သတင်း

မန္တလေးတွင် ဆောက်လက်စဂိုဒေါင်ပြိုကျ၊ ၉ ဦးဒဏ်ရာရ

မန္တလေးမြို့ ၄၆ လမ်း ကနောင်မင်းသားကြီးလမ်း စက်မှုဇုန် (၂) မှ ဆောက်လက်စ ဆီဂိုဒေါင်တစ်လုံး ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ပြိုကျခဲ့ရာ လူကိုးဦး ဒဏ်ရာရသွားသည်။

ပေ၂၅ ×၄၀ ခန့်ရှိသော ထိုဂိုဒေါင်သည် Hotel Yadanarbon (ဟိုတယ် ရတနာပုံ) ပိုင်ရှင် ဦးထွန်းထွန်းဝင်းက ဆီဂိုဒေါင်အဖြစ် ဇူလိုင်လမှစ၍ ဆောက်လုပ်နေခြင်းဖြစ်ပြီး ပြိုကျသည့်နေ့တွင် ဆောက်လုပ်ရေးဝန်ထမ်း ၂၅ ဦးခန့် ရှိသည်ဟု လုပ်ငန်းခွင်တွင်ရှိနေသူများက ပြောသည်။

“ကျောက်သွေး စလောင်းတဲ့အချိန် အပေါ်ဆင့်ပြီးအသွား အလယ်ဆင့်စလောင်းတဲ့အချိန်မှာ ပြိုကျတာပါ။ ကျားရှစ်ဦး မတစ်ဦး ဒဏ်ရာရရှိပါတယ်။ အလုပ်သမားတွေ အဆောက်အအုံကြား ညပ်ကုန်ပြီး အချို့ ပြင်းထန်စွာ ဒဏ်ရာရ ပါတယ်”ဟု ထိုဆောက်လုပ်ရေးမှ ပန်းရန်အလုပ်သမ မကေသီက ပြောသည်။

“ဒဏ်ရာရ အလုပ်သမားတွေကို မန္တလေးဆေးရုံကြီးမှာ အရေးပေါ်ကုသပေးနေပါတယ်။ သူဌေးလည်း ဆေးရုံလိုက်သွားပါတယ်။ ရဲစခန်းက အမှုဖွင့်မလားတော့ မသိသေးပါဘူး” ဟု Hotel Yadanarbon မန်နေဂျာ ကိုမောင်လွင်က ပြောသည်။

အုန်းချောရဲစခန်း ရဲအုပ်ဇော်မြင့်က အမှုဖွင့်ရန်အတွက် ဖြစ်စဉ်ကို စုံစမ်းနေဆဲဟု Myanmar Now ကိုပြောသည်။

ထိုအဆောက်အအုံပြိုကျရာသို့ မီးသတ်ကယ်ဆယ်ရေးယာဉ် ခြောက်စီးခန့်နှင့် လူမှုရေးအသင်းကား ၁၅ စီးခန့် လာရောက် ကယ်ဆယ်ခဲ့သည်။

Show More

Related Articles

Back to top button