
အာဏာသိမ်းစစ်ကောင်စီနှင့် နီးကပ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်း ကျေးရွာများတွင် အတင်းအဓမ္မ လူသစ်စုဆောင်းကာ စစ်သင်တန်းပေးနေကြောင်း ဒေသခံများက ဆိုသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိ ပင်လောင်း၊ ဆီဆိုင်နှင့် ဟိုပုံးမြို့များအပြင် တောင်ကြီး၊ မောက်မယ်၊ လွိုင် လင်၊ ပင်လုံ၊ ညောင်ရွှေ၊ အောင်ပန်း၊ ကလော၊ ရပ်စောက်၊ နမ့်စန် စသည့် မြို့နယ်များရှိ ပအိုဝ်းလူမျိုးများ နေထိုင်ရာ ကျေးရွာများတွင်ပါ လူသစ်စုဆောင်းနေသည်ဟု သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် နယ်မြေချင်း ထိစပ်နေသော ကယားပြည်နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပေါ်ပေါက်ခဲ့သည်။ ထိုဒေသခံတော်လှန်ရေးအဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲများ ကယားပြည်နယ်သာမက ရှမ်းတောင်ပိုင်းအထိပါ ကူးစက်ခဲ့သည်။
ဒေသတွင်း ခုခံတော်လှန်ရေးလှုပ်ရှားမှုများတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်လက်အောက်ခံတပ်များက စစ်ကောင်စီဘက်မှ ပါဝင်နေပြီး ပြီးခဲ့သည့် မေလမှစ၍ လူသစ်စုဆောင်းကာ စစ်သင်တန်းပေးလျက်ရှိသည့်ပြင် စစ်အသုံးစရိတ်များပါ ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။
ဟိုပုံးမြို့နယ် ရန်ကင်းကျေးရွာတွင် မေလဆန်းပိုင်းကတည်းက လူသစ်စုဆောင်းနေပြီး လူ ၁၃ ဦး ပေးရကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်သုံးသောင်း ပေးရသည့်ပြင် အသက် ၄၅ နှစ်အောက် အမျိုးသားများ တစ်အိမ်တစ်ယောက် မဲနှိုက်ရကာ မဲပေါက်ပါက စစ်သင်တန်းတက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တချို့ မသွားချင်တဲ့သူ ငွေကြေးမတတ်နိုင်တဲ့သူတွေ အရမ်းဒုက္ခရောက်ကြတယ်။ စားဝတ်နေရေးကလည်း မပြေလည်၊ ငွေကိုလည်း အတင်းအဓမ္မကောက်ခံ၊ လူလည်းထပ်ပေးရဆိုတော့” ဟု ထိုဒေသခံအမျိုးသားက ပြောသည်။
စစ်သင်တန်းမတက်လိုပါက လူအစားထိုးခြင်းကို စာချုပ်စာတမ်းဖြင့် ရှာဖွေငှားရမ်းပေးရကြောင်း၊ အချို့ရွာကြီးများတွင် တစ်ရွာ ၁၅ ဦးအထိ ပေးရကြောင်းလည်း ၎င်းထံမှ သိရသည်။
ယခုလ ၁၅ ရက်ကလည်း ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စုရှိ ရွာပေါင်း ၂၀ ကျော်မှ အုပ်ချုပ်ရေးမှူးများကို ပင်စုံရွာသို့ အစည်းအဝေးခေါ်ယူပြီး ပြည်သူ့စစ်ဖွဲ့စည်းမည့်ကိစ္စကို ဆွေးနွေးကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။
“အစည်းအဝေးမှာ ပြောတာတော့ တခြားနယ်ဘက်ကို သွားတိုက်ဖို့တော့ မဟုတ်ဘူး။ ကိုယ့်ရွာကိုယ် လုံခြုံအောင် ကာကွယ်ဖို့”
နန်းတုတ်အုပ်စုမှ အမျိုးသားငါးဦးကို ရွေးချယ်ပြီး တစ်လကြာ စစ်သင်တန်းတက်စေပြီး ထိုငါးဦးက ရပ်ရွာအတွင်း သင်တန်းပြန်ပေးမည်ဖြစ်ကြောင်း၊ ဦးဆောင်စည်းရုံးသူမှာ PNO တိုက်နယ်တာဝန်ခံဆိုသူ ဦးမောင်ဝင်းဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ အမျိုးသားက ဆိုသည်။
“လုံးဝကို သဘောမတူဘူး။ ရပ်ရွာထဲမှာ မနေချင်တော့ဘူး၊ ထိုင်းဘက်မှာ အလုပ်သွားလုပ်မယ်ဆိုတာမျိုးတွေ ဖြစ်ကုန်ကြတာလေ” ဟု PNO က လူသစ်စုဆောင်းခြင်းနှင့် ပတ်သက်၍ ပင်စုံရွာသားတစ်ဦးက ပြောသည်။
နေပြည်တော်နှင့် ထိစပ်နေသော ပင်လောင်းမြို့နယ်အတွင်းရှိ ထိုကျေးရွာအုပ်စုတွင် PNO က တစ်အိမ်ထောင် ကျပ်သုံးသောင်းနှုန်း ငွေကောက်ခံနေပြီဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
“မပေးနိုင်တဲ့ အိမ်တွေလည်း ရှိတာပေါ့လေ။ မပေးနိုင်တဲ့ အိမ်တွေကတော့ ရွာထဲက ရန်ပုံငွေကနေ ချေးငှားပြီး ပေးကြတာပေါ့”
ပင်စုံရွာတွင် အင်းသားလူမျိုး အများဆုံးနေထိုင်ပြီး ပအိုဝ်း၊ ကယား၊ ကယန်း လူမျိုးများလည်းရှိသည်ဟု သိရသည်။
အတင်းအဓမ္မ လူသစ်စုဆောင်းနေသည်ဆိုသော ဒေသခံများ၏ ပြောဆိုချက်ကို ငြင်းဆိုသော်လည်း ငွေကျပ်သုံးသောင်း ကောက်ခံသည်ကို PNO တာဝန်ရှိသူက ဝန်ခံသည်။
“ကိုယ့်ရပ်ရွာကိုယ် ကာကွယ်နိုင်ဖို့အတွက် ငွေမရှိလို့ မဖြစ်ဘူးလေ” ဟု ပအိုဝ်းပြည်သူ့စစ်အဖွဲ့မှ ဒုတိယကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီးခွန်အောင်သန်းက Myanmar Now ကို ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံဒေသတွင် အခြေစိုက်လှုပ်ရှားသည့် ပြောက်ကျားတပ်ဖွဲ့ကမူ စစ်ကောင်စီသည် PNO နှင့် ပူးပေါင်းပြီး ပျူစောထီးအဖွဲ့များဖွဲ့ရန် လှုပ်ရှားနေသည်ဟု ဆိုသည်။
“သူတို့က တစ်ဖက်လှည့်နဲ့ပေါ့နော် ပြည်သူ့စစ်လို့ပဲ သုံးတာပေါ့။ ကျွန်တော်တို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအမြင်မှာတော့ ပျူစောထီးပဲ” ဟု ရွာငံပြောက်ကျားတင်ဖွဲ့ဝင် ကိုကျော်ခန့်ဆိုသူက ပြောသည်။
ရွာငံမြို့နယ်အတွင်း ကျေးရွာပေါင်း ၆၂ ရွာတွင် ပျူစောထီးအဖွဲ့ဝင် ၇၀၀ ကျော်ရှိသည်ဟု ၎င်းက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။
စစ်ကောင်စီသည် စစ်ကိုင်းနှင့် မကွေးတိုင်းရှိ လက်နက်ကိုင် ခုခံတော်လှန်သူများကို လိုက်လံနှိမ်နင်းရာတွင် ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် အရပ်ဝတ်လက်နက်ကိုင်များကို စစ်တပ်စစ်ကြောင်းနှင့် ခေါ်ဆောင်သွားလေ့ရှိသည်။
ထိုအရပ်ဝတ်လက်နက်ကိုင်များကို စစ်ကောင်စီက ပြည်သူ့စစ်ဟု ရည်ညွှန်းသော်လည်း ပျူစောထီးဟု ဒေသခံလူထုက ခေါ်ဝေါ်ပြီး စစ်တပ်လိုလားသော အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အဖြစ်လည်း ရှုမြင်ထားသည်။
အင်အားချည့်နဲ့လာသော စစ်တပ်က ရှမ်းပြည်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုများကို နှိမ်နင်းရန် ပျူစောထီးများကို အသုံးပြုနေသည်ဟု ရွာငံပြောက်ကျားတပ်ဖွဲ့ဝင် ကိုကျော်ခန့်ဆိုသူက ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုအချို့နှင့် နယ်မြေချင်းထိစပ်နေသာ ကယားပြည်နယ်မှ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖွဲ့ဝင်တို့ကလည်း ၎င်းတို့နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် PNO သည် စစ်ကောင်စီဘက်မှ ဝင်တိုက်ပေးနေကြောင်း ထုတ်ဖော်ပြောဆိုသည်။
စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မရှိကြောင်း PNO တာဝန်ရှိသူက ငြင်းဆိုသော်လည်း ပင်လောင်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့ဆုံရာ ထီရီးကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ ပူးပေါင်းတပ်စွဲထားသည်။
ထိုစစ်ဆေးရေးဂိတ်စခန်းကို မေလဆန်းပိုင်းတွင် KNDF၊ ဖယ်ခုံ PDF တို့နှင့်အတူ ရှမ်းတောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်နှင့် PNO ဘက်မှ ၁၅ ဦး သေဆုံးပြီး ငါးဦး အရှင်အဖမ်းခံရသည်။
“အဲဒါက ကျွန်တော်တို့နယ်မြေဆိုတော့ ကျွန်တော်တို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အတူရှိတာတော့ မှန်တယ်ဗျ။ သူများနယ်ထဲ ဘယ်တော့မှ မဝင်ဘူး။ ကိုယ့်နယ်ပဲ ကိုယ်ဆင်းတာ။ တကယ်လို့ ကျွန်တော်တို့နယ်ထဲ ကျူးကျော်ရင်တော့ တိုက်မှာပဲ” ဟု ပအိုဝ်းပြည်သူ့စစ်အဖွဲ့မှ ဒုကွပ်ကဲရေးမှူး ခွန်အောင်သန်းက ပြောသည်။

၁၉၄၉ ခုနှစ်တွင် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ကို တည်ထောင်ခဲ့သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့သည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကို ဦးဆောင်သူမှာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များနှင့် ရင်းနှီးကျွမ်းဝင်သူ ဦးအောင်ခမ်းထီဖြစ်ပြီး လက်ရှိ အာဏာသိမ်းခေါင်ဆောင် မင်းအောင်လှိုင်ကိုယ်တိုင် မကြာခဏ လာရောက်တွေ့ဆုံလေ့ရှိသည်။
ဦးအောင်ခမ်းထီကို အာဏာသိမ်းစစ်ကောင်စီက ယခုနှစ် ဧပြီလတွင် ဝဏ္ဏကျော်ထင်ဘွဲ့ ပေးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)