သတင်း

ရဲ ၁၄ ဦး သုံ့ပန်းဖြစ်သွားသည့် မောင်တောတွင် ဒေသခံများကို စစ်ကောင်စီ ဖမ်းဆီး 

ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအနီး နယ်ခြားစောင့်ရဲကားကို တိုက်ခိုက်ကာ တပ်ဖွဲ့ဝင်အများအပြားကို ဖမ်းဆီးသွားရာ စစ်ကောင်စီတပ်က ထိုရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၅ ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် မိသားစုဝင်များထံမှ သိရသည်။

ယနေ့ (ဇူလိုင် ၂၃) နံနက် ၈ နာရီခန့်တွင် ထိုရွာမှ ကုန်စုံဆိုင်ဖွင့်လှစ်ထားသူ ၄၅ နှစ်အရွယ် ဦးထွန်းလင်း၊ မုန့်တီရောင်းသူ အသက် ၃၀ အရွယ် မပုဘု ဆိုသူတို့ကို ရဲများ၊ ရပ်ကွက်လူကြီးများက နေအိမ်တွင် လာဖမ်းကြသည်ဟု မိသားစုဝင်များ၊ ရွာသားများက ပြောသည်။

“မနက်ပိုင်း ထမင်းချက်နေတဲ့အချိန် ရဲတွေက အိမ်ကိုလာပြီး ခေါ်သွားတာ။ အခုထိ ပြန်မလွတ်လာသေးဘူး။ အုပ်ချုပ်ရေးမှူးက ဖမ်း (ခံ) ထားတာဆိုတော့ ရပ်မိရပ်ဖအနေနဲ့ မွတ်စလင်တစ်ယောက်နဲ့ ရခိုင်တစ်ယောက်ပါတယ်။ ရဲစခန်းကို ခေါ်သွားတယ်” ဟု ဦးထွန်းလင်း၏ မိသားစုဝင်တစ်ဦးက  ပြောပြသည်။

ဒေသခံ အမျိုးသားတစ်ဦးကလည်း အလားတူ ပြောသည်။

“သူတို့နှစ်ယောက်ကို ရဲက ခေါ်သွားတာ တွေ့လိုက်တယ်။ ခေါ်သွားတာက ရဲစခန်းကို ခေါ်သွားတာ” ဟု ထိုသူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ က မောင်တောမြို့နယ်တွင် AA နှင့် စစ်တပ်တို့ နှစ်နေရာ တိုက်ပွဲဖြစ်ပြီး စစ်ကူလာသည့် နယ်ခြားစောင့်ရဲကားတစ်စီး ကြိမ်ချောင်း-တောင်ပြိုလမ်းတွင် တိုက်ခိုက်ခံရပြီး ယင်းနေရာမှ ကြိမ်ချောင်းရွာသည် ၃ မိုင်ခန့် ကွာဝေးသည်။

ထိုတိုက်ခိုက်မှုအတွင်း ထုတ်ပြန်ထားသော ရုပ်သံအရ ၁၀ ဦးခန့် သေဆုံးနိုင်ပြီး ၁၄ ဦး လက်ရဖမ်းမိကြောင်း AA ဘက်က ယင်းညမှာပင် ထုတ်ပြန်သည်။

AA က ချုံခိုတိုက်ခိုက်မှုအပြီး  သုံ့ပန်း ၁၄ ဦး ရရှိသည့် ဓာတ်ပုံနှင့် ရုပ်သံမှာ အွန်လိုင်းတွင် ပျံ့နှံ့နေသည်။  

ရဲကား အတိုက်ခံရပြီး နှစ်ရက်အကြာ ဇူလိုင် ၂၀ တွင် ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘုန်းကိုနိုင်အပါအဝင် ၃ ဦးကို စစ်တပ်က လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

အလားတူ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးရှိ တူရိန်းကျေးရွာ (မြို) က အုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်၊ ရပ်မိရပ်ဖ ဦးမဲကျော်နှင့် ဦးရွှေကျော်တို့ကို ဇူလိုင် ၂၀ နံနက်ပိုင်း ၉ နာရီခန့်တွင် တူရိန်း (ရခိုင်) ရွာရှိ နယ်ခြားစောင့်ရဲကင်းစခန်းက ခေါ်ယူစစ်ဆေးခဲ့သည်။

ရပ်မိရပ်ဖနှစ်ဦးကို နေ့ချင်းပြန်လွှတ်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်ကို ကြိမ်ချောင်းကျေးရွာအနီးရှိ အောင်စစ်ပြင် နခခ (၇) တပ်ရင်းမှ ရင်းစုမှူး မျိုးမင်းအောင်က ခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“အုပ်ချုပ်‌ရေးမှူးကို ခေါ်သွားတာ ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိပြီ ပြန်လွတ်လာသေးဘူး။ ပထမတော့ တူရိန်းကင်းစခန်းက ခေါ်တယ်။ အဲဒီကနေတစ်ဆင့် ကြိမ်ချောင်းရင်းစုမှူးက မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ ရပ်မိရပ်ဖနှစ်ယောက်ကိုတော့ လောလောဆယ် အလိုမရှိသေးဘူးဆိုပြီးတော့ ပြန်လွှတ်လိုက်တယ်” ဟု ၎င်းဒေသခံက ဆိုသည်။

ဦးအိမ်စိုးမောင်ကို ယနေ့အထိ အဆက်အသွယ်မရဖြစ်နေသည်ဟု ၎င်းမိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ယင်းအပြင် မောင်တောမြို့နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ယခုရက်ပိုင်းအတွင်း သက်ဆိုင်ရာနယ်မြေခံတပ်ရင်းများက ခေါ်ယူတွေ့ဆုံမှုများရှိခဲ့ပြီး မည်သည့်အတွက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ကို မသိရသေးပေ။

မောင်တောမြောက်ပိုင်း၌ လုံခြုံရေးအခြေအနေ စိုးရိမ်သည့်အတွက် ဇူလိုင် ၁၈ မှစ၍ မောင်တောမြောက်ပိုင်းသို့ ပြေးဆွဲနေသည့် လိုင်းကားများကိုလည်း ယာယီရပ်နားထား၍ ဒေသခံများ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button