ဆောင်းပါးလေ့လာသုံးသပ်ချက်

အာဆီယံနှင့် NUG တွေ့ဆုံမှုများ ဖြစ်ပေါ်လာနိုင်

ကမ္ဘောဒီးယားနိုင်ငံ ဖနွိုင်းပင်မြို့တော်တွင် ကျင်းပပြီးစီးခဲ့သော စစ်ကောင်စီမပါသော ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးက ဩဂုတ်လ ၃ ရက်နေ့တွင် ပူးတွဲကြေညာ ချက်တရပ် ထုတ်ပြန်ခဲ့သည်။

“မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု” ခေါင်းစဥ်ဖြင့် ထိုကြေညာချက်၏ စာပိုဒ် ၁၁၇ တွင် ဖော်ပြထားချက်အရ မြန်မာ့အရေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား ကျယ်ပြန့်နက်ရှိုင်းစွာ ဆွေးနွေးခဲ့ပြီး၊ နေပြည်တော်အာဏာပိုင်များက “တူညီဆန္ဒ ၅ ရပ်” ကို အကောင်အထည်ဖော်ရန် သံဓိဌာန်ကင်းမဲ့မှုအပေါ် အလွန်အမင်းစိတ်ပျက်ရကြောင်း ဖော်ပြထားပါသည်။

“နေပြည်တော်အာဏာပိုင်များ” ဟု စစ်ကောင်စီကို ပထမဦးဆုံးအကြိမ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သုံးနှုန်းခဲ့ခြင်းမှာ ထူးခြားပြီး၊ စစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရုံမျှမက စစ်တပ် သည် နိုင်ငံ၏နယ်မြေ တစိတ်တဒေသကိုသာ ထိန်းချုပ်နိုင်သည့် အုပ်စုတခုသာဖြစ်သည်ဆိုသည့် အချက် ကို ပေါ်လွင်ထင်ရှားစေသော အသုံးအနှုန်းဟု မှတ်ယူရနိုင်သည်။

ပူးတွဲကြေညာချက်တွင် နိုင်ငံခြားရေးဝန်ကြီးများက အရေးကြီးသော ဆုံးဖြတ်ချက် ၂ ရပ်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ၎င်းတို့မှာ အာဆီယံပဋိညာဥ်၏ ပုဒ်မ ၂၀ အရ “တူညီဆန္ဒ ၅ရပ်” အကောင်အထည်ဖော်မှု အခြေအနေကို လာမယ့် နိုဝင်ဘာလတွင် ကျင်းပရန်ရှိသော အာဆီယံခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးတွင် ပြန်လည်သုံးသပ်ရန်နှင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနှင့် ဖြစ်နိုင်သမျှ အစောဆုံး ထိတွေ့ဆက်ဆံရန် သဘောတူဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူPrak Sokhonn သည် စစ်ကောင်စီအလိုကျ တဖက်သတ် ဆောင်ရွက်နေခြင်းများကို ရပ်တန့်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဖြစ်မနေ ထိတွေ့ဆက်ဆံရမည် ဖြစ်သည်။

Prak Sokhonn အနေဖြင့် NUG နှင့်တွေ့ဆုံသည့်နေ့သည် မင်းအောင်လှိုင်က ၎င်းကို နေပြည်တော် လာရောက်ခွင့် ပိတ်ပင်သည့်နေလည်း ဖြစ်နိုင်ပါသည်။

သို့သော် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယခုနှစ် ဇန်နဝါရီလတွင် စတင်ရယူပြီး ရက်ပိုင်းအတွင်း နေပြည်တော်သို့ သွားရောက်ခဲ့သော ဝန်ကြီးချုပ် ဟွန်ဆန်သည်လည်းကောင်း၊ မြန်မာနိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့သော Prak Sokhonn သည်လည်းကောင်း မင်းအောင်လှိုင်၏ အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်အောင် မဟန့်တားနိုင်ယုံမျှမက၊ မင်းအောင်လှိုင်သည် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ ၄ ဦးတို့ကို ကွပ်မျက်သတ်ဖြတ်ပြလိုက် သေးသည်။

မင်းအောင်လှိုင်၏ ထိုလုပ်ရပ်က “အာဆီယံကို ပါးချလိုက်သကဲ့သို့” ခံစားလိုက်ရသည်ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah က အာဆီယံအစည်းအဝေးအတွင်း သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ မည်သည့်အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေးကိုမျှ မြန်မာကိုယ်စားလှယ်မဖိတ်ကြားရန်အထိ အရေးယူရန် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan ကလည်း စစ်ကောင်စီနှင့်ဆက်ဆံခြင်းက မည်သို့မျှအကျိုး မရှိနိုင်ပါဟု ညည်းတွားပြောဆိုခဲ့သည်။

မင်းအောင်လှိုင်ကို ထိရောက်စွာကိုင်တွယ်နိုင်ရန်နှင့် အာဆီယံ မျှော်လင့်သော အားလုံးပါဝင်သည့် တွေ့ဆုံညှိနှိုင်းမှု ဖြစ်ပေါ်နိုင်ရေးအတွက် စစ်ကောင်စီနှင့် အာဏာချိန်ခွင်လျှာ ဘက်ညီရန် ဖန်တီးနိုင်မှ ရမည်ဖြစ်ပြီး၊ ထိုသို့ဖြစ်ပေါ် လာရန် NUG ကို မဖြစ်မနေ အသိအမှတ်ပြုဆက်ဆံခြင်းကသာ တခုတည်းသော်နည်းလမ်း ဖြစ်ကြောင်း အာဆီယံ ခေါင်းဆောင်များ အလျင်အမြန်နားလည်းသဘောပေါက်ရန် လိုသည်။

အာဆီယံက သက်ဆိုင်သူအားလုံး နှင့်တွေဆုံတော့မည်ဆိုသော သတင်းစကားကို NUG ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးမိုးဇော်ဦးကကြိုဆိုလိုက်သည်။ သို့သော်သူက အာဆီယံသည် ယခုကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို ချမှတ်သင့်သည်မှာ အချိန်တော်တော်ကြာပြီဖြစ်ပြီး ရှေးကနဦးတည်းကပြုလုပ်ခဲ့သင့်ကြောင်း ထောက်ပြသည်။

ထို့ပြင်သူက စစ်ကောင်စီအား ဝန်ကြီးအဆင့်အစည်းအဝေးများသာမက အခြားဌာနဆိုင်ရာအရာရှိကြီးများအဆင့် အစည်းအဝေးအပါအဝင် အာဆီယံအစည်းအဝေးအားလုံးတွင် ပါဝင်မှုကိုရပ်တန့်ပြီး၊ စစ်ကောင်စီချုပ်ကိုင်ထားသော မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကပင် ဆိုင်းငံ့ထားသင့်သည်ဟု ဆိုသည်။

“ဒီအာဆီယံအစည်းအဝေးတွေမှာ NUG ကိုလူသိရှင်ကြားတရားဝင် မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ရောက်ခွင့်မပေးနိုင်ရင် အခုလိုအဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့တာကို အာဆီယံကစဥ်းစားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အာဆီယံရဲ. ဂုဏ်သိက္ခာနဲ့ သမာသမတ်ရှိမှုတွေအပေါ် တကယ်ကိုထိခိုက်နိုင်ပါတယ်” ဟု ဦးမိုးဇော်ဦးက ဆိုသည်။

Show More

Related Articles

Back to top button