သတင်း

ဝေါလေတွင် သာလွန်အင်အားသုံးနေသည့် စစ်တပ်မှ တပ်ဖွဲ့ဝင်တချို့ ထွက်ပြေး

ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း ဝေါလေဒေသတွင် ဇူလိုင်လဆန်းမှစ၍ အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေသည့် စစ်တပ် အထိနာနေသည့်ပြင် တပ်သားတချို့ ထွက်ပြေးနေသည်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကော်ဘရာစစ်ကြောင်းနှင့် မြဝတီ-ဝေါလေ ကားလမ်း၊ သုံးထပ်ကွေ့အနီး ဖြစ်ပွားသည့် တိုက်ပွဲမှ ထိခိုက်ဒဏ်ရာရသူများကို သယ်ယူပို့ဆောင်ပေးရန် တာဝန်ကျသည့် ခြေမြန်တပ်ရင်း (ခမရ) ၁၀၂ မှ တပ်သား ၅ ဦး ဇူလိုင် ၉ ရက်တွင် KNU ထံ ထွက်ပြေးလာကြောင်း သိရသည်။  

လူနာပို့ဆောင်ပြီး အပြန်လမ်းတွင် ထွက်ပြေးလာသူ ၅ ဦးကို ထိန်းသိမ်းထားသည်ဟု ကော်ဘရာစစ်ကြောင်းက ယမန်နေ့ (ဇူလိုင် ၁၁) တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က သာလွန်အင်အားသုံးနေသော်လည်း တိုက်ပွဲဖြစ်သည့်နေရာမှ အောက်ခြေတပ်သားများ ထွက်ပြေးခြင်းသည် စစ်ကောင်စီတပ်တွင်း စိတ်ဓာတ်ကျဆင်းနေမှုကို ပြသနေခြင်း ဖြစ်သည်ဟု အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်ကြီးလင်းထက်အောင်က သုံးသပ်သည်။

“အောက်ခြေတပ်တွေရဲ့ တပ်ပျက်မှု တစ်စိတ်တစ်ပိုင်းလို့တောင် ပြောလို့ရတယ်။ အောက်ခြေတပ်တွေရဲ့ စစ်ရေးအရ စိတ်ဓာတ်တက်ကြွမှု၊ နည်းဗျူဟာဆောင်ရွက်နိုင်မှု အခြေအနေတွေက တော်တော်လေးကို ဆိုးဝါးနေပြီလို့ ပြောလို့ရပါတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က မှတ်ချက်ပြုသည်။

မြဝတီမြို့တောင်ဘက် ၃၈ မိုင်ဝန်းကျင်အကွာ ဝေါလေဒေသရှိ နေရာအများစုကို KNU တပ်မဟာ ၆ ၏ တပ်များက ထိန်းချုပ်ထားပြီး ယင်းဒေသအတွင်း စစ်ကောင်စီကို ဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်များလည်း ရှိနေသည်။ 

ပြီးခဲ့သည့် ဧပြီ ၂၈ ကလည်း တပ်မ (၄၄) လက်အောက်ခံ ခမရ (၁) သထုံ မှ တပ်သား ၂ ဦးသည် MA 4 ပူးတွဲသေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ၄၀ မမ ကျည် ၈ လုံး၊ ၅.၅၆ ကျည်ဆန် ၁၀၀ တောင့်နှင့်အတူ ကော်ဘရာစစ်ကြောင်းထံ ထွက်ပြေးလာခဲ့သည်။

လက်နက်နှင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ကော်ဘရာစစ်ကြောင်းမှူးနှင့်အတူ ဧပြီ ၂၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-Cobra Column) 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံတပ်များဖြစ်သော ခြေမြန်တပ်ရင်း (ခမရ) ၂၀၇ ၊ ၂၀၄၊ ၉၊ ၁၀၂ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၈ တို့က မြဝတီမြို့နယ် ဖလူးကြီး၊ ဖလူးလေး ဒေသတွင် အင်အားစုဖွဲ့ပြီး ဝေါလေဒေသအတွင်း ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေသည်။

ဝေါလေဒေသရှိ စစ်ကောင်စီအခြေစိုက်စခန်းများ မကြာခဏ တိုက်ခိုက်ခံနေရပြီး နယ်မြေခံတပ်များ၏ စစ်သည်အင်အားပြုန်းတီးမှု၊ စိတ်ဓာတ်အင်အားအရ နိမ့်ပါးမှုများကြောင့် အခြားဒေသဖြစ်သော မွန်ပြည်နယ်အခြေစိုက် တပ်မတစ်ခုကို ခေါ်ယူအသုံးပြုနေရခြင်းဖြစ်သည်ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

စစ်ကောင်စီတပ်များနှင့်အတူ ဗိုလ်မုတ်သုန် ဦးစီးသည့် နယ်ခြားစောင့်တပ် (BGF) အင်အား ၁၀၀ ခန့်လည်း ပူးပေါင်းတိုက်ခိုက်နေသည်ဟု KNU လက်အောက်ခံတပ်တစ်ခုဖြစ်သော ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

“စစ်ကြောင်းတွေက ဖလူး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့မှာ ထိုင်ထားတယ်လို့ ကြားတယ်။ စစ်ကြောင်း ၃ ကြောင်းလို့ ကြားတယ်” ဟု သူက ပြောသည်။

တိုက်ပွဲများဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများ အသုံးပြုကာ တိုက်ခိုက်နေကြောင်း ကော်ဘရာစစ်ကြောင်းဘက်က ဆိုသည်။

“ဖလူးမှာ ဟောင်ဝစ်ဇာ (တာဝေးပစ်အမြောက်) တင်ထားပြီး ပစ်တာရှိတယ်။ အဲဒီနားဆက်စပ်တဲ့ တောင်ကုန်းပေါ်ကနေ ပစ်တာရှိတယ်။ လေးကေ့ကော်ပတ်ဝန်းကျင်ကို ၁၂၀ မမ နဲ့ ပစ်ခတ်တာမျိုး ရှိတယ်” ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သုံးထပ်ကွေ့နေရာတွင် ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အထိအခိုက်အကျအဆုံး များနေကြောင်း သိရသည်။

“စစ်ရေးအရ လှုပ်ရှားမှုတွေကတော့ အဲဒီဒေသမှာ တောက်လျှောက်ရှိနေပါတယ်၊ စစ်တပ်က အင်အားစုဖွဲ့မှုတွေ အင်အားတိုးချဲ့မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်” ဟု ဆိုသည်။

ဖလူးဒေသတွင် ပြင်ဆင်စုဖွဲ့နေသည့် စစ်ကောင်စီတပ်သည် မကြာခင်ရက်ပိုင်းအတွင်း အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာဖွယ်ရှိကြောင်း ကော်ဘရာဘက်က ယူဆထားသည်။ 

တိုက်ပွဲများဆက်နေသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုအသေးစိတ်ကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း အဆိုပါကိစ္စရပ်များနှင့် ပတ်သက်ပြီး ထုတ်ပြန်ခြင်း မရှိပေ။

ဇူလိုင် ၇ တွင် ခမရ ၂၀၇ တပ်ရင်းကို မြဝတီ-ဝေါလေ ကားလမ်းမပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ခမရ၂၀၇ တံဆိပ် ရိုက်နှိပ်ထားသည့် MA -1 သေနတ်တစ်လက်၊ ၅.၅၆ ကျည် ၄၇၅ တောင့်၊ ကျည်ဘောက် (၄) ခု၊ အီနာဂါ ဗုံးသီးတစ်လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ နောက်တစ်နေ့တွင် လေးကေ့ကော်ဒေသရှိ တောင်ကုန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဝေါလေရှိ စစ်ကောင်စီခြေကုပ်စခန်းဖြစ်သော ဥကရစ်ထစခန်းကို သိမ်းနိုင်ရေး KNU လက်အောက်ခံတပ်များက ဇွန် ၂၆ ကတည်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ အကြီးအကျယ် ဆက်လက်ဖြစ်ပွားနေသည်။ စခန်းမကျစေရေး အတွက် စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်ပါ အကြိမ်ပေါင်းများစွာ အပြင်းအထန်တိုက်ခိုက်ခဲ့သည်။

ဇွန် ၂၇ မှ ဇူလိုင် ၁ အထိ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ၁၂၅ ကြိမ်အထိ ပြုလုပ်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ပြောဆိုခဲ့ပြီး ယင်းတိုက်ခိုက်မှုများအတွင်း ရာနှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို အရပ်သား ၂ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုများတွင် ထိုင်းနိုင်ငံဘက်ခြမ်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သလို စစ်ကောင်စီတိုက်လေယာဉ်က ထိုင်းပိုင်နက်အတွင်း ဝင်ရောက်ကျူးကျော်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button