ဆောင်းပါးလေ့လာသုံးသပ်ချက်

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာ့အရေး ဖြေရှင်းမှု လမ်းချော်နေ

မြန်မာ့အရေး ကြားဝင်စေ့စပ်ဖြေရှင်းဆောင်ရွက်ရန် အာဆီယံအဖွဲ့ကြီးက ချမှတ်ခဲ့သော “တူညီဆန္ဒ ၅ ချက်” (Five-Point Consensus) ကို အကောင်အထည်ဖော်ရန် အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn သည် ၎င်း၏ ပထမဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ မတ်လ ၂၁ – ၂၃ ရက်အထိ သွားရောက်ခဲ့သည်။

၂၀၂၁ ဧပြီ ၂၄ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး၌ အာဆီယံခေါင်းဆောင်များ စုံညီစည်းဝေးရာတွင် မင်းအောင်လှိုင်ကို အာဏာသိမ်းစစ်ခေါင်းဆောင်အဖြစ် အစည်းအဝေးသို့ တက်ရောက်စေခဲ့သည်။

ထိုအစည်းအဝေးက မြန်မာ့အရေးဖြေရှင်းရန် အာဆီယံအဖွဲ့ကြီး၏ တူညီဆန္ဒ ၅ ချက်ကို ချမှတ်ခဲ့ရာ မင်းအောင်လှိုင်က အကောင်အထည်ဖော်ပါမည်ဟု အာဆီယံခေါင်းဆောင်များရှေ့မှောက်တွင် သဘောတူညီခဲ့သည်။ 

သို့သော် ဂျကာတာအစည်းအဝေးမှ မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်အခါ ထို ၅ ချက်ကို အကြောင်းအမျိုးမျိုးပြ၍ အကောင်အထည်ဖော်ရန် မင်းအောင်လှိုင်က ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံနှင့် ၂၀၂၂ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံတို့က အာဆီယံအထူးကိုယ်စားလှယ် ၂ ဦး ပြောင်းလဲခန့်အပ်ခဲ့ပြီး တစ်နှစ်နီးပါးကြာသည်အထိ တူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါ။ 

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များရှေ့မှောက်တွင် သဘောတူခဲ့ပြီးမှ အကောင်အထည်ဖော်ရန် ငြင်းဆန်ခဲ့ခြင်း၊ မင်းအောင်လှိုင်က အာဆီယံအဖွဲ့ကြီးကို မလေးမစားပြုမူခဲ့ခြင်းကြောင့် ၂၀၂၁ အောက်တိုဘာလ ၁၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးများက အရေးပေါ်အစည်းအဝေးကျင်းပခဲ့ကြသည်။

ထိုအစည်းအဝေးပြီးနောက်တွင် အာဆီယံ၏ တူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်သည့် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။ 

သို့သော် အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးရာထူးမဟုတ်သော ကိုယ်စားလှယ် (Non-political Representative) ကိုသာ တက်ရောက်ခွင့်ပေးခဲ့သည်။ အာဆီယံ၏ အရေးယူမှုသည် မျှတမှု မရှိဟု ဆိုကာ စစ်ကောင်စီသည် အာဆီယံအစည်းအဝေးများကို ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိခဲ့ပါ။ ထိုနောက်ပိုင်း အာဆီယံ၏ အရေးကြီးအစည်းအဝေးများကို အဖွဲ့ဝင် ၉ နိုင်ငံဖြင့်သာ ကျင်းပနိုင်ခဲ့သည်။

အာဆီယံက မြန်မာ့အရေး ကြားဝင်ဖြေရှင်းဆောင်ရွက်လာရသည့် နောက်ခံအကြောင်းတရား

အာဆီယံခေါင်းဆောင်များက တူညီဆန္ဒ ၅ ချက် ချမှတ်ခဲ့ရခြင်း၏ အဓိကအကြောင်းရင်းမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်က ရွေးကောက်ခံ အရပ်သား ဒီမိုကရေစီအစိုးရထံမှ အာဏာသိမ်းခဲ့ခြင်းနှင့် နောက်ဆက်တွဲပေါ်ပေါက်လာသည့် စစ်တပ်၏အကြမ်းဖက်မှုများကြောင့် ဖြစ်သည်။    

စစ်ခေါင်းဆောင်များက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်နှင့် အစိုးရအဖွဲ့ဝင်အားလုံးကို ဖမ်းဆီးထိန်းသိမ်းကာ အာဏာသိမ်းခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရုံမျှမက အာဆီယံပဋိညာဉ်စာတမ်း၏ အခြေခံတန်ဖိုးများကိုပါ ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ကန့်ကွက်ကြသော လက်နက်မဲ့ ပြည်သူလူထုကို စစ်ခေါင်းဆောင်များက နိုင်ငံအနှံ့ လမ်းမများပေါ်တွင် ပြောင်ပြောင်တင်းတင်း ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်ဖြိုခွဲခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းသည်လည်း နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည်။ 

ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများက ကန့်ကွက်နေသည့်ကြားမှ အာဏာသိမ်းမှု တစ်နှစ်ကျော်လာသည်အထိ ပြည်သူများကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဥပဒေမဲ့ ဖမ်းဆီး နှိပ်စက်အကျဉ်းချခြင်း၊ ပြည်သူများပိုင်ဆိုင်သော အိုးအိမ်ပစ္စည်းများကို လုယူဖျက်ဆီးခြင်း စသည်တို့ကို စစ်တပ်က တောက်လျှောက်လုပ်ဆောင်နေသည်။

ယင်းသည် နိုင်ငံသားများကို အကာအကွယ်ပေးရမည့် နိုင်ငံတစ်ခု၏ စစ်တပ်က ပြုမူရမည့် လုပ်ရပ်များမဟုတ်ဘဲ ကျူးကျော်သိမ်းပိုက်သော လက်နက်ကိုင်အင်အားစုတစ်စုက အကြမ်းဖက်ကျူးလွန်သော စစ်ရာဇဝတ်မှုမြောက်သော လုပ်ရပ်များသာ ဖြစ်သည်။  

ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံတွင် ဖြစ်ပွားနေသော ထိုအခြေအနေကို မဖြစ်မနေ ကြားဝင်ဖြေရှင်းဆောင်ရွက်ရန် အာဆီယံခေါင်းဆောင်များတွင် တာဝန်ရှိလာပြီး တူညီဆန္ဒ ၅ ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာသည့်အခါ ဝန်ကြီးချုပ်ဟွန်ဆန်သည် မြန်မာစစ်တပ်၏ အကြမ်းဖက်ကျူးလွန်မှုများကို မျက်ကွယ်ပြုကာ လက်ရှိနိုင်ငံကို ထိန်းချုပ်အုပ်ချုပ်နေသည်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဖြစ်သည်၊ ၎င်းနှင့် ဆက်ဆံရမည်၊ အာဆီယံထိပ်သီးအစည်းအဝေးများသို့ ပြန်လည်တက်ရောက်ခွင့်ပြုရန် ကြိုးပမ်းမည်ဟု လူသိရှင်ကြား ကြွေးကြော်ခဲ့သည်။ 

ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်သည် ဇန်နဝါရီလ ၇-၈ ရက်နေ့တွင် နေပြည်တော်သို့ သွား၍ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် ချမှတ်ပြီး အာဆီယံ တူညီဆန္ဒ ၅ ချက်တွင် စစ်ကောင်စီကို အသိအမှတ်ပြုသည့် ပုံသဏ္ဌာန် ပြောင်းလဲ၍ အကောင်အထည်ဖော်ရန် ကြိုးပမ်းလာခဲ့သည်။ 

အာဆီယံခေါင်းဆောင်များ မူလချမှတ်ခဲ့သည့် တူညီဆန္ဒ ၅ ချက်သည် အရေးကြီးမှုအစဉ်လိုက် ရှေ့နောက် ကျိုးကြောင်းဆက်စပ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအပေါ် အပြောင်းအလဲလုပ်ခဲ့သည်ကို မြန်မာခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘောဒီးယားမှ အာဆီယံအထူးကိုယ်စားလှယ်၏ ပြောဆိုချက်များအရ သိရသည်။ အောက်ပါဇယားတွင် နှိုင်းယှဉ်ဖော်ပြထားသည်။

ရင်းမြစ်။ ။ Prak Sokhonn ၏ သတင်းစာရှင်းလင်းပွဲမှတ်တမ်း (မတ်လ ၂၃ ရက်၊ ၂၀၂၂)
၂၀၂၁ ခုနှစ်အတွင်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ပြီး အာဏာသိမ်းစစ်ကောင်စီကို ချန်လှပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် တွေ့ရသည့် ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်။

အာဆီယံအထူးကိုယ်စားလှယ်အပေါ် ယုံကြည်ထိုက်မှုပြဿနာ 

အာဆီယံခေါင်းဆောင်များ မူလချမှတ်ခဲ့သော တူညီဆန္ဒ ၅ ချက်သည် အရေးကြီးမှုအစဉ်လိုက် ရှေ့နောက် ကျိုးကြောင်းဆက်စပ်မှုများရှိသည်။ သို့သော် ထို ၅ ချက်ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်သင့်သည် သို့တည်းမဟုတ် တစ်ဆင့်ချင်း အကောင်အထည်ဖော်သင့်သည် ဆိုသောအချက်ကို ကြေညာချက်တွင် ရှင်းလင်းစွာ ဖော်ပြမထားပါ။ 

ထိုအချက်ကို ကမ္ဘောဒီးယားက အခွင့်ကောင်းယူပြီး တူညီဆန္ဒ ၅ ချက်ကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ရမည်ဟု ဝန်ကြီးချုပ်ဟွန်ဆန်က စတင်ပြောဆိုလာသလို အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ကလည်း သတင်းစာရှင်းလင်းပွဲတွင် ထပ်တူ ပြောဆိုလာသည်။ 

သို့သော် မြန်မာစစ်ခေါင်းဆောင်များ၏ ယုံကြည်ထိုက်မှုအပေါ် သံသယရှိပုံရသော အာဆီယံခေါင်းဆောင်များက မူလချမှတ်ထားသည့် တူညီဆန္ဒ ၅ ချက်သည် အရေးကြီးမှုအစဉ်လိုက်ကို ဂရုတစိုက် သတ်မှတ်ထားခဲ့ပြီး စစ်ခေါင်းဆောင်များ ရှောင်လွှဲမရစေရန် နိုင်ငံရေးအရ လိုအပ်သော ဖိအားပေးမှုများ ပါဝင်နေကြောင်း တွေ့ရှိရသည်။ 

တူညီဆန္ဒ ၅ ချက်ကို အရေးကြီးမှုအစဉ်အတိုင်းသာ စစ်ခေါင်းဆောင်များက အတိအကျ လိုက်နာ အကောင်အထည်ဖော်မည်ဆိုလျှင် စစ်တပ်၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်ဆိုင်းရမည် ဖြစ်သည်။

ထိုသို့ဖြစ်လာပါက မြန်မာ့အရေး တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်မည်ဟု အာဆီယံခေါင်းဆောင်များ ယုံကြည်ထားသည်။ ထို့အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအစိုးရများအားလုံးက မြန်မာ့အရေး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် အာဆီယံ၏ တူညီဆန္ဒ ၅ ချက်ကို ဝိုင်းဝန်းထောက်ခံခဲ့သည်။ 

သို့သော် မူလချမှတ်ထားသော တူညီဆန္ဒ ၅ ချက် အရေးကြီးမှုအစဉ်ကို ကမ္ဘောဒီးယား၏ အာဆီယံအထူးကိုယ်စားလှယ်က ရှေ့နောက်အစဉ် ပြောင်းလဲအကောင်အထည်ဖော်ရန် ကြိုးပမ်းလာခြင်းက စစ်ကောင်စီအလိုကျဖြစ်လာပြီး အာဆီယံအထူးကိုယ်စားလှယ်အပေါ် ယုံကြည်ထိုက်မှုပြဿနာ ပေါ်ပေါက်လာသည်။

တူညီဆန္ဒ ၅ ချက်ကို အရေးကြီးမှုအစဉ် ပြောင်းလဲခြင်း၊၊ အကောင်အထည်ဖော်မှုပုံစံ ပြောင်းလဲလာခြင်းနှင့် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုများကို တစ်ခုချင်းစီ သုံးသပ်တင်ပြသွားပါမည်။

(၁) အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံးက ရှောင်ရှားရန်။ 

ယင်းအချက်ကို အာဏာသိမ်းပြီး ၃ လအကြာ ၂၀၂၁ ဧပြီလကုန်ပိုင်းက ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်အချိန်က လက်နက်မဲ့ပြည်သူများအပေါ် စစ်တပ်က စစ်မြေပြင်သုံးလက်နက်များနှင့် ကျည်အစစ်များ အသုံးပြု၍ အကြမ်းဖက် သတ်ဖြတ်နေမှုများ ချက်ချင်းရပ်ဆိုင်းရန် အာဆီယံခေါင်းဆောင်များက ပထမအရေးတကြီးလိုအပ်ချက်အဖြစ် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် အာဆီယံ၏ တောင်းဆိုချက်သည် စစ်တပ်ကို အဓိကထား ရည်ညွှန်းတောင်းဆိုခြင်းဖြစ်ပြီး အာဏာသိမ်းမှုနောက်ဆက်တွဲ ပေါ်ပေါက်လာသော အကြမ်းဖက်မှုများကို အဓိကထား ရည်ရွယ်သည်။ 

သို့သော် ကမ္ဘောဒီးယား၏ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn သည် မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၇၀ က ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်မှုများအဖြစ် ရည်ညွှန်းပြောဆိုနေခြင်းက မူလရည်ရွယ်ချက်နှင့် လွဲချော်နေပြီး စစ်တပ်၏ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ပေးနေကြောင်း တွေ့ရှိရသည်။  

သက်သေပြရလျှင် သတင်းစာရှင်းလင်းပွဲတွင် Prak Sokhonn က “တိုက်ခိုက်မှုတွေက မနှစ်က သို့မဟုတ် လွန်ခဲ့တဲ့ ၂ – ၃ နှစ်က စတင်ခဲ့တာ မဟုတ်ပါဘူး။ ဒီပဋိပက္ခတွေက စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ၁၉၄၈ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ ဒါဟာ နှစ်ပေါင်း ၇၀ ရှိပြီဆိုရင် တစ်ရက်တည်းနဲ့ ရပ်တန့်ဖို့ မဖြစ်နိုင်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။ 

ယင်းအချက်က Prak Sokhonn သည် အာဏာသိမ်းမှုနောက် စစ်တပ်၏ အကြမ်းဖက်မှုများကို မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ ကြာ လက်နက်ကိုင်ပဋိပက္ခများနှင့် ရောထွေးပုံဖျက် ပြောဆိုခဲ့သည်။ 

ထိုသို့ မြန်မာ့ပြဿနာ၏ အရင်းခံအကြောင်းတရားကို ပုံဖျက်ခဲ့ခြင်းက ဝန်ကြီးချုပ်ဟွန်ဆန် ဇန်နဝါရီလ ၇ – ၈ ရက်နေ့ နေပြည်တော်ခရီးစဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပူးတွဲထုတ်ပြန်ခဲ့သော ကြေညာချက်က စတင်ခဲ့သည်။

ဟွန်ဆန်နှင့် မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လက်နက်မဲ့ပြည်သူများအပေါ် စစ်တပ်က စစ်မြေပြင်သုံးလက်နက်များ အသုံးပြုပြီး အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းနေသည့် ကိစ္စကို ပူးပေါင်းလိမ်ညာခဲ့သည်။

ယင်းကို ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များ၏ တူညီဆန္ဒ ၅ ချက်ထဲမှ ပထမဆုံးနှင့် အရေးကြီးဆုံးအချက်ဖြစ်သည့် အကြမ်းဖက်မှုများ ချက်ချင်းရပ်ဆိုင်းရန် ဆိုသောအချက်ကို မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကြောင့်ဟု ၎င်းတို့နှစ်ဦးက ပုံဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဟွန်ဆန် ခန့်အပ်ထားသော ၎င်း၏နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn သည် ဟွန်ဆန်၏လမ်းကြောင်းအတိုင်း ပြောဆိုလုပ်ကိုင်လာခြင်းက အာဆီယံအဖွဲ့ကြီးအပေါ် ယုံကြည်ထိုက်မှု (ASEAN Credibility) ကို များစွာ ထိခိုက်စေပါသည်။ ထိုအချက်ကို အာဆီယံခေါင်းဆောင်များက အမြန်ဆုံး ပြင်ဆင်တည့်မတ်ရန် လိုအပ်သည်။

(၂) သက်ဆိုင်သူ အားလုံးပါဝင်သော ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန်။

မြန်မာ့အရေး ဖြေရှင်းရန် သက်ဆိုင်သူအားလုံး (All parties concerned) ပါဝင်သော ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် အာဆီယံခေါင်းဆောင်များက ဒုတိယအရေးတကြီးလိုအပ်ချက်အဖြစ် တောင်းဆိုထားသည်။ 

ဤတောင်းဆိုချက်ကို ဒုတိယအချက်အဖြစ် ထားရှိခြင်းသည် အကြမ်းဖက်မှုများ ရပ်ဆိုင်းပြီးမှသာ တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်နိုင်သည့်အတွက်ဖြစ်ပြီး၊ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အဖြေရှာခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည်ဟု ရှေ့နောက်ကျိုးကြောင်းဆက်စပ် ချမှတ်ထားခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် နိုင်ငံရေးအရ ဖြေရှင်းမှုတစ်စုံတစ်ရာ မလုပ်ဆောင်နိုင်ဘဲ အခြားမည်သည့်အရာမျှ လုပ်ဆောင်နိုင်မည် မဟုတ်သည်ကို အာဆီယံခေါင်းဆောင်များ အသိအမှတ်ပြုထားကြောင်း ဖော်ပြနေသည်။ 

သို့သော် အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn သည် အဆိုပါ ဒုတိယအရေးကြီးဦးစားပေးအကောင်အထည်ဖော်ရမည့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ဦးစားပေးမလုပ်ဆောင်ဘဲ စစ်ကောင်စီကို တရားဝင်မှုရှိစေရေး အထောက်အကူပြုမည့် စတုတ္ထဦးစားပေးဖြစ်သော “လူသားချင်းစာနာမှုအကူအညီများကို အာဆီယံက ထောက်ပံ့ကူညီရန်” ဆိုသည့် အချက်ကို ဒုတိယဦးစားပေးအကောင်အထည်ဖော်မည့်အချက်အဖြစ် ပြောင်းလဲခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် Prak Sokhonn က လာမည့် ဧပြီလနှောင်းပိုင်း သို့မဟုတ် မေလဆန်းပိုင်းတွင် မြန်မာကို လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေမည့် အစည်းအဝေးတစ်ရပ်ကို သူ၏ ဒုတိယလုပ်ဆောင်ချက်အဖြစ် လုပ်ဆောင်မည်ဟု ပြောဆိုခဲ့သည်။

ယင်းသည် မြန်မာအရေး ဖြေရှင်းရန် အရေးကြီးဆုံးဖြေရှင်းဆောင်ရွက်ရမည့် စစ်တပ်၏ အကြမ်းဖက်မှုများ ချက်ချင်းရပ်ဆိုင်းရန်နှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် ဆိုသည့် တူညီဆန္ဒ ၅ ချက်ထဲက အရေးကြီးဆုံး ဦးစားပေးလုပ်ငန်းစဉ်များကို လုံးဝအကောင်အထည်ပေါ်လာခြင်းမရှိဘဲ လူသားချင်းစာနာမှုအကူအညီပေးရေးကို အလျင်စလို လုပ်ဆောင်ခြင်းဖြစ်သည်။ 

Prak Sokhonn ၏ လုပ်ရပ်များသည် မြန်မာ့အရေး ကမ္ဘောဒီးယား၏ ဦးဆောင်ဖြေရှင်းမှုကြောင့် ရလဒ်ကောင်းများ ထွက်လာနေပြီဟူသော ပြသချင်စိတ်ဇောနှင့် ကြိုးပမ်းနေပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အခြားအာဆီယံခေါင်းဆောင်များက အစည်းအဝေးပြန်လည်တက်ရောက်ခွင့် ပေးလာရန် လမ်းဖွင့်ပေးခြင်းလည်း ဖြစ်သည်။ မြန်မာပြည်သူများအကျိုးအတွက် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားသည်။

(၃) အာဆီယံအထူးကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်တွင် ကြားဝင်စေ့စပ်ကူညီပံ့ပိုးရန်။

တူညီဆန္ဒ နံပါတ် (၂) နှင့် (၃) ကို ရှေ့နောက်အစဉ် ကျိုးကြောင်းဆက်စပ်ထားခြင်း ဖြစ်သည်။ သို့သော် တွေ့ဆုံဆွေးနွေးရေးကို အလေးထားလုပ်ဆောင်ခြင်းမရှိဘဲ လူသားချင်းစာနာမှုအကူအညီပေးရေးကိုသာ အလေးထားနေသော အထူးကိုယ်စားလှယ် Prak Sokhonn သည် ၎င်း၏အဓိကတာဝန်ဖြစ်သော ကြားဝင်စေ့စပ်ကူညီပံ့ပိုးရေးလုပ်ငန်းအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကို ရှင်းလင်းစွာ ထုတ်ဖော်ပြသနိုင်ခြင်း မရှိပါ။ 

၎င်းအစား “သက်ဆိုင်သူများက ပူးပေါင်းဆောင်ရွက်ရန် အသင့်မဖြစ်သေးဘဲ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ဖယ်ရှားဖို့ကိုသာ လုပ်ဆောင်နေသည်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။ ၎င်း၏ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သူများကို ကြည့်လျှင် နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးဖြစ်သော ဦးကိုကိုကြီးကလွဲလျှင် စစ်ကောင်စီအဖွဲ့ဝင်များကိုသာ အဓိကထား တွေ့ဆုံခဲ့သည်။ 

သို့ဆိုလျှင် ၎င်းသုံးနှုန်းခဲ့သော “သက်ဆိုင်သူများ” ဆိုသည်က Prak Sokhonn တွေ့ဆုံခဲ့သော အကြမ်းဖက်မှုကို အဓိကကျူးလွန်နေသော စစ်ကောင်စီသာ ဖြစ်ရမည်။ Prak Sokhonn သည် ၎င်း၏ အဓိကတာဝန်ဖြစ်သော သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံနိုင်ရေး အထူးကိုယ်စားလှယ်အနေဖြင့် မည်သို့ကြိုးပမ်းခဲ့သည်ကို ပြသနိုင်ခြင်း မရှိပါ။ ယင်းသည် ၎င်းလုပ်ဆောင်ရမည့် အဓိကတာဝန်ကို ပျက်ကွက်ခြင်းဖြစ်သည်။     

(၄) လူသားချင်းစာနာမှု အကူအညီများကို အာဆီယံက ထောက်ပံ့ကူညီရန်။

မြန်မာစစ်ခေါင်းဆောင်များသည် တိုင်းပြည်တွင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားလျက်ရှိခြင်းအပေါ် ပြည်သူပြည်သားများ၏ ဒုက္ခအခက်အခဲကို စာနာထောက်ထားမှုမရှိဘဲ ၎င်းတို့အာဏာရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး တရားဝင်အစိုးရတစ်ရပ်ထံမှ အာဏာသိမ်းခဲ့သည်။

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော တစ်နိုင်ငံလုံး လူထုအုံကြွဆန္ဒပြပွဲများကို စစ်မြေပြင်သုံးလက်နက်များနှင့် အကြမ်းဖက်သတ်ဖြတ် နှိမ်နင်းခဲ့သည်။ သို့သော် လူထု၏ အာခံတော်လှန်မှုကို မနှိမ်နင်းနိုင်ဘဲ စစ်ကောင်စီ၏ သတ်ဖြတ်မှုများမှ မိမိကိုယ်ကိုယ်ကာကွယ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အများအပြား ပေါ်ပေါက်လာပြီး နိုင်ငံအနှံ့ ပြည်တွင်းစစ်ဖြစ်ပွားသည့်အဆင့်သို့ ရောက်ရှိခဲ့သည်။ 

ယနေ့အချိန်ထိ စစ်ကောင်စီသည် အရပ်သားပြည်သူများနေထိုင်သော နိုင်ငံအနှံ့က မြို့ရွာများကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်များနှင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ အမြောက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြို့ရွာများရှိ ပြည်သူများပိုင်ဆိုင်နေထိုင်သော နေအိမ်များ ထောင်နှင့်ချီ မီးရှို့ဖျက်ဆီးခြင်းတို့ကို အထိန်းအချုပ်မဲ့ အကြမ်းဖက် လုပ်ဆောင်နေသည်။

ထို့ကြောင့် မိမိတို့၏ အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေရသော ပြည်သူများသည် သိန်းနှင့်ချီပြီး ရှိလာရာ ၎င်းတို့သည် တောတောင်ထဲ အစားရေစာ ပြတ်လပ်ချို့တဲ့လျက် ရှင်သန်ရပ်တည်ရန် တစ်နေ့တခြား ခက်ခဲလာနေသည်။ စစ်တပ်၏ ထိုသို့အကြမ်းဖက်နှိမ်နင်းမှုနှင့် ကိုဗစ်ကပ်ရောဂါပြန့်နှံ့မှုတို့ ပေါင်းစပ်ပြီး မြန်မာနိုင်ငံသည် လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်နေသည်။

သို့သော် စစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သော ပြည်သူများကို လူသားချင်းစာနာမှုအကူအညီများ မရရှိရန် ပိတ်ဆို့ထားသည်။ နိုင်ငံတကာအဖွဲ့အစည်းများက အကူအညီပေးရန် ကြိုးပမ်းသော်လည်း စစ်ခေါင်းဆောင်များက ၎င်းတို့ကို နိုင်ငံရေးအရအသိအမှတ်မပြုလျှင် ထိုသို့ကူညီမှုကို ပိတ်ဆို့ထားသည်။

ထိုအချက်မှာ လူသားအသက်ပေါင်းများစွာ သေဆုံးဒုက္ခရောက်မည့်အရေးကို ၎င်းတို့မတရားအာဏာရယူထားမှုနှင့် စစ်တပ်က အပေးအယူပြုလုပ်နေကြောင်း ပြဆိုနေသည်။

စစ်ကောင်စီ၏ ထိုသို့ပြုမူနေခြင်းက နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သော်လည်း အာဆီယံအထူးကိုယ်စားလှယ်သည် ထိုအချက်ကို လျစ်လျူရှုထားသည်။ ယင်းအစား Prak Sokhonn သည် စစ်ကောင်စီလိုလားသည့်အတိုင်း ၎င်းတို့ကို အသိအမှတ်ပြုပြီး ၎င်းတို့၏ခွင့်ပြုချက်ဖြင့်သာ ၎င်းတို့ထိန်းချုပ်ထားသော အုပ်ချုပ်ရေးယန္တရားမှတစ်ဆင့် အကောင်အထည်ဖော်မည့် လူသားချင်းစာနာမှုအကူအညီပေးရေးကို ဦးစားပေးလုပ်ဆောင်လာသည်။ 

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် တူညီဆန္ဒ ၅ ချက်ထဲမှ ပထမ ၃ ချက်ကို အဓိကဦးစားပေး အကောင်အထည်ဖော်ရန် လုံလောက်သော ကြိုးပမ်းဆောင်ရွက်ခြင်း မရှိဘဲ နံပါတ် (၄) နေရာတွင်ရှိသော လူသားချင်းစာနာမှုအကူအညီကို ပေးအပ်ရန် လုပ်ဆောင်လာခြင်းသည် စစ်ကောင်စီကို တရားဝင်မှုရရှိလာစေရန် ကူညီနေခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်တွေ့ရှိရသည်။

ဇန်နဝါရီလတွင် နေပြည်တော်သို့ ရောက်လာသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့်အတူ ညစာစားပွဲအခမ်းအနားတွင် တွေ့ရသည့် အာဏာသိမ်းခေါင်းဆောင်။ 

(၅) အာဆီယံအထူးကိုယ်စားလှယ် ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန်။

အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn သည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်ကို ပထမဆုံးစတင်နိုင်ခဲ့သော်လည်း တူညီဆန္ဒ နံပါတ် ၅ အချက်တွင် ဖော်ပြထားသကဲ့သို့ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံနိုင်ခြင်းမရှိပါ။ ထို့ပြင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံနိုင်ရန် ၎င်း၏ ကြိုးပမ်းမှုများကိုလည်း ထုတ်ဖော်ပြသနိုင်ခြင်း မရှိပါ။

ဤနေရာတွင် တူညီဆန္ဒ ၅ ချက်တွင် သုံးနှုန်းထားသော “သက်ဆိုင်သူအားလုံး” ဆိုသည့် အသုံးအနှုန်းက သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်များ၊ မင်းအောင်လှိုင်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်များ ပါဝင်ရမည်ဟု အဓိပ္ပာယ်ရသည်။

ထို့ပြင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အာဏာသိမ်းမှုကို ဆန့်ကျင်သော လူတန်းစားအလွှာအသီးသီးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ပါဝင်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs) ၊ နိုင်ငံရေးပါတီများ စသည့် အဖွဲ့အစည်းများအားလုံးကိုလည်း ချန်ထား၍ မရပေ။

ယခင် ဘရူနိုင်းနိုင်ငံ၏ အာဆီယံအထူးကိုယ်စားလှယ်က ၎င်း၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆို ကန့်သတ်ချက်ထားရှိခြင်းကို ရည်ညွှန်းပြီး ထိုအတွက်ကြောင့် စစ်ကောင်စီဘက်က ငြင်းဆိုသဖြင့် သွားရောက်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ၎င်းအနေဖြင့် ထိုသို့တောင်းဆိုမှုများ မပြုလုပ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ထို့ကြောင့် Prak Sokhonn သည် တူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်ရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုသာ အလေးပေးသဖြင့် အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သော တူညီဆန္ဒ ၅ ချက်၏ မူလအနှစ်သာရနှင့် ရည်ရွယ်ချက်များ ပျက်ပြားခဲ့ပြီ ဖြစ်သည်။ 

အာဆီယံအထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီတို့၏ ခြေလှမ်းများကို ခြုံငုံလေ့လာချက်အရ စစ်ကောင်စီသည် အာဆီယံတူညီဆန္ဒ ၅ ချက်ထဲမှ လူသားချင်းစာနာမှုအကူအညီပေးခြင်းကိုသာ လက်ခံလိုသည်။

ယင်းမှာ နိုင်ငံအနှံ့ စစ်တပ်ယန္တရားများဖြင့် တိုင်းပြည်ကို ထိန်းချုပ်ဖိနှိပ်ထားသော စစ်တပ်၏ သဘောတူညီမှုမရှိလျှင် မည်သည့်လူသားချင်းစာနာမှုအကူအညီမျှ ပြည်သူများကို တိုက်ရိုက်ကူညီခွင့်ရမည် မဟုတ်ပေ။

ထိုသို့ ကူညီလိုလျှင် ၎င်းတို့ကို တရားဝင်အသိအမှတ်ပြုရမည်ဖြစ်သည်။ လူ့အသက်ပေါင်းများစွာနှင့် ၎င်းတို့၏ တရားဝင်မှုကို အလဲအလှယ်ပြုလုပ်ရန်  စစ်ကောင်စီက လုပ်ဆောင်နေခြင်းဖြစ်သည်။ 

ယင်းအချက်ကို အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn က မျက်ကွယ်ပြုပြီး စစ်ကောင်စီကို အလိုအလျောက်တရားဝင်မှုရှိလာစေမည့် လူသားချင်းစာနာမှုအကူအညီပေးရေးကိုသာ စစ်ကောင်စီနှင့် ပူးပေါင်း၍ ဦးစားပေးလုပ်ဆောင်နေကြောင်း လေ့လာတွေ့ရှိရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button