မေးမြန်းခန်း

“စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်ကုန်တယ်” အလုပ်သမားအရေးဆောင်ရွက်သူ ဦးရဲနိုင်ဝင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က တိုင်းပြည်အာဏာ သိမ်းယူလိုက်ပြီးနောက် ရန်ကုန်မြို့ စက်မှုဇုန်များရှိ စက်ရုံအလုပ်ရုံအများအပြား ပိတ်သိမ်းခဲ့သည်။ အလုပ်သမားတစ်သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်သည်။

စစ်ကောင်စီက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကို ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုမှုများရှိသည့်နည်းတူ စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကလည်း အလုပ်သမားရေးရာ အဖွဲ့ ၁၆ ဖွဲ့ကို တရားမဝင်ကြောင်း ကြေညာသည်။​

တရားမဝင် ကြေညာခံရသည့်အဖွဲ့များတွင် အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CCTU) လည်း အပါအဝင်ဖြစ်သည်။ အာဏာမသိမ်းမီကဲ့သို့ ရုံးခန်းဖွင့်လှစ်ထားခြင်း မရှိသော်လည်း ရသည့်နည်းဖြင့် ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း CCTU တာဝန်ရှိသူက ဆိုသည်။ 

အာဏာသိမ်းပြီး တစ်နှစ်နှင့် ငါးလအကြာတွင် စက်ရုံအလုပ်ရုံများ၌ အလုပ်သမားအခွင့်အရေးဆုံးရှုံးနေမှု၊ အလုပ်သမားအရေးဆောင်ရွက်နေသူများနှင့် ပတ်သက်၍ CCTU အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းကို Myanmar Now က ယခုသီတင်းပတ်အတွင်း ဆက်သွယ်မေးမြန်းထားသည်

မေး – အာဏာသိမ်းပြီးနောက် အဖွဲ့ရပ်တည်ရေးအတွက် ဘယ်လိုပုံစံနဲ့ သွားနေလဲ။ ငွေကြေးပိုင်းက အစပေါ့။

ဖြေ – ကျွန်တော်တို့အဖွဲ့က စလုပ်ကတည်းက ကိုယ်ထူးကိုယ်ချွန်ရပ်တည်လာတာ။ ၂၀၁၂ နောက်ပိုင်း အခြေအနေတွေ ပြောင်းလာတော့ ပြည်ပအလှူရှင်အဖွဲ့အစည်းတွေကနေပြီးတော့ ပြန်ယူပြီးလုပ်တာ တွေရှိတယ်။ ငွေရေးကြေးရေးကတော့ အရင်ထက် အခက်အခဲတော့ ရှိတာပေါ့။ 

သို့သော် ရပ်တည်လို့ မရတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခုကျတော့ မလွယ်တော့ဘူး။ အကန့်အသတ်တွေ အများကြီးဖြစ်သွားတာပေါ့။ အခက်အခဲတွေ ရှိကြပါတယ်။ 

ရုံးတွေကတော့ မထားတော့ဘူး။ မရှိတော့ဘူး။ အလုပ်သမားအမှုအခင်းတွေလာတိုင်ရင် အရင်ကတော့ ထင်ထင်ပေါ်ပေါ် ကျွန်တော်တို့ကိုယ်တိုင် လိုက်လုပ်ပေးတာရှိတယ်။ အခုတော့ အလုပ်သမားတွေ တိုင်ကြားရင် သက်ဆိုင်ရာရုံးတွေကို ဘယ်လိုသွားရမလဲ၊ ဘယ်လိုလုပ်ရမလဲ လိုက်စီစဉ်ပေးတယ်။

မေး – အာဏာသိမ်းပြီးနောက်မှာ စက်ရုံအလုပ်ရုံအလုပ်သမားတွေအခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ – အဓိကတော့ တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုနဲ့ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေ နောက်ဆက်တွဲက အလုပ်လက်မဲ့ပြဿနာတွေ များလာတယ်။ စက်ရုံတွေ ပိတ်သိမ်းလာတယ်။ အခု အလုပ်သမားတွေ ရင်ဆိုင်နေရတာက အမြဲတမ်းအလုပ်သမားတွေကို အလုပ်ဖြုတ်တာတို့၊ နေ့စားပြန်ခန့်တာတို့ ဖြစ်နေတယ်။ 

လုပ်ငန်းခွင်က အမှုတွေလည်း အရင်လို ရုံးတွေသွားရှင်းရတာ နည်းသွားတယ်။ လုပ်ခပြဿနာအပါအဝင် နစ်နာချက်တွေကို အရင်က ပုံစံအမျိုးမျိုးနဲ့ တောင်းဆိုကြတယ်။ အခု မရှိတော့ဘူး။ ဆန္ဒပြတာတွေလည်း မရှိသလောက်ဖြစ်သွားပြီ။

အဓိကတော့ ကုန်ဈေးနှုန်းကြီးမြင့်လာတာရယ်၊ အလုပ်အကိုင်ရှားလာတာရယ်၊ လုပ်ငန်းခွင်မှာ အရင်ရထားတဲ့ အခွင့်အရေးတွေ ဆုတ်ယုတ်လာတာရယ်ပေါ့။ နောက် ဘေးကင်းလုံခြုံမှု မရှိတော့တာတွေက ဒီနေ့ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေပါပဲ။

မေး – စက်ရုံတွေမှာ အလုပ်သမားသမဂ္ဂဖွဲ့ခွင့်၊ အလုပ်သမားအခွင့်အရေးတောင်းဆိုခွင့်တွေကရော ဘယ်အခြေအနေရောက်နေလဲ။

ဖြေ – စက်ရုံတွေမှာ အလုပ်သမားသမဂ္ဂတွေဖွဲ့ခွင့်က အရင်ကလဲ သိပ်ရှောရှောရှူရှူရတာတော့ မဟုတ်ဘူး။ အစိုးရတွေက ILO သဘောတူညီချက်ထဲ လွတ်လပ်စွာသင်းပင်းဖွဲ့ခွင့်ဆိုတာကို လက်မှတ်ထိုးထားလို့သာ ဒီအခွင့်အရေးကို အသင့်အတင့်ပေးတဲ့သဘောပဲ။ 

အာဏာသိမ်းပြီးနောက်တော့ သမဂ္ဂဖွဲ့ခွင့်ဆိုတာက ရပ်သွားသလိုတောင် ဖြစ်သွားပြီ။ အလုပ်သမားတွေ အဓိကရင်ဆိုင်နေရတာက သူတို့စားဝတ်နေရေးနဲ့ အလုပ်တည်မြဲရေးကို ဦးတည်လုပ်နေရတာ။ တစ်ချိန်တည်းမှာ တချို့အလုပ်ရှင်တွေက အလုပ်သမားဥပဒေတွေကို ပိုပြီးမျက်ကွယ်ပြုလာတယ်။ အလုပ်သမားတွေကို ပေးရမဲ့ အခွင့်အရေးတွေကို မျက်ကွယ်ပြုလာတယ်။ အရင်ကလည်း မျက်ကွယ်ပြုမှုတွေ ရှိပါတယ်။

ဒါပေမဲ့ တိုင်ကြားရေးစနစ်တွေ အားကောင်းတယ်။ ဒီနေ့လည်း တိုင်ကြားရေးစနစ်တွေတော့ရှိတယ်။ ဒါပေမဲ့ အရင်လို တက်တက်ကြွကြွနဲ့ ဦးဆောင်လုပ်ကိုင်ပေးမယ့်သူမျိုးတွေက ပြည်တွင်းမှာ နည်းနည်းပဲ ကျန်တော့တယ်။ တချို့အဖွဲ့တွေက ပြည်ပကို ထွက်သွားတယ်။ 

ဒီတော့ ဥပဒေဆိုင်ရာ အခွင့်အရေးတွေ ဆုံးရှုံးလာတယ်။ အရင်လို အခွင့်အရေးထက် အလုပ်တည်မြဲဖို့၊ လုပ်ခပိုကောင်းဖို့၊ လုပ်ငန်းခွင်အခြေအနေ ပိုကောင်းလာဖို့ကို အခြေအနေကြည့်ပြီး လုပ်နေရတာဆိုတော့ သမဂ္ဂဖွဲ့ခွင့်ကတော့ ရပ်နေသလိုဖြစ်တယ်။

မေး – ပြည်တွင်းမှာပဲနေပြီး အလုပ်သမားအရေးတွေ ဆက်လုပ်နေတဲ့အခါ လုံခြုံရေးအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ – ပြဿနာက ဟိုဘက်ဒီဘက်ဗျ။ ပြည်ပကို ရောက်သွားတဲ့ အလုပ်သမားအဖွဲ့အစည်းတချို့နဲ့ ကျွန်တော်တို့ကြားမှာလည်း သဘောထားမတိုက်ဆိုင်တာတွေရှိတယ်။ ကျွန်တော်တို့က စစ်အုပ်ချုပ်ရေးကို အခုမှ ကြုံဖူးတာ မဟုတ်ဘူး။ အလုပ်သမားရေးကို ကျနော်၂၀၀၅ ကတည်းက လုပ်ခဲ့တာ။ 

အဲဒီကာလကို ဖြတ်သန်းဖူးတယ်။ အဲဒီတုန်းကလဲ အခုလို လုပ်ခဲ့တာပဲ။ ပွင့်လင်းလာတဲ့ အရပ်ဘက်အုပ်ချုပ်ရေးရောက်တော့လည်း လွတ်လပ်တဲ့အခြေအနေတစ်ခုမှာ လွတ်လပ်သလို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့တယ်။ ဒီနေ့ အရင်လို အုပ်ချုပ်ရေးဟောင်းကို ပြန်ရောက်သွားတော့လည်း အရင်နည်းနာတွေအတိုင်း လုပ်သွားရတာပေါ့။

ပြင်ပက တချို့အဖွဲ့တွေကလည်းပြောတာပေါ့။ လက်ရှိမှာ အလုပ်သမားဌာနတွေကို အလုပ်သမားပြဿနာတွေကို ဖြေရှင်းပေးတဲ့ကိစ္စတွေမှာ သူတို့က ကန့်ကွက်တာ၊ ရှုတ်ချတာ လုပ်ကြတယ်။ ဒီဘက်က ရှိနေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကလည်း ကျွန်တော်တို့ ဘယ်လောက်ခြေလှမ်းကျယ်လာမှာလဲပေါ့။

ဘယ်လောက်ထိ စုစည်းလာမှာလဲ။ သူတို့ရဲ့အုပ်ချုပ်ရေးကို ဘယ်လောက်ထိ အန်တုလာမှာလဲ။ ဒီလိုအမြင်တွေနဲ့ စောင့်ကြည့်မှုတွေတော့ ရှိနေတယ်။ ကျွန်တော်တို့က ရိုးရိုးရှင်းရှင်းပါပဲ။ ကျွန်တော်တို့ အလုပ်သမားအခွင့်အရေးကို အနည်းဆုံးတော့ အုပ်ချုပ်ရေး လေးဆက်လောက်မှာ ပြောလာတာပဲ။ 

ကျွန်တော်တို့ကတော့ အလုပ်သမားတွေနဲ့ စဉ်ဆက်မပြတ်ထိတွေ့ရေးကို အရင်လိုပဲ ဆက်လုပ်နေတယ်။

မေး – စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ရတဲ့ အခြေအနေကို ပြောပြပါဦး။

ဖြေ – ကျွန်တော်တို့က အလုပ်သမားဌာနတွေနဲ့ပဲ။ ဒီရက်ပိုင်းတောင် အလုပ်ထုတ်ခံရတာတွေနဲ့ ပတ်သက်လို့ ခုံသမာဓိကောင်စီကို တက်တဲ့ကိစ္စ လိုက်စီစဉ်ပေးနေတာရှိတယ်။ ခုံသမာဓိကောင်စီက လက်ရှိ အလုပ်သမားကိုယ်စားလှယ်က ကျွန်တော်တို့ဆီ ဆက်သွယ်တယ်။ အရင်က ခုံသမာဓိကောင်စီကို တက်လာတဲ့ အမှုတွေက အလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့တွေ၊ သမဂ္ဂတွေက ရေးပေးလိုက်တော့ စနစ်တကျနဲ့ ရောက်လာတယ်။ အမှုတွေဖြေရှင်းပေးရတာ ကောင်းတယ်။ 

အခုကျ အလုပ်သမားတွေဆီက တက်လာတဲ့အမှုတွေက ဘာအချက်အလက်မှ မပါတော့ ကိုယ့်ဘက်က မှန်နေရက်နဲ့ နစ်နာမှုတွေဖြစ်တယ်လို့ ပြောတယ်။ ကိုယ့်ဘက်ကလည်း မှန်နေတယ်၊ ရသင့်တဲ့ အခွင့်အရေးဆိုရင် ကျွန်တော်တို့က လိုအပ်သလို ဆောင်ရွက်ပေးလိုက်တယ်။ 

ဒီနေရာမှာ ကျွန်တော်တို့ ဆက်ဆံနေတယ်ဆိုတာက အဆင့်ဆင့်တည်ရှိနေတဲ့ အလုပ်သမားဌာနတွေကို ဆက်ဆံတာပါ။ လိုအပ်ရင် ဥပဒေတွေက ကိုလိုနီခေတ်ကနေ ဒီနေ့အထိ အလုပ်သမားအခွင့်အရေးတွေကို ကာကွယ်ဖို့ ပြဋ္ဌာန်းထားတာ။ ဒီဥပဒေတွေက ပျက်ပြယ်သွားတာ မဟုတ်ဘူး။ ဒီနေ့အထိ ရှိနေတယ်။ အဲဒီအခွင့်အရေးတွေကို ရယူရမယ်။

အဲဒီဥပဒေတွေကို စည်းကြပ်တဲ့ ဌာနတွေကို မလွဲမသွေ ရပိုင်ခွင့်နဲ့ပတ်သက်လို့ သွားရမှာပေါ့။ ကျွန်တော်တို့ကို လက်ရှိစစ်ကောင်စီနဲ့ ဆက်ဆံနေသလားပေါ့ ပြောတယ်။ ကျနော်တို့ပြောတာက အလုပ်သမားတစ်ယောက် အလုပ်ထုတ်ခံရတဲ့ကိစ္စကို ဘယ်ကိုသွားတိုင်ရမလဲ။ ရှိတဲ့ဌာနကိုပဲ တိုင်ရမှာပဲ။ ကျွန်တော်တို့ အခွင့်အရေး ဒါ ခင်ဗျားတို့လုပ်ပေး ဒါပဲပြောရမှာလေ။ လုပ်မပေးရင် သူတို့ရဲ့ ဥပဒေချိုးဖောက်မှုပဲ။ ကျွန်တော်တို့ကတော့ ဒီတိုင်းပဲ သွားနေတယ်။

မေး – အခုကာလမှာ ဘယ်လိုအမှုတွေ ဖြေရှင်းပေးဖို့ လာအကူအညီတောင်းကြလဲ။

ဖြေ – ပြီးခဲ့တဲ့လေးလလောက်က အမှုတစ်ခုဆိုရင် ဒဂုံအရှေ့ခြမ်းက စက်ရုံတစ်ရုံက ပိတ်ပြီး လုပ်ခလစာအငြင်းပွားမှုဖြစ်တယ်။ အလုပ်သမားတွေက ရသင့်တဲ့ လခမရဘူး။ ခြောက်လလောက် အလုပ်သမားတွေဆို ဘာခံစားခွင့်မှ မရဘူး။

ပထမတော့ အလုပ်သမားတွေက ကျနော်တို့ဆီ ဖုန်းဆက်တယ်။ စက်ရုံထဲမှာ ဆန္ဒပြပွဲလုပ်မယ်လို့ ပြောတယ်။ ကျွန်တော်တို့က ဒီအချိန်မှာ ဆန္ဒမပြနဲ့၊ ဆန္ဒပြရင် ခင်ဗျားတို့တောင်းဆိုတာနဲ့ တစ်ဖက်က ထင်ခံရမှာက တခြားဖြစ်သွားရင် ကိုယ်လိုချင်တာ မရဘဲ ပိုအကျပ်အတည်းဆိုက်သွားမယ်။ ဒီတော့ အလုပ်ရှင်နဲ့ တိုက်ရိုက်ညှိနှိုင်းဖို့ တင်ခဲ့တယ်။ အလုပ်ရှင်ကလည်း လက်ခံတော့ ကျွန်တော်တို့ ညှိနှိုင်းပေးတယ်။ အလုပ်သမား ၈၀၀ ကျော်ရဲ့ လခတွေရတယ်၊ အောင်မြင်ခဲ့တယ်ပေါ့။

အများအားဖြင့်က အလုပ်သမားတွေမှာ ဖြစ်နေတာ ဒီဘက်ခေတ်မှာ အလုပ်ရပ်စဲလိုက်တယ်၊ နစ်နာကြေး မှန်မှန်ကန်မရဘူး။ ဒီဘက်ကာလမှာ ဖြစ်နေတာက အမြဲတမ်းခန့်ဝန်ထမ်းတွေကို ဖြုတ်လိုက်ပြီး နေ့စားအဖြစ် ပြန်ခန့်တာမျိုးပေါ့။ နေ့စားတွေကို အမြဲတမ်းခန့်ရမဲ့ အချိန်ရောက်လာရင် ပြန်ဖြုတ်လိုက်တာတို့ လုပ်ငန်းရှင်က ဥပဒေချိုးဖောက်တဲ့ ကိစ္စတွေပေါ့။ 

ဒါတွေတက်လာတယ်။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ အခြေအနေကို ကြည့်ပြီး ပြည်ပလုပ်ငန်းရှင်တစ်ချို့က လူလည်ကျတာပေါ့ဗျာ။ အမြဲတမ်းခန့်ရမဲ့အလုပ်သမားကို နေ့စားအဖြစ် ခန့်လိုက်တော့ တစ်လမှာ လုပ်ခလစာ ၆ ရက်လောက် သက်သာသွားတယ်။ အဲဒီလိုလူမျိုးကို ရာနဲ့ချီခန့်ထားလိုက်တော့ သူတို့အတွက် အကျိုးအမြတ်အများကြီးဖြစ်တယ်။ 

ဒီဘက်မှာကျ အကုန် စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်ကုန်တယ်။

မေး – အရင်က စက်ရုံတွေမှာ သမဂ္ဂတွေအပြင် အလုပ်သမားကိုယ်စားလှယ်တွေရှိခဲ့တယ်။ အခုကော ရှိသေးလား။ ဘယ်လိုအခြေအနေရှိပါသလဲ။ 

ဖြေ – အာဏာသိမ်းပြီးတော့ အခြေအနေ နည်းနည်းတည်ငြိမ်သွားတော့ သူတို့အလုပ်သမားဝန်ကြီးဌာနမှာ အငြင်းပွားမှုနဲ့ ပတ်သက်တဲ့ ဖြေရှင်းရေးယန္တရားကို သူတို့ပြန်လုပ်တယ်။ အဓိကတော့ စက်ရုံတိုင်းမှာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွေ ပြန်လုပ်တယ်။ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) လို့ ခေါ်တာပေါ့။ 

အုပ်ချုပ်ရေးဘက်က ပြောထားတာက စက်ရုံတိုင်းမှာ ဖြစ်လာသမျှ စက်ရုံတွေက WCC နဲ့ အရင်မရှင်းဘဲနဲ့ အပေါ်ကို တက်ခွင့်မပေးဘူး။ အဲဒီတော့ တချို့နေရာတွေမှာ သမဂ္ဂတော့ မရှိဘူး WCC ရှိတယ်ပေါ့။ သို့သော် WCC ဆိုတာက အလုပ်ရှင်အလုပ်သမား အချိုးကျဖွဲ့တယ်ဆိုပေမဲ့ လွတ်လပ်ပါတယ်ဆိုတဲ့ အရင်အစိုးရနှစ်ဆက်မှာတောင် WCC ကို အလုပ်ရှင်စိတ်ကြိုက်ဖွဲ့တာ ပိုများတယ်။ ဒါကြောင့်မို့ WCC မှာ မရှင်းနိုင်ဘူး။

သမဂ္ဂတွေကတော့ စက်ရုံတွေ ပိတ်သိမ်းသွားတာလည်း ပါတယ်။ လူတွေလည်း တကွဲတပြားဖြစ်သွားတဲ့အပေါ်မှာ တချို့သမဂ္ဂတွေက ဖွဲ့စည်းပုံပျက်သွားတဲ့သဘောရှိတယ်။ အဲဒီသမဂ္ဂတွေ ပြန်ဖွဲ့နိုင်လားဆိုတော့ ဖွဲ့နိုင်တဲ့အနေအထား မရှိဘူး။ တချို့စက်ရုံတွေမှာ သမဂ္ဂရှိတယ်။ ဒါပေမဲ့ မလုပ်နိုင်ဘူး ရပ်နေတယ်။ 

သမဂ္ဂရဲ့လှုပ်ရှားမှုက မရှိသလောက် နည်းပါးသွားတယ်။ အဲဒီတော့ စက်ရုံထဲက အလုပ်သမားအရေးကိစ္စတွေမှာ သမဂ္ဂတွေက တွန်းတွန်းတိုက်တိုက် လျော့ကျသွားတယ်။ လုပ်ငန်းရှင်တချို့က ခြိမ်းခြောက်တယ်၊ အလုပ်သမားတွေရဲ့ ညီ ညွတ်မှု အားလျော့သွားတာရယ်၊ မိမိအခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင်မရယူတတ်တာရယ်ကို အကြောင်းပြုပြီး လူလည်ကျတာပေါ့။

မေး – အခုချိန်မှာ အလုပ်သမားအခွင့်အရေး ဆန္ဒပြသပိတ်တိုက်ပွဲနဲ့ တောင်းဆိုဖို့ လွယ်ကူပါဦးမလား။

ဖြေ – အလုပ်သမားတိုက်ပွဲမှ မဟုတ်ဘူး၊ ဘယ်တိုက်ပွဲမဆို ဘယ်အုပ်ချုပ်ရေးက ခွင့်ပေးလို့လဲ။ ကျွန်တော်တို့ အလုပ်သမားတိုက်ပွဲက အခြားနိုင်ငံရေးတိုက်ပွဲတွေနဲ့ သိပ်မတူဘူး။ ကျောင်းသားသမဂ္ဂတွေရဲ့ တိုက်ပွဲပုံစံဆိုရင် ယုံကြည်မှုကို အခြေခံပြီး ထွက်တယ်။

ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သူတို့ စုစည်းထားတယ်၊ သူတို့ ယုံကြည်မှုတစ်ခုရှိရင် အဲဒီတိုက်ပွဲကို ထွက်တယ်။ ကျွန်တော်တို့ အလုပ်သမားတွေရဲ့ တိုက်ပွဲကျ ဘဝလိုအပ်ချက်က စတယ်။ ဘဝလိုအပ်ချက်ကြီးရင် ကြီးသလို အဝန်းအဝိုင်းကြီးရင်ကြီးသလို တိုက်ပွဲကြီးတယ်။ သပိတ်တိုက်ပွဲတိုင်းမှာလည်း ကျွန်တော်တို့ လိုအပ်ချက်ရမှ ဖြစ်မှာ။ 

ဒါကြောင့် ကျွန်တော်တို့က အလွယ်မတိုက်ဘူး။ ဘယ်အုပ်ချုပ်ရေးဘက်ကမှတော့ ခွင့်မပြုဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ထမင်းငတ်လာရင်တော့ တောင်းရမှာပဲ ဒါရှင်းရှင်းလေးပဲ။ လုပ်ငန်းခွင်ထဲ လုပ်နေပြီး စားရမဲ့မဲ့ သောက်ရမဲ့မဲ့တွေ ဆိုးသထက်ဆိုးလာရင် သိန်းနဲ့ချီဖြစ်လာရင် တိုက်ပွဲက လမ်းပေါ်ထွက်လာမှာပဲ ဘယ်သူမှ လှုံ့ဆော်စရာ မလိုဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button