သတင်း

ဥကရစ်ထစခန်း လက်မလွှတ်ရရေး စစ်တပ်က ဒေါ်လာသန်းချီအကုန်ခံ ဗုံးကြဲခဲ့

ထိုင်း-မြန်မာနယ်စပ် စည်းမျဉ်းအနီး ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ ဥကရစ်ထစခန်း လက်မလွှတ်ရရေးအတွက် အာဏာသိမ်းစစ်ကောင်စီက အမေရိကန်ဒေါ်လာသန်းချီ အကုန်အကျခံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မြဝတီမြို့တောင်ဘက် ၁၈ မိုင်အကွာရှိ ထိုခြေကုပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက ဇွန် ၂၆ မှစ၍ ထိုးစစ်ဆင်ခဲ့သည်။ နေ့စဉ်ရက်ဆက် တိုက်ပွဲများအတွင်း စစ်တပ်က MIG-29 နှင့် YAK-130 အမျိုးအစား တိုက်လေယာဉ်များဖြင့် အကြိမ်ပေါင်းရာချီတိုက်ခိုက်သည့်အပြင် MI-17 ရဟတ်ယာဉ်ဖြင့်လည်း စစ်ကူများ စေလွှတ်ခဲ့သည်။​

မြေပြင်အချက်အလက်များအရ စစ်ကောင်စီက လေကြောင်းဖြင့် ၁၂၅ ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာ ကုန်ကျစရိတ်များပြားသည့် တိုက်ခိုက်မှုဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ဗိုလ်ကြီးဇေသူအောင်က ပြောသည်။

“ဒေါ်လာ ၁၀ သန်းဝန်းကျင်ထက်တောင် ကုန်နိုင်တဲ့ အနေအထားရှိပါတယ်။ ဒါဟာ အနည်းဆုံးကုန်ကျစရိတ်ပဲ ရှိသေးတယ်။ အနည်းဆုံး ဒေါ်လာ ၁၀ သန်းနဲ့ အထက်မှာပဲ ရှိတယ်” ဟု စက်မှုထမ်းသက် ၁၇ နှစ်ရှိ လေတပ်အရာရှိက ပြောသည်။

ရုရှားနိုင်ငံထုတ် MIG-29 အမျိုးအစား တိုက်လေယာဉ်သည် ပျံသန်းချိန် တစ်နာရီလျှင် ဆီဂါလံ ၉၆၀၊ YAK-130 လေယာဉ်သည် တစ်နာရီလျှင် ၄၄၈ ဂါလံအထိ သုံးစွဲသည်ဟု ဗိုလ်ကြီးဇေသူအောင်က တွက်ချက်ပြသည်။

ထိုတိုက်လေယာဉ်များတွင် အသုံးပြုသည့် ပြည်တွင်းထုတ် 250KG ဗုံးတစ်လုံးမှာ ကာလတန်ကြေး ကျပ်သိန်း ၆၀၀ ဝန်းကျင်ရှိပြီး ပြည်ပမှဝယ်ယူရသော S-8 အမျိုးအစား ဒုံးကျည်တစ်လုံးတန်ကြေးမှာ ဒေါ်လာ ၁၅,၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။

ထို့ကြောင့် ဥကရစ်ထစခန်း လက်မလွတ်ရေး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်လုပ်တိုင်း လေယာဉ်ဆီဖိုးနှင့် လက်နက်ခဲယမ်းတန်ဖိုး ဒေါ်လာ ခြောက်သောင်းကျော်မှ လေးသိန်းနီးပါးအထိ ကုန်သည်ဟု သူက တွက်ပြသည်။

“S-8 တစ်လုံးကို ဒေါ်လာ တစ်သောင်းခွဲနဲ့ပဲ တွက်ကြည့်ဗျာ၊ ၁၀ လုံးဆိုရင် တစ်သိန်းခွဲဗျာ။ လေယာဉ် တစ်ခါတက်လို့ရှိရင် တစ်ဖက်ကို ၁၃ လုံးနဲ့ ၂၆ လုံးတော့ သုံးမှာပဲ” ဟု ဝါရင့်လေသူရဲ ဗိုလ်ကြီးဇေသူအောင်က ပြောသည်။

ထိုလေတပ်အရာရှိမှာ နေပြည်တော်အခြေစိုက် အမှတ် ၄၅ ကင်းထောက်လေယာဉ်အုပ်စုတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်ကို မိသားစုနှင့်အတူ စွန့်ခွာခဲ့သူဖြစ်သည်။ 

နယ်စပ်စည်းမျဉ်းနှင့် ပေ ၅၀၀ ခန့်သာ ဝေးသော ဥကရစ်ထစခန်း မကျစေရေးအတွက် စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များပါ အသုံးပြု၍ အပြင်းအထန်တိုက်ခိုက်ခဲ့သည်။

ဥကရစ်ထစခန်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သူ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) မှ အထူးကွန်မန်ဒိုစစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့်က “စစ်တပ်က ဗုံးကြဲတဲ့လေယာဉ်က သက်သက်။ လက်နက်လာချတဲ့ လေယာဉ်လည်း ရှိတယ်” ဟု Myanmar Now ကို ပြောဆိုထားသည်။

ရက်အတန်ကြာ ထိုတိုက်ပွဲများအတွင်း ကရင်လက်နက်ကိုင်အဖွဲ့များဘက်မှ ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်ကောင်စီကမူ ဥကရစ်ထစခန်းတိုက်ပွဲနှင့် ပတ်သက်၍ သုံးကြိမ်တိုင် သတင်းထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုများအကြောင်း လုံးဝဖော်ပြခြင်း မရှိပေ။

ကရင်လက်နက်ကိုင်အဖွဲ့များ ထုတ်ပြန်ခဲ့သော ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများတွင် အစုံလိုက်သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ တွေ့ရသည့်နည်းတူ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများလည်း တွေ့ရသည်။ 

စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်စဉ် ထိုင်းနိုင်ငံ လေပိုက်နက်ထဲ ကျူးကျော်ပျံသန်းသည့်အတွက် မြန်မာစစ်တပ်က တောင်းပန်ကြောင်း၊ ထိုဖြစ်ရပ်အတွက် လျော်ကြေးတောင်းထားကြောင်း ထိုင်းတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။​

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိုင်းနယ်နိမိတ်ဘက်ကို မြန်မာလေယာဉ်များ ရောက်ရှိခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး နိုင်ငံရေးသမားများက ပုံကြီးချဲ့နေသည်ဟု ဘီဘီစီသတင်းဌာနကို ယနေ့ ဖြေကြားထားသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့တပ်ဖွဲ့ဝင်များ စိတ်ဓာတ်မကျစေရန် တပ်တွင်းစည်းရုံးရေးအနေဖြင့် ဥကရစ်ထတိုက်ပွဲတွင် လေကြောင်းအကြီးအကျယ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကြီးဇေသူအောင်က ဆိုသည်။​

“ဒီဟာကြီးကို မဖြစ်မနေ ခုခံမယ်ပေါ့။ လူတွေအများကြီးကိုလည်း အဲဒီတိုက်ပွဲဧရိယာထဲကို MI-17 တွေနဲ့ အခေါက်ရေပေါင်းများစွာ၊ လူပေါင်းမြောက်မြားစွာကို တစ်ခါတည်း တန်းပြီးထည့်တယ်။ ဘာအတွက်လည်းဆိုတော့ အဲ့စခန်းကို မကျအောင်လို့”

“ဆိုတော့ အဲ့စခန်း မကျဘူးဆိုရင် တပ်ကလူတွေကလည်း ဒီကောင်တွေကွာ ဒီလောက်တိုက်နေကျတာ။ ဒီစခန်းလေးတောင် ရအောင်မတိုက်နိုင်တာ တစ်နိုင်ငံလုံးသိမ်းဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုတဲ့ အယူအဆကို သူတို့ရဲ့ စစ်သည်တွေကြားထဲမှာလည်း ထည့်ချင်တယ်” ဟု ၎င်းက ပြောသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button