
မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် သွားရောက်ရန် စီစဉ်နေပြီး၊ အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကို အသုံးချလိုကြောင်း အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ဖွင့်ဟလိုက်သည်။
လာမည့် စက်တင်ဘာလ ၁၃ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မီ မြန်မာနိုင်ငံ သွားရောက်နိုင်ရန် မျှော်လင့်ထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံ၏ ဒုဝန်ကြီးချုပ်တစ်ဦးလည်းဖြစ်သူ Prak Sokhonn က စင်ကာပူသတင်းဌာန CNA ကို ယမန်နေ့ (ဇူလိုင် ၂၀) တွင် ပြောသည်။
မူလအစီအစဉ်အရ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး၏ တတိယမြောက် မြန်မာနိုင်ငံခရီးစဉ်ကို အာဆီယံထိပ်သီးအစည်းအဝေးများ မစတင်မီ အောက်တိုဘာလဆန်းပိုင်းတွင် ဖြစ်မြောက်ရန် စီစဉ်ထားသည်ဟု သိရသည်။
အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက် မြန်မာနိုင်ငံကို နှစ်ကြိမ်တိုင် ရှောက်ရှိပြီးဖြစ်သည့် Prak Sokhonn အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း နှစ်ကြိမ်စလုံးတွင် အာဏာသိမ်းစစ်ကောင်စီက ငြင်းဆန်ခဲ့သည်။
တရားရင်ဆိုင်နေရသူဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သူ့ကိုမျှ တွေ့ဆုံခွင့် မပြုသေးပေ။ လွန်ခဲ့သည့် တစ်နှစ်ကျော် အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် ရွေးကောက်ခံအရပ်သား အစိုးရခေါင်းဆောင်ကို စစ်တပ်က ပုဒ်မပေါင်းများစွာဖြင့် တရားစွဲဆိုထားသည်။
“ကျွန်တော်တို့တောင်းဆိုမဲ့ အရေးကြီးဆုံးကိစ္စတွေက သူနဲ့ တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ် သူ့အမြင်တွေ သိရဖို့ပါပဲ။ ပဋိပက္ခကနေ ဘယ်လိုရုန်းထွက်နိုင်မလဲ၊ နိုင်ငံရေးလုပ်ငန်းစဉ်မှာ သူ့ရဲ့ နိုင်ငံရေးအရှိန်အဝါက အလေးသာနေပါတယ်” ဟုလည်း အာဆီယံအထူးကိုယ်စားလှယ်က ပြောသည်။
နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးသည်သာလျှင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဦးတည်စေနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
“တခြားအချက်တစ်ခုကတော့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အကြမ်းမဖက်ရေးသဘောတရားက လက်နက်ကိုင်အုပ်စုဖွဲ့တွေကို ဘယ်လိုထိန်းကွပ်နိုင်မလဲဆိုတာပါ”
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်အရေး အပါအဝင် နိုင်ငံရေးအခန်းကဏ္ဍ၌ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် အရေးပါဆုံးသော နိုင်ငံရေးသမားတစ်ဦးဖြစ်သည်ဟု မှတ်ယူကြောင်းလည်း ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေး လတ်တလောမဖြစ်နိုင်သေးဘဲ နောက်ပိုင်းတွင် ဖြစ်နိုင်ခြေရှိသည်ဟု ပြီးခဲ့သည့် ဇွန်လခရီးစဉ်အတွင်း စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်က ပြောသည်ဟုလည်း အာဆီယံအထူးကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုသည်။
အာဆီယံအထူးကိုယ်စားကိုယ်၏ ဇွန်လအတွင်း ဒုတိယအကြိမ်ခရီးစဉ်တွင် စစ်ကောင်စီက နိုင်ငံရေးပါတီအချို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့်လည်း တွေ့ဆုံခွင့်ပြုခဲ့သည်။
ထိုတွေ့ဆုံမှုများအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြန်လည်ရေးဆွဲရေး၊ ၂၀၂၃ တွင် ကျင်းပမည့် ရွေးကောက်ပွဲအကြောင်း ဆွေးနွေးခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ပြန်ရောက်ချိန်တွင် ထုတ်ဖော်ပြောဆိုသော်လည်း အသေးစိတ်ထည့်သွင်း ပြောဆိုခြင်း မရှိပေ။
အစီအစဉ်တွင် ပါရှိပြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် သမ္မတဟောင်း ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်နှင့် တွေ့ဆုံခွင့်မရကြောင်းလည်း ၎င်းက ပြောဆိုသည်။
၎င်းနှင့်တွေ့ဆုံစဉ် မင်းအောင်လှိုင်က လက်နက်ကိုင်ခုခံတော်လှန်သူများနှင့် ဆွေးနွေးရန် ဆန္ဒရှိကြောင်း၊ သို့သော် လက်ရှိအစိုးရကို မဖျက်သိမ်းရေး၊ အစားမထိုးရေးနှင့် ၂၀၀၈ အခြေခံဥပဒေကို အခြေခံရမည်ဆိုသော အချက်သုံးချက်ကို လက်ကိုင်ထားရမည်ဟု ပြောဆိုသည်ဟုလည်း ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် အာဆီယံအထူးကိုယ်စားလှယ်က ပြောဆိုသည်။
အချက်ငါးချက်ပါ အာဆီယံဘုံသဘောတူညီချက်အရ အထူးကိုယ်စားလှယ်ဖြစ်လာသူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို နှစ်ကြိမ်တိုင်သွားရောက်ပြီးနောက် မြန်မာ့အရေးဖြေရှင်းရန် မှော်အစွမ်းမရှိဟုလည်း ညည်းတွားခဲ့သည်။
လာမည့်နှစ်ကုန်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကို အင်ဒိုနီးရှားနိုင်ငံထံ လွှဲပေးတော့ရမည်ဖြစ်ကာ ထိုအချိန်တွင် သူ၏ အထူးကိုယ်စားလှယ်တာဝန်သည်လည်း အလိုအလျောက် ကုန်ဆုံးမည်ဖြစ်သည်။
အထူးကိုယ်စားလှယ် ဆက်လက် ခန့်ထားမည်ဆိုပါက ဥက္ကဋ္ဌသစ် အင်ဒိုနီးရှားအစိုးရက ရွေးချယ်မည် ဖြစ်သည်။
အာဆီယံအထူးကိုယ်စားလှယ်ခရီးစဉ်များကို အများပြည်သူက မျှော်လင့်ချက်ထားခြင်း မရှိပေ။
ယခင်ခေတ်ကလည်း အာဏာသိမ်းဗိုလ်ချုပ်သန်းရွှေထံ အာဆီယံက ကိုယ်စားလှယ် အကြိမ်ကြိမ် စေလွှတ်ခဲ့ဖူးသည်။
အာဆီယံသည် မြန်မာ့အရေးကို မည်သည့်အခါကမျှ ရှင်းလင်းပေးနိုင်ခြင်း မရှိခဲ့ပေ။
စစ်ဗိုလ်ချုပ်များကသာ အာဆီယံကို ကောင်းစွာ အသုံးချနိုင်ခဲ့ကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)