သတင်း

မောင်တော ကြိမ်ချောင်းရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် နယ်ခြားစောင့်ရဲကား တိုက်ခိုက်ခံခဲ့ရသည့် နေရာအနီးရှိ ကြိမ်ချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးကို စစ်တပ်က ယနေ့ (ဇူလိုင် ၂၀) တွင် ဖမ်းဆီးသွားသည်။ 

နံနက် မိုးမလင်းမီ အုပ်ချုပ်ရေးမှူး ဦးဘုန်းကိုနိုင်၊ ဦးထွန်းကြိုင်၊ ကိုထွန်းဝင်းတို့ကို စစ်ဆေးမေးမြန်းစရာ ရှိသည်ဟုဆိုကာ နေအိမ်မှ လာရောက်ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု ထိုသူများနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“၄ နာရီ ၁၅ လောက်မှာ အိမ်ကို မွှေပြီးတော့ရှာတယ်။ ရှာပြီးတော့ ဖုန်းဘယ်နှစ်လုံးရှိတယ်ဆိုတာကအစ မိသားစု (ဝင်) ဖုန်းအားလုံးကို ယူသွားတယ်လို့ သိရတယ်။ သူတို့သုံးယောက်ကို စစ်ဆေးရေးဂိတ် စခန်း ၂၄ ကို ခေါ်သွားတယ်လို့ သိရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ဆိုသည်။

“အုပ်ချုပ်ရေးမှူးကိုလည်း အုပ်ကြီးမှာ ဖုန်းဘယ်နှစ်လုံးရှိလဲ မေးတယ်။ သူကလည်း တစ်လုံးတည်းပါလို့ ပြောပြီးတော့ အိမ်ကို ထပ်ပြီးတော့ ရှာဖွေခဲ့သေးတယ်လို့ သိရတယ်။ သူ့အိမ်ရှင်မဖုန်းကိုလည်း ယူသွားပြီး သူ့အမျိုးသားနဲ့ ပြန်ထည့်ပေးလိုက်မယ်လို့ ပြောခဲ့တယ်လို့ သိရတယ်”  

အဖမ်းခံရသူ ၃ ဦး၏ မိသားစုဝင်များကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။ 

ပြီးခဲ့သည့် ဇူလိုင် ၁၈ က မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) နှစ်နေရာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကူလာသည်ဟု ယူဆရသည့် နယ်ခြားစောင့်ရဲကားတစ်စီး ကြိမ်ချောင်းဗျူဟာဂိတ်မှ သုံးမိုင်ခန့်အကွာတွင် တိုက်ခိုက်ခံရကာ ၁၀ ဦးခန့် သေဆုံး၍ ရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦး ဖမ်းဆီးခံရသည်။ 

ကြိမ်ချောင်းစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထား၍ လမ်းသွားလမ်းလာမရှိသလောက်ဖြစ်နေသည်ဟု အမည်မဖော်လိုသည့် ကြိမ်ချောင်းဒေသခံတစ်ဦးက ပြောသည်။

“အခြေအနေ အေးဆေးငြိမ်နေတယ်။ ကြိမ်‌ချောင်းဂိတ်ကိုတော့ အသွားအလာပိတ်ထားတယ်။ ပိတ်တာက ဘယ်အချိန်ထိ ပိတ်မှာလဲဆိုတာကိုတော့ မပြောတတ်ဘူး” ဟု သူက ဆိုသည်။

မောင်တောမြို့၏ မြို့နယ်ခွဲတစ်ခုအဖြစ် သတ်မှတ်ထားသည့် ကြိမ်ချောင်းတွင် စစ်ကောင်စီတပ်က ဗျူဟာအဖြစ် အထိုင်ချထားသည်။

ထိုနေရာသည် ဘူးသီးတောင်မြို့နယ်က စစ်ဒေသကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ လက်အောက်ခံ ဗျူဟာတစ်ခုဖြစ်ပြီး ယခင်က AA နှင့် တိုက်ပွဲများပြင်းထန်စဉ်က ဒေါင်းမာန်ဟုန်စစ်ဆင်ရေးအမည်ဖြင့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

ရဲကား တိုက်ခိုက်ခံရပြီးနောက် သိမ်းဆည်းရမိသော စစ်ကောင်စီတပ်၏ လက်နက်များကို ဇူလိုင် ၁၉ က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-AA)

ကြိမ်ချောင်းရွာသည် အဆိုပါ ဗျူဟာနှင့် မိုင်ဝက်ခန့်သာ ကွာဝေးပြီး နယ်ခြားစောင့်ရဲကား တိုက်ခိုက်ခံရသည့် နေရာသည် ကြိမ်ချောင်းဗျူဟာသို့ သွားသည့် ကြိမ်ချောင်း-တောင်ပြိုလမ်းမပေါ်ဖြစ်ကာ ဗျူဟာမှ သုံးမိုင်ခန့်၊ တိုက်ပွဲဖြစ်သည့် နေရာများနှင့် သုံးမိုင်ခန့်ဝန်းကျင်သာ ကွာဝေးသည်။ 

AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးမှ တူရိန်းကျေးရွာတွင် စစ်ကောင်စီတပ်က ဒေသခံအမျိုးသား ၃ ဦးကို ခေါ်ဆောင်သွားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပေ။

မောင်တောမြောက်ပိုင်းတွင် စစ်တပ် လူအင်အားဖြည့်

ဇူလိုင် ၁၈ တိုက်ပွဲအပြီး စစ်ကောင်စီတပ်က လူသူလက်နက်အင်အား ထပ်မံဖြည့်တင်းနေပြီး တိုက်ပွဲထပ်ဖြစ်နိုင်ကြောင်း၊ စစ်တပ်က ညအချိန်တွင်လည်း ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့က ညက လက်နက်ငယ်ပစ်ခတ်သံကို တစ်ညလုံးကြားနေရတော့ အိပ်မပျော်ဘူး။ စစ်သားတွေအများကြီး တက်လာတယ်လို့ ကြားတယ်။ အခု ဒီကလူတွေအကုန်လုံးက ကြောက်နေကြရတယ်။ ဘာဆက်ဖြစ်မလဲတော့ မသိတော့ဘူး” ဟု အနီးနားရှိ မင်္ဂလာညွန့်စံပြကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁၉) တွင် မောင်တောဘက်မှ  ထရပ်ကားများ ပါဝင်သည့် စစ်ယာဉ်တန်း ထွက်သွားသည်ကို တွေ့လိုက်ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။  

“မနေ့က တွေ့လိုက်ရတာက တေဖာကားနဲ့ သုံးစီး။ သူတို့ စစ်ကားနဲ့ ၄ စီး၊ ၅ စီးလောက် ပါတယ်။ နောက်ထပ် ခြေလျင်လည်း တက်လာကြသေးတယ်။ မြောက်ပိုင်းကို သွားတာ၊ အင်အား အားလုံး ၃၀၀ ကျော်လောက်ပါမယ် ထင်တယ်။ မနေ့က နေဝင်ခါနီးတက်သွားတာနဲ့ဆိုရင် တစ်ရက်တည်းမှာ ကား ၉ စီးလောက်ရှိတယ်။ ကားမှာ စစ်သားအပြည့်ပါတယ်” ဟု ထိုသူက ဆိုသည်။

တိုက်ပွဲကြောင့် စိုးရိမ်ကြောက်လန့်နေခဲ့ကြရပြီး တိုက်ပွဲဆက်ဖြစ်လာပါက ဒေသခံများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းအတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း တူရိန်းကျေးရွာမှ ရွာလူကြီးတစ်ဦးက ပြောသည်။

“စစ်ရေးတင်းမာမှုအခြေအနေက ဒီနေ့တော့ မပြောတတ်သေးဘူး။ မနေ့ကတော့ လမ်းမှာ အသွားအလာတွေကို တားထားတာရှိတယ်။ ညနေပိုင်းတော့ ပြန်ဖွင့်ပေးလိုက်တယ်။ ဖြစ်လာရင်တော့ စားဝတ်နေရေး အခက်အခဲဖြစ်ကြမှာတော့ သေချာပြီးသားပါ” ဟု ထိုဒေသခံက ဆိုသည်။

“ဒီကလူတွေက တောက ဟင်းသီးဟင်းရွက်တွေ ခူးပြီးရောင်းပြီးတော့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေလည်း ရှိတယ်။ တောင်ယာလုပ်တဲ့သူတွေ၊ လယ်ထွန်တဲ့သူတွေ အခုတိုက်ပွဲဖြစ်တယ်ဆိုရင်တော့ အဲဒီအလုပ်တွေလည်း လုပ်လို့ရမှာမဟုတ်ဘူး။ နောက်နောင်လည်း အခက်အခဲရှိလာမယ်။ အခုလက်ရှိမှာလည်း အခက်အခဲရှိနေကြတယ်”

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအခြေအနေ စိုးရိမ်သည့်အတွက် ဇူလိုင် ၁၈ မှစ၍ မောင်တောမြောက်ပိုင်းသို့ ပြေးဆွဲနေသည့် လိုင်းကားများကိုလည်း ယာယီရပ်နားထားကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ကားတွေကို သွားလာခွင့်ပိတ်ထားတာတော့ မကြားမသိသေးဘူး။ ဒါပေမဲ့ ကားသမားတွေက ကြောက်လို့ မဆွဲဘဲ နားထားကြတယ်။ နှစ်ဖက်လက်နက်ကိုင်အချင်းချင်းဖြစ်နေတာမှာ ကြားထဲမှာ တစ်ခုခုဖြစ်မှာကြောက်လို့ ကားမဆွဲကြတာပါ” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားများ၊ ထိုးစစ်ဆင်မှု ထပ်မံလုပ်‌ဆောင်နေပါက တိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်ကြောင်း ယမန်နေ့တွင် AA က ဒေသခံများကို သတိပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button