သတင်း

မြန်မာ့အရေးဖြေရှင်းရန် မှော်အစွမ်းမရှိဟု အာဆီယံအထူးကိုယ်စားလှယ် ညည်း

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရက်ဆော့ခွန်က ဒုတိယအကြိမ် နေပြည်တော်ခရီးစဉ်အပြီး သတင်းထုတ်ပြန်ချက်တွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ညည်းတွားပြောဆိုလိုက်သည်။

“သက်တမ်း ၆ လသာ ကျန်တော့တဲ့ အာဆီယံအထူးကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မြန်မာ့အကျပ်အတည်းပြေလည်ဖို့ ကျွန်တော့်မှာ မှော်အစွမ်းမရှိပါဘူး” ဟု ဇူလိုင်လ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်က ရေးသားဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏အရေးပါဆုံးသူတစ်ယောက်အဖြစ် ကမ္ဘောဒီးယားသာမက လေ့လာသူများကပါ လက်ခံထားကြသော်လည်း သူ၏ ခရီးစဉ်အတွင်း တွေ့ခွင့်မရခဲ့ဟုလည်း ဖော်ပြထားသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရန်ဗဟိုအလုပ်အမှုဆောင် ဒေါ်စုစုလွင်တို့နှင့်လည်း တွေ့ခွင့်မရခဲ့ကြောင်း ပရက်ဆော့ခွန်က အစီရင်ခံသည်။

ပရက်ဆော့ခွန်သည် စစ်ခေါင်းဆောင်အပြင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့်လည်း သူ၏ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲရေး၊ ၂၀၂၃ တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးနှင့် ပတ်သက်၍ ပရက်ဆော့ခွန်က ထိုအချက်သည် သူလုပ်နိုင်သည့် အခွင့်အာဏာတွင်မရှိဘဲ မြန်မာပြည်သူများကသာ ဆုံးဖြတ်ရမည်ဟု ဆိုသည်။

ထို့အတူ ၂၀၂၃ တွင် အာဏာသိမ်းစစ်အစိုးရက ဦးစီးကျင်းပမည့် ရွေးကောက်ပွဲ၏ အားလုံးပါဝင်နိုင်မှု၊ လွတ်လပ်ပြီးတရားမျှတမှုတို့နှင့် ပတ်သက်ပြီးလည်း ပရက်ဆော့ခွန်က သူ့အစီရင်ခံစာထဲတွင် မေးခွန်းထုတ်ထားသည်။

သို့သော် ခြေဥအသစ်ရေးခြင်း၊ ရွေးကောက်ပွဲလုပ်ခြင်း မလုပ်ခြင်းတို့သည် မြန်မာနိုင်ငံသားများကသာ ဆုံးဖြတ်ရမည်ဟုဆိုကာ အခြားသူများအနေဖြင့် အကြံဉာဏ်များသာ ပေးနိုင်လိမ့်မည်ဟု သူက ဆိုသည်။ သူ့အနေဖြင့်မူ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်လာရန်သာ ကူညီနိုင်လိမ့်ဟုလည်း ဆိုသည်။

အာဆီယံအထူးကိုယ်စားလှယ်သည် သူ၏ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်တွင် စစ်ခေါင်းဆောင်နှင့် ၂ နာရီကြာ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ သို့သော် မည်သည့်အချက်များ ပြောဆိုကြသည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိပါ။

သူ့ခရီးစဉ်သည် အာဆီယံဘုံသဘောတူညီချက်များထဲမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရန်၊ အကြမ်းဖက်မှုများရပ်ရန်၊ နိုင်ငံရေးဆွေးနွေးမှုများ စတင်ရန် စသည့်အချက်များ ရှေ့ဆက်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

သို့သော် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်သည် ပြီးခဲ့သည့်နှစ် မေလကတည်းက ချမှတ်ခဲ့သော်လည်း ထင်ရှားသည့် တိုးတက်မှုမရှိသည်ကို တွေ့ရသည်။

အဆိုပါအခြေအနေများကြောင့် ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပမည့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးသို့ စစ်ကောင်စီကို မဖိတ်တော့ဟု ပရက်ဆော့ခွန်က ခမာတိုင်းမ်သတင်းဌာနသို့ ထုတ်ဖော်ပြောဆိုထားသည်။

ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည့် ခရီးစဉ်တွင် စစ်ခေါင်းဆောင်အပါအဝင် အာဏာသိမ်းစစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်တို့နှင့် တွေ့ဆုံခဲ့သည်။

အလားတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထဲမှ ၇ ဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ မတွေ့ဖြစ်သည့် ၃ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU, ချင်းအမျိုးသားတပ်ဦး CNF, ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ ဖြစ်သည်။

ပရက်ဆော့ခွန်သည် သူ၏ခရီးစဉ်အတွင်း နိုင်ငံရေးပါတီ ၇ ခုနှင့်လည်း တွေ့ဆုံခဲ့သည်၊ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD, ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ တွေ့ဆုံမှုတွင် မပါဝင်ပေ။

အဆိုပါ အခြေအနေများကြောင့် အာဆီယံဘုံသဘောတူညီချက်တွင် ပါဝင်သည့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရန် ပရက်ဆော့ခွန်အားထုတ်သည့် မြန်မာနိုင်ငံခရီးစဉ်များမအောင်မြင်ဟုလည်း ဝေဖန်ခံနေရသည်။

အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီး သူ၏ အားထုတ်မှု မအောင်မြင်ခြင်းကြောင့်လည်း ပရက်ဆော့ခွန် မကြာခဏ ညည်းတွားလေ့ရှိသည်။ အာဆီယံ၏ ကြားဝင်ဖြေရှင်းရေးကြိုးပမ်းချက် အရာမရောက်သေးဟု ဖေဖော်ဝါရီ ဒုတိယပတ်က ပြောဆိုခဲ့ပြီး အာဏာသိမ်းစစ်အစိုးရက လမ်းပိတ်ထားသည်ဟု ပြောဆိုခဲ့သည်။

အထူးကိုယ်စားလှယ်သက်တမ်း ၆ လသာ ကျန်တော့သည့် ပရက်ဆော့ခွန်သည် အာဏာသိမ်းစစ်ခေါင်းဆောင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Noeleen Heyzer နှင့် ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းထားသည်ဟု ဇူလိုင် ၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button