သတင်း

ချင်းတွင်းမြစ်တိုက်ပွဲတွင် စစ်ကောင်စီရေယာဉ်များ ပျက်စီးဟု PDF ပြော

စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်သည့် စစ်ကောင်စီရေယာဉ်အုပ်စုကို နှစ်ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ရာ ရေယာဉ်အချို့ ပျက်စီးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

အမြောက်တပ်ဆင်ထားသည့် စစ်သင်္ဘော ၁ စီး၊ စက်အမြောက်တပ်ထားသည့် ခေတ်မီကင်းလှည့်ရေယာဉ် ၂ စီး၊ ဘန်ကာအပြည့်ကာရံထားသည့် စစ်ရေယာဉ်တို့သည် ဇူလိုင် ၁၈ တွင် မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ထွက်ခွာလာခြင်းဖြစ်သည်။

ထိုနေ့တွင်ပင် ဒေသခံကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ အမြန်ရေယာဉ် ၁ စီး ထိခိုက်ပြီး လက်နက်ခဲယမ်းအချို့နှင့် စစ်တပ်သုံးခြင်းကြားနှင့် စားနပ်ရိက္ခာအချို့ မြစ်ထဲ ကျသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီရေယာဉ်များ ဇူလိုင် ၁၉  တွင် စစ်ကိုင်းတိုင်း ကနီမြို့ဆိပ်ကမ်းသို့ ရောက်သွားသည်။ ပျက်စီးသည့် ရေယာဉ်ကို ၆ ရက်ကြာ ပြင်ဆင်ခဲ့ပြီး ဆက်လက်ထွက်ခွာရာ ဇူလိုင် ၂၄ တွင် ကနီမြို့နယ် မြွေဝိုင်းတောင်အနီး ဖြတ်သန်းစဉ် PDF များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်နာရီနီးပါး ကြာမြင့်သည့်တိုက်ပွဲတွင် PDF များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရေယာဉ် ၁ စင်း လက်နက်ကြီးထိမှန်သည်ဟု Myanmar Defense Force – MDF မှ ပြန်ကြားရေးတာဝန်ခံ ကိုတော်ဝင်က ပြောသည်။

“မီးခိုးတွေအူပြီး စက်သတ်သွားတယ်။ အစက သူတို့က ရေလယ်မှာ ကျောက်ချပြီးတော့ ကျွန်တော်တို့နဲ့ အသားကုန်ပစ်ကြသေးတယ်။ ကျွန်တော်တို့က ကြိုပြီးစောင့်နေတာ တစ်ပတ်လောက်ရှိပြီ။ အဲ့တော့ သူတို့က ဘယ်လိုမှ ပစ်အားမသာဘူး။ အငွေ့တွေထွက်ပြီး အသေအပျောက်လည်း ရှိနိုင်တယ်” ဟု သူက ပြောသည်။

“အခုတစ်ခေါက်ကတော့ ပွဲချိန်တော်တော်ကြာတယ်။ ဒီကောင်တွေ မြစ်ကြောင်း အလယ်တည့်တည့်မှာကို ရပ်ပြီး ပြန်ပစ်တယ်။ လက်နက်ကြီးတွေနဲ့ ရမ်းသန်းထုတယ်။ ပုံမှန်အားဖြင့်ဆိုရင် သူတို့က သွားနေရင်းနဲ့ ပစ်ခတ်မှုဖြစ်တာ။ ရပ်ပြီးတိုက်ပွဲဖြစ်တာ တစ်ခါမှမရှိဘူး”

ဒေသခံကာကွယ်ရေးအဖွဲ့များက စုရပ် ၄ ခုထားပြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်ရေယာဉ်အင်ဂျင် ထိမှန်ပျက်စီးသည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့်  မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၃ ကလည်း ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ရေယာဉ်များ ကနီမြို့နယ် ကင်းရွာတွင် ညအိပ်ရပ်နားခဲ့ပြီး ဇူလိုင် ၂၅  နံနက်ပိုင်းတွင် ဆက်လက်ထွက်ခွာလာရာ ကင်းရွာအနီးတွင်လည်းကောင်း၊ ကနီ-မင်းကင်း နယ်စပ်အနီးတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်ဟုလည်း ဆိုသည်။

မင်းကင်းမြို့နယ်သို့ ဇူလိုင်လ ၂၅ ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိကမ်းကပ်ခဲ့ကြသည်၊ ရေယာဉ်များတွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများက မြို့နယ်အတွင်းရှိ အုန္နဲဘုတ်၊ အနောက်တော၊ ညောင်ပင်သာရွာရှိ နေအိမ်အချို့ကို မီးရှို့ခဲ့ကြသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်တပ်က လေ့ကျင့်၊ လက်နက်ပေးထားသည့် ဒေသခံ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များလည်း မီးရှို့ရာတွင် ပါဝင်သည်ဟု သူက ဆိုသည်။

“ညောင်ပင်သာရွာက နွားစာတိုက်၊ စပါးတိုက်၊ အိမ် အပါအဝင် ၁၀ လုံးကျော် လောင်တယ်၊ ကျန်တဲ့ရွာတွေက မသိရသေးဘူး၊ ကမ်းကပ်ပြီးတော့ ပျူစောထီး (စစ်တပ်လက်အောက်ခံ) နဲ့ ပေါင်းပြီးတော့ မီးရှို့သွားတာ” ဟု သူက ပြောသည်။

နိုင်ငံအနှံ့ သတ်ဖြတ် မီးရှို့ ဖမ်းဆီးမှုများ ဆက်တိုက် ကျူးလွန်နေသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက ၎င်းတို့ ထိုသို့ လုပ်ဆောင်ခြင်းမရှိဟု တုံ့ပြန်လေ့ရှိသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်မှစတင်ကာ ယနေ့အထိ ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသော်လည်း Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

ယခုအကြိမ် ချင်းတွင်းမြစ်အတွင်း လှုပ်ရှားလာသည့် စစ်ရေယာဉ်အုပ်စုမှာ ယခင်အကြိမ်များထက် ပစ်ခတ်အား ပိုမိုကောင်းမွန်ပြီး ရေလယ်တွင် ကျောက်ချပစ်ခတ်နိုင်သည်ဟုလည်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်တပ်သည် ချင်းတွင်းမြစ်ကြောင်းတွင် ခေတ်မီ ကင်းလှည့်ရေယာဉ်များကိုပါ ထုတ်သုံးလာသော်လည်း ဒေသခံကာကွယ်ရေးအဖွဲ့များက မြစ်ကြောင်းတစ်လျှောက် ကြိုတင်ပြင်ဆင်နေရာယူကာ ရှော့တိုက်ဒုံးများ၊ လက်လုပ်လက်နက်ကြီးများသုံးကာ ခုခံတိုက်ခိုက်နေသည်ဟု ဆိုသည်။

“ကျွန်တော်တို့က မြစ်ကြောင်းပွဲကို တော်တော်နပ်နေပြီ။ နေရာအကွက်ကွင်းရယ်၊ စိတ်ချရမဲ့ နေရာရယ်၊ သေချာပစ်လို့ရမဲ့ နေရာရယ်၊ ကျွန်တော်တို့ ရွေးထားပြီးသားရှိတယ်” ဟု MDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းလာပြီးနောက် ကုန်းလမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေရာ စစ်ကောင်စီတပ်သည် သယ်ယူပို့ဆောင်ရေးအတွက် ချင်းတွင်းမြစ်ကြောင်းကို ပိုမိုအားပြုလာနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button