ယနေ့ (ဇွန် ၃၀) နံနက် ၇ နာရီခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာရှိ စစ်တပ်ပိုင် မိုင်တဲဆက်သွယ်ရေးတာဝါတိုင်ကို မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူက ပြောသည်။
ကင်းစောင့်သူ မရှိသည့် တာဝါတိုင်တွင် မိုင်းထောင်ထားခြင်းလည်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ဒါပေမဲ့ အဲဒီတာဝါတိုင်က မီးစက်ကို ဆီလာဖြည့်တဲ့ မိုင်တဲဝန်ထမ်းများ အသွားအလာကို ကြည့်ခြင်းအားဖြင့် မိုင်းမထောင်ထားဘူးဆိုတာကို သိပြီး ဒီမနက် ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ပါတယ်။ စက်များပျက်စီးသွားကြောင်း ကနဦးသိရှိရပါတယ်” ဟု ၎င်းက ဆိုသည်။
ဖောက်ခွဲမှုအပြီးတွင် စစ်ကောင်စီတပ်က တိုင်အနီးပတ်ဝန်းကျင် ကျေးရွာများကို လမ်းပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ယမန်နေ့ (ဇွန် ၂၉) နံနက်ပိုင်းကလည်း ကျိုက်ထိုမြို့နယ် လက်ပံပင်ရွာအနီး စစ်တပ်မော်တော်ယာဉ်များကို ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
“မုပ္ပလင်ဘက်ကနေ ကျိုက်ထိုဘက်ကိုလာတဲ့ ယာဉ်တန်းပေါ့နော်။ သူက လေးစီးတစ်သုတ်၊ လေးစီးတစ်သုတ် ခွဲလာတာ။ လူတွေပဲ ပါတယ်၊ တစ်စီးကို လေးငါးဆယ်ယောက်၊ အဲဒီလိုပါတဲ့ ယာဉ်တန်းတွေ” ဟု အထက်ပါအဖွဲ့တာဝန်ခံက ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်မှုတွင် ယာဉ်တန်းထိခိုက်မှုမရှိဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
မွန်ပြည်နယ် သထုံခရိုင်ရှိ ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်များအကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီယာဉ်တန်းများလည်း မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံနေရသည်။
သထုံခရိုင်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ဇွန်လ ၂၅ ရက်နေ့က သထုံမြို့နယ် ထုံးဘိုလေးကျေးရွာတွင် နေအိမ်များ မီးရှို့ခံရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)