သတင်း

တောင်ကျရေကြောင့် ရေမြုပ်ခဲ့သည့် ပူတာအိုအနီးကျေးရွာများကို မကူညီနိုင်သေး

ရန်ကုန် – ချောင်းရေလျှံ၍ နေအိမ်များ နစ်မြုပ်ပျက်စီးသွားသည့် ပူတာအိုမြို့၊ မန်စေကျေးရွာအုပ်စု နှင့် ပူတောင်းကျေးရွာအုပ်စုများမှ ကျေးရွာအချို့ကို လမ်းပန်းဆက်သွယ်ရေးကြောင့် အကူအညီများ မပေးနိုင်သေးကြောင်း ပူတာအိုမြို့နယ်၏ ကချင်ပြည်နယ်လွှတ်တော်အမတ် ဦးယောဆီက ယနေ့ပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ်ပလတ်ချောင်း တစ်လျှောက် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါချောင်းတစ်လျှောက်ရှိ ကျေးရွာတချို့ ရေတိုက်စားမှု၊ ရေနစ်မြုပ်မှုများကို ရင်ဆိုင်ခဲ့ရပြီး အကူအညီများ ပေးနိုင်ရန်  စီစဉ်နေဆဲဟု ၎င်းက ပြောသည်။

“လမ်းတွေရေကျော်ပြီး တံတားတချို့လည်း ပျက်စီးသွားတယ်ဆိုတော့ အဲဒီဘက်ရွာတွေအကုန် ရောက်ဖို့မလွယ်သေးဘူး အစားအသောက်ကတော့ အဓိကလိုနေကြတယ်” ဟု ဦးယောဆီက ပြောသည်။

လမ်းပန်းဆက်သွယ်ရေးကြောင့် ရေကြီးနစ်မြုပ်မှုဒဏ်ခံရသည့် ကျေးရွာအရေအတွက်နှင့် လူဦးရေကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

အိမ်ခြေ ၁၃၀ ဝန်းကျင်ရှိသည့် မန်စေကျေးရွာအုပ်စု အထက်ဆန်ဂေါင်ရွာတွင် ရေတိုက်စားမှုကြောင့် အိမ်ခြေ ၁၀ လုံးခန့် မျောပါသွားပြီး အခြားအိမ်များမှာ ရေနစ်မြုပ်မှုကြောင့် ဆန်၊ ကြက်၊ ဝက် စသည်တို့ ဆုံးရှုံးသွားကြောင်းသိရသည်။

မန်စေအုပ်စုအတွင်းမှ မန်စေကျေးရွာအပါအဝင် မုံငိုရ် ၊ ဒါကူရှီဇားစသည့် ကျေးရွာများလည်း ရေနစ်မြုပ်ခဲ့ပြီး ဒါကူရှီဇားရွာတွင် ဝါးဖောင်များဖြင့် သွားလာနေရသည်ဟု ဒေသခံတချို့က ပြောသည်။

တစ်ရွာလုံးရေနစ်မြုပ်သဖြင့် ဝါးဖောင်များ လှေများဖြင့် သွားလာရသည့် ကျေးရွာများတွင် ပူတောင်းကျေးရွာ အုပ်စုရှိ ခန္တီးရှမ်းအများစုနေထိုင်သည့် မုဒုံ(၂)ကျေးရွာလည်း ပါဝင်သည်ဟု သိရသည်။

“အရင်က တစ်ခါမှမဖြစ်ဖူးဘူး၊ အခုဖြစ်တော့ ချောင်းနဲ့နီးတဲ့ရွာတွေ အကုန်ပါတယ်” ဟု ကိုဖုန်ရမ်က ပြောသည်။

မုဒုံရွာတွင် လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်ကတည်းက ရေကြီးနေခြင်းဖြစ်ပြီး တောင်ကျချောင်းရေကြောင့် ပိုမိုဆိုးရွားသွားခြင်းဖြစ်သည်ဟု သိရသည်။

ရေဘေးသင့်သူအများစုက အနီးအနားရှိ ရေလွတ်ရာ ဆွေမျိုးများထံတွင် သွားရောက်နေထိုင်ကြကြောင်း ဒေသခံတချို့က ပြောသည်။

မိုးဆက်လက်ရွာနေသော်လည်း ယနေ့တွင် ရေအနည်းငယ် ပြန်ကျသွားပြီဖြစ်သည့်အတွက် ကူညီ ကယ်ဆယ်ရေးများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဦးယောဆီက ပြောသည်။

အမှားပြင်ဆင်ချက်။ မူရင်းသတင်းတွင် ‘မန်စေ’ကျေးရွာကို ‘မန်ဇယ်’ ဟု ဖော်ပြမိခဲ့ပါသည်။ ‘မန်စေ’ဟု ပြန်လည် ပြင်ဆင်ထားပါသည်။

Show More

Related Articles

Back to top button