သည့် နေအိမ်အနောက်ဘက်သို့ ကျရောက်ပြီး ပေါက်ကွဲခဲ့စဉ် မားဂရက်နှင့် အသက် ၅၀ အရွယ် သူ၏ ဖခင်တို့ ဦးခေါင်း ကျည်စထိမှန်ခဲ့ကြောင်း၊ ဖခင်သည်လည်း ယနေ့ နံနက်က သေဆုံးခဲ့ကြောင်း DMO-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုဖြစ်စဉ်အတွင်း မားဂရက်၏ အသက် ၁၇ နှစ်အရွယ် အစ်ကိုနှင့် အသက် ၅၀ ခန့် ဦးလေးတို့ပါ ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေမရှိဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
“လေးယောက်စလုံး တစ်အိမ်တည်းမှာပဲ နေတာဗျ။ ဒီအတိုင်းပဲ စကားဝိုင်းဖွဲ့ပြီး ပြောနေတဲ့အချိန် ထိတာ” ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် မားဂရက်တို့နေအိမ်နှင့် လေးဖာလုံခန့်အကွာတွင် ရှိနေသည့် ၉ နှစ်အရွယ် စစ်ရှောင် ယောက်ျားလေးတစ်ဦး လက်နက်ကြီးကျည် ရှပ်ထိဒဏ်ရာရခဲ့သည်ဟု DMO-PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ကျွန်တော်တို့ မနက်က တိုက်ပွဲလည်း တစ်ခုမှ မရှိဘူးပေါ့နော်။ သူတို့က ရည်ရွယ်ချက်ရှိရှိ ပစ်တယ်လို့ပဲ ကျွန်တော် တို့ မှတ်ယူရတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီ စခန်းချထားသည့်နေရာများကို တော်လှန်ရေးအဖွဲ့များဘက်က ပြောက်ကျားတိုက်ခိုက်မှုရှိသော်လည်း လက်ရှိတွင် တိုက်ပွဲလုံးဝမဖြစ်သည်မှာ ၃ ရက်ကြာပြီဟု ထိုသူ့ထံမှ သိရသည်။
“(လက်နက်ကြီးကျတဲ့) ရွာနာမည်ကျတော့ ကျွန်တော်တို့ ပြောလို့မရဘူး ထင်တယ်။ လုံခြုံရေးအရပေါ့နော်။ သူတို့အတွက် ပစ်မှတ်ပေးသလို ဖြစ်နေမှာစိုးလို့လေ” ဟု ၎င်းက ဆိုသည်။

ထိုဒေသအတွင်း လက်နက်ကြီးပစ်ခတ်မှုများကို ဒီးမော့ဆိုအခြေစိုက် အမှတ် ၁၀၂ ခြေလျင်တပ်ရင်းနှင့် ဖရူဆိုအခြေစိုက် အမှတ် ၄၂၈ ခြေမြန်တပ်ရင်း အခြေစိုက်ရာနေရာမှ ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ နှစ်ဆင့်ပေါက်ကွဲသည့် ၁၂၀ မမ လက်နက်ကြီးအမျိုးအစားဖြစ်ကြောင်း DMO-PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ထို့အတူ စစ်ကောင်စီက ဒီးမော့ဆိုမြို့နှင့် နန်းမယ်ခုံမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ ၇ နေရာထက်မနည်း တပ်စွဲ နေရာယူထားကြောင်း၊ ထိုအထဲတွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ကျောင်း ပါဝင်ကြောင်း ၎င်းက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ ခုခံမှုများ ပြင်းထန်နေသည့် ကရင်နီ (ကယား) ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီကြောင့် အရပ်သား ၂၅၅ ဦး သေဆုံးသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ယနေ့ (ဩဂုတ် ၁) ထုတ်ပြန်သည်။
ထိုအထဲမှ ၃၈ ဦးမှာ စစ်ဘေးရှောင်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း PKPF က ဆိုသည်။ စစ်ကောင်စီကမူ ထိုသို့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ နှုတ်ဆိတ်နေလေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)