
ချင်း-မကွေးနယ်စပ်ရှိ ကျောက်ထုမြို့သို့ မကွေးတိုင်း ပေါက်မြို့နယ်ဘက်မှ ဝင်ရောက်ရန် ကြိုးစားသည့် စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးအဖွဲ့ ၄ ဖွဲ့က နှစ်ရက်ဆက်တိုက် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ကျောက်ထု-PDF ထံမှ သိရသည်။
ဇွန် ၂၇ ရက်နေ့က ကျောက်ထုမြို့ မန်းပုံတောင်ဒေသသို့ ရောက်ရှိလာသည့် စစ်တပ်နှင့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားအဖွဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၂၀ ခန့်ကို ထိုဒေသတွင်း တစ်နေရာ၌ မိုင်းထောင်တိုက်ခိုက်ခဲ့သည်ဟု ကျောက်ထု – PDF တပ်ရင်းမှူး ဗိုလ်ဝေလက ပြောသည်။
ဇွန် ၂၈ရက်တွင် ကျောက်ထုမြို့ ကျောက်လိပ်ရွာ၏ အရှေ့ဘက်တွင်ရှိသည့် ယောချောင်းကို မွန်းတည့်ချိန်၌ ထိုတပ်ဖွဲ့ ဖြတ်ကူးနေစဉ် ဆော-PDF၊ ပေါက်တောင်ပိုင်းပျောက်ကြားတပ်ဖွဲ့၊ The Youth Force (Saw&kyaukhtu) တို့နှင့်ပေါင်း၍ ပစ်ခတ်တိုက်ခိုက်သည်ဟု ၎င်းက ဆက်ပြောသည်။
လက်နက်ကြီး၊ လက်နက်ငယ်များ အပြန်အလှန်သုံးခဲ့သည့် ထိုတိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး နာရီဝက်ခန့် ကြာမြင့်သည်ဟု ဗိုလ်ဝေလက ဆိုသည်။
“ကျောက်လိပ်ကနေ ယောချောင်းဖြတ်ပြီး သက်ကယ်ကျင်းဘက်ကို ကူးတဲ့အချိန်မှာ နောက်ကနေ လိုက်ပစ်တာ၊ ချောင်းဟိုဘက် ဒီဘက်ဆိုတော့ နည်းနည်းလှမ်းတယ်၊ အကျအဆုံးကို မမြင်ရဘူး” ဟု သူက ပြောသည်။
နှစ်ရက်ဆက်၍ တိုက်ခိုက်မှုများမှာ အလစ်အငိုက်ဖြစ်ခြင်းကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိနိုင်ကြောင်း၊ ဇွန် ၂၈ ရက်တိုက်ပွဲအပြီးတွင် ပေါက်မြို့နယ် သက်ကယ်ကျင်းရွာကို ဖြတ်၍ ကိုင်းမရွာဘက်သို့ စစ်ကောင်စီတပ် ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ၎င်းတို့ဘက်မှ ထိခိုက်မှုမရှိကြောင်း ဗိုလ်ဝေလက ပြောသည်။
တိုက်ပွဲဖြစ်ပြီးနောက် ကျောက်ထုမြို့ပေါ်တွင် စစ်ကောင်စီက စစ်ဆေးရှာဖွေမှုများ တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း၊ မြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများကို ဒရုန်းများသုံး၍ စစ်ကောင်စီက ထောက်လှမ်းနေကြောင်း ကျောက်ထုမြို့ခံ မျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် ဇွန် ၂၉ ရက်တွင် ပေါက်မြို့နယ် တစူးရွာဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဆောမြို့နယ် ပုံတောင်ဒေသဘက်သို့ လက်နက်ကြီးများဖြင့် တစ်နေကုန်ပစ်ခတ်ခဲ့သည်ဟု ဗိုလ်ဝေလက ပြောသည်။
“သူတို့ (စစ်ကောင်စီ) ရှိတဲ့ဘက်ကို ကျွန်တော်တို့ လိုက်လာမှာ စိုးလို့ ထင်တယ်၊ အဲဒီတောင်ကြောဘက်ကို တောက်လျှောက်ထုနေတာ တစ်နေကုန်ပဲ” ဟု ဗိုလ်ဝေလက ပြောသည်။
ယနေ့ (ဇွန် ၃၀) တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲသံများ အဆက်မပြတ်ကြားနေရဆဲဖြစ်ကြောင်း၊ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း ဆော-PDF တပ်ရင်း (၂) မှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။
ကျောက်ထုနှင့် မိုင် ၃၀ ခန့်သာဝေးသည့် ဆောမြို့နယ်အတွင်းတွင် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု မရှိသော်လည်း မြို့နှင့်အနီးတစ်ဝိုက်တွင် စစ်ဆေးရှာဖွေမှုများ အရှိန်မြှင့်နေကြောင်း ၎င်းက ဆက်ပြောသည်။
ချင်း-မကွေးနယ်စပ် ကျောက်ထုနှင့် ဆောမြို့နယ်များတွင် တိုက်ပွဲများ ရပ်တန့်နေသည်မှာ တစ်လကျော်ခန့် ကြာမြင့်နေခဲ့ပြီး ဇွန် ၂၈ ရက်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲပြန်ဖြစ်ခဲ့သည်။
မေ ၂၄၊ ၂၅ နှင့် ၂၆ ရက်များတွင် တပြင်းဒေသမှ ကျောက်ထုမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ကျောက်ထု-PDF က နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသည်ဟု ဗိုလ်ဝေလက ပြောသည်။

ချင်းပြည်နယ်အခြေစိုက် တပ်များကို ရိက္ခာပို့ရန် ချင်း-မကွေးနယ်စပ် ဆောမြို့နယ်၊ ကျောက်ထုမြို့များသို့ မဖြစ်မနေ ဖြတ်သန်းနေရသည့် စစ်ကောင်စီတပ်မှာ အဆိုပါမြို့များမှ ဒေသခံ PDF များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ဆက်တိုက် ရင်ဆိုင်နေရသည်။
အရပ်သားအစိုးရကို ဖြုတ်ချ၊ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ကြရာတွင် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းနှင့် မကွေးတိုင်းရှိ ဒေသများတွင်လည်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီထုတ်ပြန်သည့် သတင်းများတွင်လည်း တိုက်ပွဲဖြစ်စဉ်များကို ဖော်ပြလေ့မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)