ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူပြီးနောက် နိုင်ငံအနှံ့တွင် လက်နက်ကိုင် ခုခံတော်လှန်ရေးတိုက်ပွဲများ စတင်ခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။
ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စစ်တပ်ကို တော်လှန်နေသည့် ဒေသများကို စစ်ကောင်စီက အင်အားသုံးနှိမ်နင်းတိုက်ခိုက်စဉ် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းများ အဆက်မပြတ် ပြုလုပ်နေသည်။ ထိုသို့သော ဒေသများအနက် နိုင်ငံအနောက်မြောက်ပိုင်းရှိ စစ်ကိုင်းတိုင်းမှာ အဆိုးဆုံးကြုံတွေ့နေရသည်။
ချင်းပြည်နယ်၊ မကွေးတိုင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ရင်းအမြောက်အမြားရှိရာ စစ်ကိုင်းတိုင်း စသည့် ဒေသသုံးခု ဆုံတွေ့သည့် နေရာအနီးရှိ ပုလဲမြို့နယ်တွင် အခြေစိုက်သော PDF အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးကို လတ်တလောအခြေအနေများနှင့် ပတ်သက်၍ ယခုလဆန်းပိုင်းတွင် ဆက်သွယ်မေးမြန်းထားသည်။
ပုလဲမြို့နယ်အခြေစိုက် PDF အဖြစ် စတင်လှုပ်ရှားခဲ့ရာမှ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်။
မေး – လတ်တလော ဗိုလ်နဂါးတို့နယ်ဘက် တိုက်ပွဲအခြေအနေ၊ ဒေသခံရွာသူရွာသားတွေရဲ့ အခြေအနေ ပြောပြပေးပါ။
ဖြေ – ကျွန်တော်တို့ဘက်က ရန်သူက ပစ်မှတ်ထားတာများတယ်။ အခု ပုလဲဆိုရင် စစ်ကြောင်းတွေ တော်တော်များများက စပြီးထိုးနေပြီပေါ့။ စစ်ကြောင်းနှစ်ကြောင်းလောက်။ အင်အားလည်း အခါတိုင်းထက်စာရင် များပြီးသုံးထားတယ်ပေါ့၊ နှစ်ရာသုံးရာလောက်နဲ့။ အားလုံးဆိုရင် သုံးလေးရာလောက်နဲ့ နေရာခွဲပြီး စစ်ကြောင်းထိုးနေတယ်။ ရဟတ်ယာဉ်နဲ့ လာပြီးတော့လည်း မနေ့က ပစ်သွားတယ်။
အဲဒီတော့ ထုံးစံအတိုင်းပေါ့ဗျာ။ ကျွန်တော်တို့က စစ်တိုက်တာက လက်နက်ကိုင်ထားတဲ့သူချင်း ရင်ဆိုင်တိုက်ကြတာမျိုးဆိုပေမဲ့ တစ်ဖက်ရန်သူက စစ်ပွဲတွင်းမှာ မဆိုင်တဲ့ပြည်သူလူထုတွေရော အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေရှိနေတော့ ပြည်သူတွေကတော့ စစ်ကြောင်းထိုးလာတာနဲ့ တစ်ပြိုင်နက် ပြေးပြေးလွှားလွှား ရှောင်ကြရှားကြပါပဲ။ စစ်ဘေးရှောင်ဆိုပေမဲ့ မိုင်ရာနဲ့ချီဝေးတဲ့ နေရာလည်း သွားလို့မဖြစ်သေးဘူးဗျ။ ရွာကလည်း မီးရှို့ခံထားရတယ်။ ရွာနဲ့ မလှမ်းမကမ်း တောထဲမှာပဲ တဲတွေဘာတွေ ဆောက်ပေးထားပြီးတော့ ခိုလှုံဖို့ရာ ပြင်ဆင်ထားပေးတယ်။ မိုးဒဏ်လေဒဏ် ကာကွယ်ဖို့ဆိုပြီး။
ဒီကောင်တွေက အဲဒီဟာတွေပါ ရှို့တာဗျ။ ဒီစစ်ဘေးရှောင်နေတဲ့ တဲတွေပါရှို့တာဆိုတော့ တော်တော်တော့ ဒုက္ခရောက်တာပေါ့ဗျာ။ မိုးရာသီလည်းဖြစ်တော့ ကစဉ့်ကလျားဖြစ်တယ်။ ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့ နေရေးထိုင်ရေး စားဝတ်နေရေးကိစ္စတွေကတော့ တော်တော် စိတ်မကောင်းစရာပါပဲ။ ပြည်သူတွေတော့ တော်တော်ဒုက္ခရောက်တယ်ဗျ။
မေး – အင်အားတိုးချပြီး လာတိုက်နေတယ်ဆိုတော့ ဘာအကြောင်းရှိလို့လဲ။
ဖြေ – အခုရက်ပိုင်းမှ တိုက်တယ်ဆိုတာထက် ဒီပုလဲက ပြောရရင် စောစောက CDM လုပ်လာတဲ့ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) က ဗိုလ်တစ်ယောက်ပြောသလိုပေါ့။ ပုလဲက နမခနဲ့လည်း သိပ်ဝေးတဲ့နေရာလည်း မဟုတ်ဘူး။ ပြီးတော့ အနောက်ဘက်ဒေသကိုသွားတဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်။
ပြီးတော့ ဒါကို နှိမ်နင်းဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပုလဲကို သူတို့ မချေမှုန်းနိုင်ဘူး။ ကျွန်တော်တို့က စခန်းကလည်း ရွေ့လျားပုံစံမျိုးနဲ့ တည်ရှိနေတယ်၊ တကယ့် ပြောက်ကျားစစ်စစ်တွေအဖြစ်နဲ့ ရှိနေတာဆိုတော့ စခန်းရယ်လို့လည်း သူတို့မှာ ဖျက်ဆီးစရာမရှိဘူး။ အကြိမ်ကြိမ်စစ်ကြောင်းထိုးတယ်။
ကျွန်တော်တို့ ပြည်သူလူထုတွေက သေမထူးနေမထူး ဘဝလိုဖြစ်နေတော့ ဒါကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေတဲ့အခါကျတော့ သူတို့အနေနဲ့ ဒါကို မကျေမချမ်း ထပ်ထပ်ပြီး စစ်ကြောင်းထိုးနေတာပေါ့။ အခုမှရယ်လို့တော့ မဟုတ်ဘူး။ အခုဟာကတော့ ဘယ်နှစ်ကြိမ်မြောက်မှန်းကို မမှတ်မိတော့တဲ့ စစ်ကြောင်းလို့ ပြောရတော့မယ်။
မေး – အခုရက်ပိုင်းဝင်တာက သိသိသာသာ အင်အားပိုတိုးလာတယ်လို့ ပြောလို့ရလား။
ဖြေ – ဟုတ်တယ်။ သိသိသာသာ အင်အားကို သူတို့ဖြည့်ထားတယ်လို့ ပြောလို့ရတယ်။ နည်းနည်းမဟုတ်ဘူး။ တော်တော်များတယ်။
မေး – နှစ်ရာသုံးရာလောက် အင်အားရှိတယ်ဆိုတာကို ဗိုလ်နဂါးတို့က ဘယ်လိုသိရလဲ၊ မြင်ရလဲ။
ဖြေ – စစ်ကြောင်းထိုးလာတဲ့ဟာတွေကို လျှို့ဝှက်ပြီး ထောက်လှမ်းနေတာတို့၊ အထဲကနေ အင်အားဘယ်လောက်ရှိတယ်ဆိုတာကို သတင်းပေးတာ၊ မြေပြင်မှာတော့ ခန့်မှန်းလို့ရတာပေါ့။
မေး – ဗိုလ်နဂါးတို့ တော်ဝင်နဂါးတပ်မတော်က အခု ဘယ်နယ်တွေကို အဓိကထားလှုပ်ရှားနေလဲ။ စစ်ကောင်စီကလည်း အဆက်မပြတ်တိုက်နေတော့ နယ်မြေကျဉ်းသွားသလား၊ ပိုပြီးကျယ်ပြန့်လာသလား။
ဖြေ – လှုပ်ရှားတဲ့နယ်မြေကတော့ တဖြည်းဖြည်း ပိုကျယ်လာတာပဲရှိတယ်ဗျ။ နဂိုတုန်းက ကျွန်တော်တို့ PPDF (ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ဆိုပြီးတော့ ပုလဲနယ်တစ်ခုတည်းတင် လှုပ်ရှားတယ်။ နောက်တော့ ပြန့်ကျဲနေတဲ့အဖွဲ့တွေကို တဖြည်းဖြည်းချင်းနဲ့ စုစည်းပြီးတော့ ပြည်သူတွေရဲ့ ပံ့ပိုးမှုနဲ့ ကြိုးစားပြီးတော့ လက်နက်တွေတပ်ဆင်ပေးတယ်။
မြို့နယ်တွေ ဖြန့်လှုပ်ရှားတယ်။ ကျွန်တော်တို့ မင်းကင်းအထက်၊ ကနီ၊ ဘုတလင်၊ ယင်းမာပင်၊ ဆားလင်း (ဆားလင်းကြီး)၊ မြိုင်၊ နောက် ကျွန်တော်တို့ပုလဲပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့ ယောနယ်အရှေ့ဖျား။ အဲဒါမျိုးတွေ အထိရှိတယ်။ အခုဆိုရင် ကျွန်တော်တို့ မြောင်တို့ ရေစကြိုတို့ဘက်တွေထိ ဆက်ပြီးတော့ အဖွဲ့အစည်းတွေနဲ့ နောက်ထပ်တိုးချဲ့ထားတဲ့ အင်အားနဲ့ ဖြန့်ကြက်လှုပ်ရှားဖို့၊ ကူညီဖို့အထိ ပြင်ဆင်ထားတယ်။
ကျွန်တော်တို့ နေရာတစ်ခုကို အပြတ်မတိုက်နိုင်သေးဘူးဆိုရင်တောင်မှ ဒီစစ်ကိုင်းတိုင်းတွင်းမှာတော့ စစ်ကောင်စီရဲ့ အင်အားတွေကို လုံးဝအနားပေးမှာ မဟုတ်ဘူး။ ရတဲ့ပုံစံနဲ့ အမြဲတမ်း ကြိုးစားတိုက်ခိုက်သွားမှာပဲ။ နာကြင်မှုတွေ၊ ပျက်စီးမှုတွေ၊ ထိခိုက်မှုတွေ ရှိတယ်ဆိုပေမဲ့လည်း ဒါက မထူးတော့ဘူး။
ကျွန်တော်တို့ တိုင်းပြည်ကို လူယုတ်မာတွေ အုပ်ချုပ်နေတဲ့ မင်းဆိုးမင်းညစ်တွေအောက်က လွတ်မြောက်ဖို့ ကျွန်တော်တို့ ကြိုးစားမယ်။ အဲဒီအတွက် နယ်မြေတွေကို ဖြန့်နိုင်သလောက် ဖြန့်လှုပ်ရှားပြီးတော့ ဒီကောင်တွေရဲ့ တပ်တွေကို လုံးဝ အနားပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကြိုးစားပြီးတော့ တဖြည်းဖြည်း တိုးချဲ့တိုက်ခိုက်သွားမှာပဲ။
မေး – တစ်နှစ်ကျော်လောက်ရှိလာပြီဆိုတော့ တော်ဝင်နဂါးတပ်မတော်မှာ တပ်ဖွဲ့ဝင်အင်အားက ဘယ်လိုရှိလဲ၊ တိုးသွားလား၊ လျော့သွားလား။
ဖြေ – ကျွန်တော်တို့ အစတုန်းကတော့ PPDF အနေနဲ့ လှုပ်ရှားခဲ့တာပေါ့။ ဗမာ့တော်ဝင်နဂါးတပ်တော်အနေနဲ့တော့ ဒီ ၂၀၂၂ တစ်လပိုင်း ၁ ရက်နေ့ကမှ စပြီးတော့ ကျွန်တော်တို့ ပြင်ဆင်ဖွဲ့စည်းလိုက်တယ်။ ပြင်ဆင်တယ်၊ တိုးချဲ့တယ်ပေါ့။ အဲဒါကတော့ တစ်နှစ်မရှိသေးဘူးဗျ။
အရင်ကတော့ မြို့နယ်တွေအားဖြင့် အနီးတစ်ဝိုက်မြို့နယ်တွေက အားကောင်းမောင်းသန်လုပ်ထားတာပေါ့။ ယင်းမာပင်ပါတယ်၊ ပုလဲပါတယ်၊ ဆားလင်းပါတယ်၊ နောက် မြိုင်ပါတယ်၊ နောက်ပိုင်း ရန်ကုန်တို့ မန္တလေးတို့ ဗမာပြည်နေရာအနှံ့ကနေပြီးတော့ လူငယ်အင်အားတွေရောက်လာတယ်။ အခုဆိုရင် တော်တော်များများပေါ့။ ကနီတို့ ခင်ဦးတို့ကအထိ ကျွန်တော်တို့ ဒီဘက်ကို ပူးပေါင်းဖို့ စနစ်တကျ ပြင်ဆင်ဖွဲ့စည်းမှုတွေ လုပ်နေတာရှိတယ်။
နေရာတော်တော်များကလို့ ပြောလို့ရတယ်။ အခုဟာက တိုးလာပဲရှိတယ်။ တော်တော်ကို တိုးလာတယ်ဗျ။ တကယ်တိုက်မဲ့ လူအင်အားတွေ တိုးလာတာပေါ့ဗျာ။ တချို့ဆို တပ်ရင်းလိုက်ဝင်လာတယ်။ တချို့ဆို တပ်ခွဲလိုက်ဝင်လာတယ်။ အဲလိုဆိုတော့ လူဦးရေက များလာတာပေါ့ဗျာ။ ဒေသခံ PDF အင်အားစုတွေက ငါးထောင်နဲ့ တစ်သောင်းကြားကို ရောက်လာပြီလို့ ပြောလို့ရတယ်။
တိုးချဲ့ဖွဲ့စည်းနေတယ်ဆိုတာ ကျွန်တော်တို့ MRDA အားကောင်းဖို့မဟုတ်ဘူး၊ တော်လှန်ရေး အားကောင်းဖို့ဖြစ်တယ်။ စုစည်းညီညွတ်မှု အားကောင်းဖို့ဖြစ်တယ်။ ကျွန်တော်တို့ အင်အားတိုးချဲ့တယ်ဆိုတာက ကျွန်တော်တို့တော်လှန်ရေးကို ပိုပြီးလုပ်ချင်လို့။
မေး – စစ်ကောင်စီကလည်း မနားတမ်းလိုက်တိုက်နေပြီး နေရာတိုင်းလိုလို မြို့တွေရွာတွေမှာ ဖမ်းဆီးခံရတာတွေရှိနေတော့ တစ်နှစ်ကျော်လာတဲ့အချိန်မှာ တပ်ဖွဲ့ဝင်လူငယ်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ – ဟုတ်ကဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဆိုတဲ့ နေရာမှာ ပုံသဏ္ဌာန်ခွဲတွေ အများကြီးရှိတာပေါ့ဗျာ။ တချို့ကျတော့ နိုင်ငံရေးကို နက်နက်နဲနဲဆိုတဲ့အပိုင်းထိ ပြောလို့ရအောင် နားလည်တဲ့လူငယ်တွေပါတယ်။ တချို့ကျတော့ အဲလောက်ကြီးတော့ နားမလည်ဘူး၊ တရားမှန်း မတရားမှန်း ဒါက အဓမ္ဓဗိုလ်ကျ အနိုင်ကျင့်တယ်ဆိုတဲ့ အသိလောက်နဲ့ နာကြည်းမှုဖြစ်ပြီးတော့ ဝင်လာကြတာရှိတယ်ဗျ။
အဲဒါကလည်း အားလုံးသိတဲ့အတိုင်းပဲဗျ၊ ကျွန်တော်တို့ နိုင်ငံက ခေတ်အဆက်ဆက်မှာ ကျွန်တော်တို့ရဲ့ အသိတရားတွေကို ဖျက်ဆီးခံထားရတာ။ ကျွန်တော်တွေဟာ ပညာတွေကို ဖျက်ဆီးခံထားရတယ်။ ပညာဆိုတဲ့နေရာမှာ အများကြီးပေါ့ဗျာ။ နိုင်ငံရေးအသိပညာ အတတ်ပညာကိုပါ နိုင်ငံရေးသဘောတရားတွေကိုပါ လုံးဝပိတ်ပင် ကန့်သတ်ခြင်းခံခဲ့ရတာကိုး။
အဲဒီဆိုးကျိုးတွေကြောင့် ဒီမှာတော့ လူတွေရဲ့ အသိအမြင်ပိုင်းတွေကတော့ တော်လှန်ရေးအစကာလမှာ တော်တော်လေး လိုအပ်ကြတာပေါ့ဗျာ။ အခု တစ်နှစ်ကျော်လာတဲ့အချိန်မှာတော့ နိုင်ငံရေးအသိအမြင်တွေကို ကျွန်တော်သိသလောက် ကျွန်တော်နဲ့အတူ ဒီထဲမှာ ထိုက်သင့်အားလျော်စွာ သိသလောက် ပုဂ္ဂိုလ်တွေနဲ့ စစ်ရေးအမြင်တွေကို ဖလှယ်တယ်။ နောက်ပြီးတော့ သူတို့သိတာထက် သူတို့ထင်တာထက် ပိုပြီးယုတ်မာတဲ့ အကြောင်းချင်းရာတွေကို မျက်ဝါးထင်ထင် တွေ့မြင်ရတဲ့အခါမှာ ဒါကို စနစ်တကျချဲ့ထွင်ပြီးတော့ သူတို့ရဲ့ နိုင်ငံရေးအသိအမြင်တွေကို ပေးပေးလာတဲ့အခါမှာတော့ ပိုပြီးသိမြင်လာခဲ့တယ်။ တော်လှန်ရေးမှာ ပိုပြီးစိတ်ဓာတ် ခိုင်မာလာခဲ့ကြတယ်။
မေး – အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့တဲ့အချိန်မှာ မင်းအောင်လှိုင်က တော်လှန်နေတဲ့လူတွေနဲ့ ဆွေးနွေးလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း၊ လက်ရှိအစိုးရကို မဖျက်ရဘူး၊ အစားမထိုးရဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံရမယ်လို့ ပြောတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသဘောထားရှိလဲ။
ဖြေ – ၂၀၀၈ ဆိုတာ သိတဲ့အတိုင်းပဲဗျာ၊ စစ်တပ်က ထာဝရအာဏာတည်မြဲရေးကို ဖန်တီးထားတဲ့ အခြေခံဥပဒေဗျာ။ သူတို့အစိုးရဆိုတာလည်း ကျွန်တော်တို့ ပြည်သူက ရွေးချယ်ထားတဲ့အစိုးရကို အတင်းအဓမ္မဖြုတ်ချပြီးတော့ နေရာယူထားတဲ့ အစိုးရဗျာ။
ရှင်းအောင်ပြောရရင်တော့ ဒါက ညှိနှိုင်းတာမှ မဟုတ်ဘဲနဲ့ သူတို့လိုချင်တာကို ပြည်သူက လက်ခံပေးရမယ်ဆိုတဲ့စကားကို ညှိနှိုင်းတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ သုံးပြီးတော့ စကားပြောတာ။ ကျွန်တော်တို့က အဲဒါ ဘာတစ်ခုမှ လက်ခံမှာ မဟုတ်ဘူးဗျ။ ပြောခဲ့သလိုပဲ ကျွန်တော်တို့ကတော့ ဒါတွေကို လုံးဝလုံးဝ ဆန့်ကျင်တယ်။ ပြည်သူတွေအနေနဲ့လည်း ဒီလိုပဲ ရှိလိမ့်မယ်ထင်ပါတယ်။
မေး – နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာကို လုံးဝ လက်မခံဘူးပေါ့။
ဖြေ – နိုင်ငံရေးအရဆိုပေမဲ့ နိုင်ငံရေးအကြောင်းပြ၊ နိုင်ငံရေးအတွက်မှ မဟုတ်တာ။ စစ်ခေါင်းဆောင်တွေ တိုင်းပြည်မှာ အမြဲတမ်းဗိုလ်ကျချင်တာ။ စစ်တပ်က အမြဲတမ်း ဒီတိုင်းပြည်မှာ ဒီမိုကရေစီနဲ့ ပြည်သူ့အရေးကို လုံးဝမကြည့်ဘူး။ သူတို့စစ်တပ်၊ သူတို့စစ်တပ် ထာဝရအဓွန့်ရှည်ရေးပဲ ကြည့်နေတယ်။
အဲဒါကြောင့် အဲဒီ ၂၀၀၈ ကိုလည်း ဖျက်ချင်မှာ မဟုတ်ဘူး။ အာဏာကိုလည်း စွန့်ချင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ စစ်တပ်က ဒီတိုင်းပြည်မှာ အရေးပါနေတယ်ဆိုတာကို သက်သေပြဖို့ စစ်ပွဲတွေကို ငြိမ်းစေချင်မှာ မဟုတ်ဘူး။
တိုင်းရင်းသားတွေကို ခဏစိတ်ပြေအောင်လေး၊ လမ်းကြောင်းအမှားပေါ်မှာ ဆွဲပြီးတော့ စည်းစိမ်တွေ အာဏာတွေပေါ်မှာ ညွှတ်ပြီးခေါ်သွားလိုက်၊ လိုအပ်လာလို့ ငြိမ်သက်သွားမယ်ထင်တဲ့အချိန်ကျတော့ တမင်တကာအကြောင်းရှာပြီး စစ်ပွဲတွေဖန်တီးလိုက်၊ ဒီနိုင်ငံမှာ လက်နက်ကိုင်တွေရှိနေတယ်၊ မငြိမ်းချမ်းဘူး၊ စစ်တပ်ရှိနေမှဖြစ်မယ်ဆိုတဲ့ ပုံစံကို ဖော်ထားဖို့ စစ်တပ်က နည်းမျိုးစုံနဲ့ ကြိုးစားနေတာပဲ။
စစ်တပ်ရဲ့ ညှိနှိုင်းမှုဆိုတာ ကျွန်တော် လုံးဝမယုံဘူး။
မေး – စစ်တပ်က နှစ်ပေါင်း ၇၀ လောက် စစ်တိုက်လာတယ်ဆိုတော့ အတွေ့အကြုံကြွယ်ဝတယ်ပေါ့လေ။ လက်တွေ့မြေပြင် ရင်ဆိုင်ကြုံတွေ့ရတဲ့ စစ်တပ်အကြောင်း နည်းနည်းပြောပြပါလား။
ဖြေ – ကျွန်တော်တို့က ထိုက်သင့်အားလျော်စွာ အောင်မြင်နေပြီ။ စစ်တပ်က အနှစ် ၇၀ လောက် စစ် တိုက်လာတယ်ဆိုပေမဲ့ တကယ်တမ်းက အဲဒါ တိုက်ပွဲအစစ်တွေ မဟုတ်ဘူးဗျ။ ဟန်ပြတိုက်ပွဲတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာလည်း တချို့ကတော့ လူမျိုးစုတစ်ခု၊ ဒေသတစ်ခု လွတ်မြောက်ရေးအတွက် တော်လှန်ရေးဆိုပြီးတော့ လက်နက်ကိုင်ကြပေမဲ့လို့ နောက်ပိုင်းမှာ စစ်တပ်ရဲ့ လှည့်ဖြားမှုတွေ၊ လမ်းလွှဲဖော်ဆောင်မှုတွေကြောင့် တချို့က စည်းစိမ်နဲ့ ဒေသတွင်းဩဇာအာဏာလေးလောက်အပေါ်မှာ ရောင့်ရဲပြီးတော့ လမ်းကြောင်းမှားသွားတဲ့သူတွေရှိတယ်။ အဲလိုလူတွေနဲ့ တီးလုံးတိုက်ပြီး တိုက်နေတဲ့တိုက်ပွဲတွေက ပိုများနေတာ။ တိုက်ပွဲအစစ်အမှန် မရှိဘူး။
နောက်ပြီးတော့ စစ်တပ်က သူ့ရဲ့အရည်အချင်း၊ အဓိကတာဝန်ကို မစဉ်းစားတော့ အဓိကအရည်အချင်းကိုလည်း မတည်ဆောက်တော့ဘူး။ စစ်ရေးမှာ သူညံ့ဖျင်းတယ်။ လက်တွေ့ ကျွန်တော်တို့မြေပြင်မှာ တိုက်ကြည့်ခဲ့ပြီလေဗျာ။ တိုက်ကြည့်ခဲ့တဲ့အချိန်ကျတော့ သူ့ဟာသူ အနှစ် ၆၀ မကလို့ အနှစ် ၁၀၀ ပဲပြောပြော အခုလက်ရှိ မြေပြင်မှာ တူမီးကိုင်တိုက်နေတဲ့သူတွေတောင်မှ အခု လေယာဉ်နဲ့ တိုက်နေရတာ။ စစ်ရေးအရကြည့်မယ်ဆိုရင် ရှင်းရှင်းလေးရယ် သူရှုံးနေပြီ။ အရည်အချင်းလည်း ရှုံးတယ်၊ ဂုဏ်သိက္ခာလည်း ရှုံးတယ်။
ဒီမှာ တူမီးကိုင်ပြီး ရင်ဆိုင်နေတဲ့၊ လယ်ထဲကနေ မကျေနပ်လို့ ထပြီးကိုင်တဲ့ လက်နက်၊ အဲဒီလက်နက်က သူတို့လောက်လည်း မကောင်းဘူး၊ တူမီးနဲ့ မိုင်းလေးနဲ့။ ဒီလိုပုဂ္ဂိုလ်တွေကိုတောင်မှ သူတို့လေယာဉ်နဲ့ တိုက်ရတယ်။ အဲဒီကြားထဲက အတုံးအရုံး သေဆုံးနေကြတယ်။ စိတ်ဓာတ်အရလည်း သူတို့ရှုံးနေပြီဗျ။ ပြည်သူက ညီညွတ်မှုအားနည်းလို့သာ။ သူတို့တပ်တွင်းက ရဲဘော်တွေလည်း သိတယ်။
မေး – စစ်ကောင်စီက ပိုပြီးအင်အားသုံးလာတယ်။ လေယာဉ်တွေနဲ့တိုက်တယ်ဆိုတာလည်း မဆန်းသလောက်ဖြစ်လာပြီဆိုတော့ ဆက်ပြီး ဘယ်လိုရင်ဆိုင်သွားဖို့ ကြံစည်ထားလဲ။
ဖြေ – သူတို့ လေယာဉ်စပြီးသုံးလာကတည်းက ဒါကတော့ ကျွန်တော်တို့အားနည်းချက် မဟုတ်ရင်တော့ သူတို့ရဲ့ အားသာချက်တစ်ခု ကောင်းကောင်းဖြစ်တယ်ဆိုတာ ကျွန်တော်မြင်တယ်။ မြေပြင်မှာ တင့်ကားတွေနဲ့လာတာကိုလည်း ကျွန်တော်တို့ ရင်ဆိုင်ဖူးတာပေါ့ဗျာ၊ ထိုက်သင့်အားလျော်စွာ။
မလွှဲသာလို့ ပြည်သူတွေရဲ့အဆောက်အအုံတွေမှန်တယ်၊ မီးလောင်တယ်ဆိုရင်တောင်မှ ကျွန်တော်တို့ အဲဒါကို ရအောင်ရှောင်ရှားပြီး တိုက်ခိုက်နိုင်တယ်။ မကြောက်ဘူး။ အဓိက လေယာဉ်တော့ ကြောက်တယ်။ ကျွန်တော်တို့က လေကြောင်းကို တုံ့ပြန်နိုင်ဖို့ စဉ်းကိုစဉ်းစားရတော့မယ်။
ကျွန်တော်တို့ စစ်ကိုင်းတိုင်းကို လွတ်မြောက်ချင်တယ်ဆိုရင် စစ်ကိုင်းတိုင်းရဲ့ သုံးလေးနေရာလောက်မှာ လေကြောင်းရန် ကာကွယ်နိုင်ဖို့ စက်လတ်တွေ၊ FN-6 (လေယာဉ်ပစ်လက်နက်) လို ပစ္စည်းတွေ ရှိဖို့လိုတယ်။ ဖြစ်အောင်ဖန်တီးဖို့ လိုတယ်ဆိုပြီး NUG (အမျိုးသားညီညွတ်ရေးအစိုးရ) က ခေါင်းဆောင်တွေ၊ MODF (NUG ကာကွယ်ရေးဝန်ကြီးဌာန) က ခေါင်းဆောင်တွေကိုလည်း တင်ပြခဲ့တယ်။ ပြင်ပက နိုင်ငံရေးစိတ်ဝင်စားတဲ့လူတွေ၊ စစ်ရေးစိတ်ဝင်စားတဲ့လူတွေ၊ ထောက်ပို့တွေကို တော်တော်လေး ပြောဖြစ်ခဲ့တယ်။
မေး – ဆိုတော့ လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဘာတိုးတက်မှုရှိလဲ။
ဖြေ – ဘာတိုးတက်မှုရှိလဲဆိုတော့ သက်ဆိုင်ရာလူကြီးတွေအနေနဲ့တော့ သူတို့ကြိုးစားအားထုတ်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မြေပြင်မှာတော့ ကျွန်တော်တို့ လေကြောင်းကို ကျွန်တော်တို့ တန်ပြန်ခြိမ်းခြောက်နိုင်တဲ့အနေအထား အခုထိတော့ မရှိဘူး။ အဲဒါရပြီဆိုရင် ကျွန်တော်တို့စစ်ပွဲက ပြီးသလောက်ဖြစ်သွားပြီလို့တောင် ပြောလို့ရတယ်။
ဒီလေကြောင်းကို ကျွန်တော်တို့ နိုင်ပြီဆိုတာနဲ့ သူတို့ အားကိုးစရာ မရှိတော့ဘူး။ ငါတို့မှ အုပ်ချုပ်လို့မရရင် တစ်တိုင်းတစ်ပြည်လုံး မီးရှို့မယ်ကွာဆိုပြီး တွေ့ရာကျရာ အခုလိုမျိုးပဲ ဖျက်ဆီးတာတွေတော့ လုပ်ကောင်းလုပ်လာလိမ့်မယ်။ အခုကတော့ ကျေးလက်တွေပေါ့၊ နောက်မကြာခင် မြို့ပြတွေပေါ် ရောက်လာမယ်ထင်တယ်။
ပြည်သူတွေ မပါးနပ်လို့ ဒီအချိန်မှာ ဝင်ပြီးအားမစိုက်ရင် မြို့တွေပေါ်မှာ မီးလောင်ပျက်စီးတာတွေ သတ်ကြဖြတ်ကြတဲ့ပြဿနာတွေ ဖြစ်လာလိမ့်မယ်ထင်တယ်။ စစ်ကောင်စီက သူတို့ထွက်ပေါက်မရှိတော့တဲ့အချိန် သူတို့နောက်ဆုံးလက်နက်က တွေ့ရာမီးရှို့တဲ့လက်နက်ပဲသုံးမှာ။ လေကြောင်းကတော့ ကျွန်တော်တို့ ပါးပါးနပ်နပ်နဲ့ တုံ့ပြန်နိုင်ဖို့ ကြိုးစားရင် မကြာခင်တော့ ရလာမှာပါ။
မေး – PDF တွေ လက်နက်ချတယ်၊ မိဘတွေထံ ပြန်ပို့တယ်ဆိုတဲ့ စစ်ကောင်စီထုတ်ပြန်ချက်တွေအပေါ် ဘာပြောချင်လဲ။
ဖြေ – စိတ်ဓာတ်ရေးရာအရလည်း ဒီကောင်တွေကို လှည့်ဖြားပြီးတော့ ထိန်းဖို့လုပ်တယ်ပေါ့ဗျာ။ နောက်တစ်ခုက ဘယ်လိုပဲလုပ်လုပ် သူတို့အရှုံးတွေကို သူတို့အတွင်းပိုင်းမှာလည်း သိနေတဲ့အခါကျတော့ အဲဒီလူတွေကို ကုစားဖို့ လှည့်ကွက်ပေါ့။ မပူနဲ့ဒီမှာ PDF တွေက ငါတို့ဆီမှာ အလင်းဝင်လာကြပြီ၊ တဖြည်းဖြည်း နည်းသွားပြီ။ စိတ်ဓာတ်ရေးရာအရ သူတို့လူတွေကို ပြန်ပြီးတော့ မြှင့်တင်ပေးချင်လို့ လိမ်ညာတဲ့ ပုံသဏ္ဌာန်တွေပဲ ပါတယ်ပေါ့။ နောက်ပြီးတော့ ဒီဘက်က မသိနားမလည်တဲ့သူတွေလည်း စိတ်ဓာတ်ကျသွားအောင် ဒါသူတို့တွေရဲ့ လုပ်နေကျ လူယုတ်မာ ဆိုက်ဝါးတွေ (စိတ်ဓာတ်စစ်ဆင်ရေးတွေ) ပါပဲ။
တကယ်ကျ ပြည်သူတွေက ဖိနှိပ်နေတာကို ဆန့်ကျင်ချင်လို့ တော်လှန်ချင်တဲ့ကိစ္စတွေကို နိုင်ငံခြားကပဲ မြှောက်ပေးလို့ လုပ်တာလိုလိုပေါ့နော်၊ ဒေါ်လာစားတွေကပဲ မြှောက်ပေးလို့ လုပ်တာလိုလို၊ စစ်တပ်မရှိရင် မဖြစ်ဘူး၊ အခု စစ်တပ်ကို ဖယ်ဖို့လုပ်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့။
အမှန်က ပြည်သူတွေက တိုင်းပြည်လည်း လွတ်မြောက်ဖို့၊ စစ်တပ်လည်း တစ်ကိုယ်ကောင်းသမား စစ်ခေါင်းဆောင်တွေရဲ့အောက်က အားလုံးလွတ်မြောက်ဖို့ ဒီစစ်တပ်လွတ်မြောက်ဖို့အတွက်ပါ ပြည်သူတွေလုပ်နေတယ်ဆိုတာကို သူတို့မသိဘူး။
မေး – တစ်နှစ်ကျော်အတွင်း ဗိုလ်နဂါးတို့တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့ အနေအထားကိုရော အကြမ်းဖျင်းပြောပြလို့ ရမလား။
ဖြေ – မနှစ်ကတော့ လုံးဝကို ကျွန်တော်တို့ တိုက်ပွဲမှာ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ပြောလို့ရတယ်။ လုံးဝကို မရှိတာ။ မနှစ်က တစ်နှစ်လုံး ကျွန်တော်ကိုယ်တိုင် မြေပြင်မှာ ဦးဆောင်တယ်။ ပြောက်ကျားစစ်ကို စနစ်တကျ ကျွန်တော်ကိုယ်တိုင် ကွပ်ကဲပြီးတော့ ဦးဆောင်တိုက်တယ်။ ကျွန်တော်တို့မှာ ကိုယ့်မိုင်းနဲ့ကိုယ် ထိခိုက်တာရှိခဲ့တယ်။ ဆယ်ဂဏန်းမပြည့်ဘူး။ တိုက်ပွဲကျတာ လုံးဝ တစ်ယောက်မှ မရှိဘူး။
ဒီနှစ်မှာတော့ ကျွန်တော်တို့က ပြောက်ကျားစစ်တင် မကဘဲနဲ့ သူတို့ရဲ့စစ်ကြောင်းတွေကို ထိပ်တိုက် ထိတွေ့တိုက်ခိုက်တာတွေ ရှိလာတယ်။ သူတို့ရဲ့စခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာတွေ ရှိလာတယ်။ ပိုပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာတဲ့အချိန်မှာတော့ ကျွန်တော်တို့ဘက်မှာလည်း ထိခိုက်တာတွေ ဒီနှစ်က တစ်လပိုင်းကနေစပြီး ရှိလာတယ်။ ကျွန်တော်တို့ဘက်က ဆယ်ဂဏန်းလောက်တော့ ကျဆုံးတယ်။
ဒါတွေက ရင်းကိုရင်းနှီးမယ်ဆိုတာ အစကတည်းက သိထားတယ်။ ရဲဘော်တွေ တစ်ယောက်ချင်းကိုလည်း သိအောင်ပြောထားတယ်။ မသေရဲရင် စစ်တိုက်မရဘူး။ စစ်တိုက်လို့မရဘူးဆိုတာနဲ့ ငါတို့ အောင်ပွဲကို စိတ်ကူးလို့ မရတော့ဘူး။ အဲဒီတော့ ငါတို့အောင်ပွဲကို လိုချင်ရင် စစ်တိုက်ရမယ်။ စစ်တိုက်ဖို့အတွက် အစကတည်းက သေသေရှင်ရှင်၊ ငါတို့ခန္ဓာတွေ ပျက်စီးချင်ပျက်စီး၊ ကြိုတင်ပြီး ရင်းထားခဲ့လိုက်၊ သေရဲတဲ့စိတ်တွေရှိရမယ်ဆိုပြီးတော့ သွန်သင်ထားတယ်။
ကျွန်တော့်ရဲဘော်တွေကို လိုင်းပေါ်မှာတင်ပြီးတော့ ပြည်သူတွေ စိတ်ခံစားချက် ထိခိုက်မှာစိုးလို့ ဘာဖြစ်တယ်ညာဖြစ်တယ် ပြောတာတွေတော့ မလုပ်ဖြစ်ခဲ့ဘူး။ ထိုက်သင့်အားလျော်စွာ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးတယ်၊ မှတ်တမ်းထားတယ်၊ တော်လှန်ရေးပြီးတဲ့အချိန်မှာ ဒါကိုလက်ဆင့်ကမ်း ဦးဆောင်မဲ့သူတွေက သူတို့ကို ထိုက်သင့်အားလျော်စွာ အသိအမှတ်ပြုမှုတွေ ကျွန်တော်တို့လုပ်သွားမယ်ပေါ့။ ဒါပေမဲ့ ကျဆုံးတာတွေကတော့ ရှိတယ်။ ဒါပေမဲ့ ရန်သူကျဆုံးမှုနဲ့စာရင်တော့ လုံးဝ မပြောပလောက်အောင်ကို နည်းပါတယ်။
မေး – စစ်ကောင်စီဘက်က ဆိုက်ဝါးတွေ၊ အလိမ်အညာတွေအပြင် တကယ်လည်း စစ်ကြောင်းတွေ လွှတ်ပြီး တိုက်တာတွေရှိတယ်။ ရွာတွေမှာ အခု လူတွေက ဘယ်လိုထင်မြင်နေကြလဲ၊ တော်လှန်ရေးကလည်း တစ်နှစ်ကျော်လောက်ရှိလာပြီဆိုတော့။
ဖြေ – ပင်ပန်းလို့ ညည်းညူတာကြတော့ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ ပြောခဲ့သလို မြေပြင်မှာ ရင်ဆိုင်လာရမှ ဒီစစ်တပ်ရဲ့ ယုတ်မာမှုတွေကို သူတို့ပိုပြီးသိလာတယ်။ ပိုပြီးနာကြည်းလာကြတယ်ဗျ။ အဲဒီအပေါ်မှာ ခံပြင်းဒေါသစိတ်တွေနဲ့ ဒီလောက်ထိ ယုတ်မာတဲ့သူတွေကို တချို့ဆိုရင်ဗျာ အစိမ်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်) တွေကစလို့ ပိုပြီးနာကြည်းလာကြပြီ။
မြေပြင်မှာ ဒီကောင်တွေရဲ့အကြောင်းကို တကယ်သိခံစားနေရတဲ့ ပြည်သူတော်တော်များများကတော့ ပိုပြီးတော့ စိတ်ဓာတ်တွေက ခိုင်ကြည်လာတယ်၊ ဒီကောင် မရှိမှဖြစ်မယ်ဆိုတဲ့ အသိအမြင်တွေ ခိုင်မာလာတယ်၊ အားကောင်းလာတယ်။
မေး – ဗိုလ်နဂါးကိုယ်တိုင် အဖမ်းခံရမှာ မကြောက်ဘူးလား။
ဖြေ – အဖမ်းခံရမှာ ကျွန်တော်စိုးရိမ်တယ်။ ဒါပေမဲ့ မကြောက်ဘူး။ စိုးရိမ်တယ်ဆိုတာက နိုင်ငံရေးအသိအမြင် အားနည်းနေသေးတဲ့ ကျွန်တော်တို့ ပြည်သူလူထုတွေအတွက် ကျွန်တော်သိသလောက်လေးတွေ မျှဝေပေးပြီး ကျွန်တော်ဦးဆောင်ပေးပြီးတော့ လုပ်ချင်သေးတယ်။ ကျွန်တော့်ထက် ပိုသိတဲ့လူတွေလည်းရှိတယ်။
ဒါပေမဲ့ တိုင်းပြည်မှာ အနှစ်နှစ်အလလက အသိဉာဏ်ပညာတွေ ဖျက်ဆီးခံထားရတော့ မသိတဲ့ပြည်သူတွေများတယ်ဗျ။ သိပြန်တော့လည်း အဲဒီသိတဲ့အပေါ်မှာ ဘယ်လောက်ထိ တာဝန်ယူရမယ်ဆိုတဲ့ စိတ်တွေ တာဝန်ယူလိုစိတ်တွေ ကျွန်တော်တို့တိုင်းပြည်မှာ အားနည်းနေကြတယ်။ အဲဒါတွေကို ကျွန်တော် နိုင်သလောက်လေး ဦးဆောင်ဖို့ ကျွန်တော် သူတို့လက်က လွတ်နေချင်တယ်။
စစ်ခေါင်းဆောင်တွေအောက်က ရုန်းထွက်ပြီး တိုင်းပြည်လွတ်လပ်ငြိမ်းချမ်းရေး ရတဲ့အထိ ကျွန်တော် ရှိချင်သေးတယ်။ မိသွားလို့ရှိရင် ကျွန်တော်မလုပ်နိုင်တော့ဘူးလေ။ ကျန်တဲ့လူတွေ ဆက်လုပ်ပေးကြမယ်ဆိုရင်တောင်မှ ကျွန်တော်ထမ်းပေးရမယ့်အပိုင်းက ဟာသွားပြီပေါ့ဗျာ။ ကျွန်တော်မိမှာတော့ စိုးရိမ်တယ်။ ဒါပေမဲ့ မကြောက်ပါဘူး။ ကျွန်တော့်တစ်ကိုယ်ရေတစ်ကာယ နာကြင်မှုတွေ နှိပ်စက်ခံရမှာတွေ ကျွန်တော် မကြောက်တော့ဘူး။
မေး – စစ်တပ်ဘက်က ဗိုလ်နဂါးကို အပေးအယူ လုပ်လာမယ်ဆိုရင်ရော။
ဖြေ – လုံးဝပဲ။ ကျွန်တော့်ဘက်ကတော့ ပြည်သူကို သစ္စာဖောက်ပြီးတော့ ဘယ်လောက်အခွင့်အရေးပေးလို့မှ ကျွန်တော်စဉ်းစားမှာ မဟုတ်ဘူး။
မေး – တခြား ဘာများဖြည့်စွက်ပြောစရာ ရှိသေးလဲ။
ဖြေ – ဒီပွဲမှာပါပြီးတိုက်နေတဲ့သူရော၊ မပါဘဲ အချောင်ခိုနေတဲ့သူရော အားလုံးကတော့ ပြည်သူက နိုင်တာကို လိုချင်တဲ့သူကတော့ အများကြီးပဲဗျ။ ကျွန်တော်တို့ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေရဲ့ အောင်မြင်မှုကို လိုချင်နေတဲ့သူတွေက အများကြီး။ အချောင်ခိုတဲ့သူတွေကလည်း ဒီပွဲမှာ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေ နိုင်စေချင်တယ်။ ဒါမှ အတ္တသမားတွေ အဓမ္မသမားတွေရဲ့ လက်အောက်က လွတ်မှာဆိုတာ သူတို့သိတယ်လေ။
ဒီပွဲကြီးက ဘယ်ချိန်စမယ် ဘယ်ချိန်မှာပြီးရမယ်လို့ သတ်မှတ်ထားတာ မရှိသလို ဒိုင်လည်းမရှိဘူးဗျ။
ဘယ်နေ့မှာ အဆုံးသတ်မယ်ဆိုတာကလည်း ပြည်သူတွေရဲ့ လက်ထဲမှာရှိတယ်။ ဘယ်နေ့ ပြီးမှာလဲလို့ မေးမနေနဲ့။ ဘယ်နေ့အောင်ပွဲရချင်လဲဆိုတဲ့အဖြေက ကျွန်တော်တို့ ပြည်သူတွေရဲ့ လက်ထဲမှာပဲရှိတယ်။
ပြည်သူတွေက စည်းလုံးညီညွတ်ပြီဆိုတာနဲ့ သက်သက်သာသာလေးနဲ့ ပြီးလိမ့်မယ်။ ညီညွတ်ရင် ပိုပြီးသက်သာတယ်၊ မညီညွတ်ရင် တာဝန်ယူနေတဲ့သူတွေအပေါ်မှာ ပိုပြီးဝန်ပိမှာပေါ့။ ဥပမာ ဗိုလ်ခြေတစ်ထောင်မရမဲ့ပစ္စည်းကို ဗိုလ်ခြေတစ်ရာလောက်နဲ့ မနေရင်တော့ အဲဒီလူတွေ ခါးကုန်းမှာပေါ့ဗျာ။
နောက်တစ်ခုက အဲဒီပြည်သူလူထုကို နိုင်ငံရေးအရ ဦးဆောင်မဲ့အဖွဲ့အစည်း ဘယ်လောက်ထိ ညီညွတ်မျှတအောင် ဖန်တီးနိုင်လဲ၊ ဘယ်လောက်ထိ ဟန်ချက်ညီအောင် ဦးဆောင်နိုင်လဲ၊ ဘယ်လောက်ထိပါဝင်လာအောင် စုစည်းနိုင်လဲ အဲဒီစုစည်းပါဝင်လာတဲ့ အင်အားတွေကို ဘယ်လောက်ရိုးသားဖြောင့်မတ်စွာနဲ့ ပြည်သူ့မျက်နှာကိုပဲ ကြည့်ပြီး အသုံးချမလဲဆိုတဲ့အပေါ်တွေမှာ မူတည်တယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)