
မြန်မာပြည်အရပ်ရပ်တွင် ပေါ်ပေါက်ခဲ့သော ကြက်ဆူပင် စီမံကိန်း၏ နောက်ဆက်တွဲ ဖြစ်ထွန်းမှုများထဲတွင် အငြင်းပွားဖွယ် ဖြစ်ရပ်တချို့လည်း ပါဝင်နေသည်။
ရန်ကုန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၆၂ ရပ်ကွက်တွင် ကျူးကျော်ဆောက်လုပ်ထားသည်ဟု ဆိုသော နေအိမ်များ၊ အလုပ်ရုံများကို ဒေသဆိုင်ရာ အာဏာပိုင်တို့က ယနေ့ နံနက်ပိုင်းတွင် လူအင်အား ၇ဝဝ နီးပါးနှင့် စက်ယန္တရားများ သုံးပြီး ဖျက်ခဲ့သည်။
တပ်မတော်အစိုးရလက်ထက် ၆၅ ဧက ကျုယ်ဝန်းသော ကြက်ဆူပင်စိုက်ခင်းဖြစ်ခဲ့သည့် ထိုနေရာသည် လွန်ခဲ့သည့် ၁၅ နှစ်ခန့်က လူနေထိုင်၊ အလုပ် လုပ်ကိုင်သည့် နေရာ ဖြစ်လာရာ အသေးစား စက်ရုံလုပ်ငန်း ၇ဝ ကျော်၊ နေအိမ် ၁၅ဝ ကျော် ရှိလာသည်ဟု သိရသည်။
ရှင်းလင်းမှုအတွက် မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လူအင်အား ၁ဝ ဦးစီ ပေးပို့ခဲ့ကြောင်း၊ မြို့နယ်အတွင်းရှိ လူမိုက်ဟု ကျော်စောနေသူများကိုလည်း ခေါ်ယူ အသုံးပြုခဲ့ကြောင်း ယနေ့ နံနက်ပိုင်း ရှင်းလင်းရေးတွင် ပါဝင်ခဲ့ရသည့် အမည်မဖော်လိုသူ တစ်ဦးက Myanmar Now ကို ပြောသည်။
“မနေ့ကတည်းက သူတို့ ကျွန်တော်တို့ကို ကြိတ်ခေါ်ထားတာ။ အဲဒီကလူတွေကိုတောင်မှ ကြိုတင်ပြောင်းဖို့ သွားမပြောတော့ဘူး။ ဒီမနက် ၄ နာရီကတည်းက လူစုပြီး စတင်လုပ်တာ။ အလုပ်ရုံတွေမှာ လူမရှိဘဲ ထားခဲ့တဲ့ ပစ္စည်းတွေပဲ ရှိတာ။ နေအိမ်တွေကတော့ လူတွေရှိတယ်။ တချို့ကတော့ အိမ်ထဲက ပစ္စည်းတွေ အပြင်ထုတ်နိုင်ပေမယ့် တချို့အိမ်တွေ အပြင်တောင် မထုတ်နိုင်တာကို တွေ့ရတယ်” ဟု သူက ဆိုသည်။
မြေတူးစက်များဖြင့် နေအိမ်များကို ဖြိုဖျက်နေသည်ကို တွေ့ရသည်။ အဝင်ဝလမ်းများအားလုံးကို ရဲတပ်ဖွဲ့ဝင်များနှင့် ပန်းရောင်အင်္ကျီဝတ်ထားသူများက ပိတ်ဆို့ကာ သတင်းသမားများအပါအဝင် မည်သူ့ကိုမျှ ဖြတ်သန်းသွားလာခွင့် မပြုခဲ့ပေ။
ကြက်ဆူဧရိယာ
တပ်မတော်အစိုးရလက်ထက်က အကုန်အကျခံပြီး နိုင်ငံအနှံ့အပြား ကြက်ဆူပင်စိုက်ခင်းစီမံကိန်း ဖော်ဆောင်ခဲ့သည်။ ကြက်ဆူပင်မှ လောင်စာဆီထုတ်လုပ်မည်ဟု ဝါဒဖြန့်ခဲ့သော်လည်း ယခုအခါ ကလေးများ ကြက်ဆူသီး စားမိသဖြင့် ဆေးရုံရောက်ရသည့် သတင်းတချို့သာ နောက်ဆက်တွဲရလဒ်အဖြစ် ထွက်ပေါ်လာသည်။
ဗေဒင်ကိန်းခန်းသဘောအရ ထိုစီမံကိန်း ပေါ်ပေါက်လာသည်ဟူသော စွပ်စွဲချက်တို့ကို စစ်အစိုးရက ဖြေရှင်းခြင်း မပြုခဲ့ပေ။
တောင်ဒဂုံ ကြက်ဆူစီမံကိန်းနေရာတွင် မြေကွက်ဝယ်ယူပြီး စက်ရုံဆောက်ခဲ့သည်ဟုဆိုသော လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုမျိုးမင်းထွန်းက ပြောင်းရွှေ့ဖယ်ရှားကြရန် သတိပေးစာတစ်စောင် ဇူလိုင်လအတွင်း အာဏာပိုင်တို့က ပေးပို့ခဲ့ကြောင်း၊ ယနေ့ ရုတ်တရက် အင်အားသုံးဖြေရှင်းမှုတွင် သူ၏ အလုပ်ရုံအတွင်းမှ သိန်းတစ်ရာကျော် တန်ဖိုးရှိသည့် ပစ္စည်းများနှင့် ပတ်သက်ပြီး စိတ်ပူကြောင်း ပြောသည်။
“ကျွန်တော်တို့ အလုပ်စလုပ်တော့ ဒီကြက်ဆူစိုက်ခင်း ပိုင်ရှင်ဆိုသူထံမှ မြေပေ ၄ဝ – ၆ဝ လောက်ကို သိန်း ၇ဝ ကနေ ၁ဝဝ ကျော် အထိ ပေးပြီးတော့ ဝယ်ခဲ့ရတာ။ အခု ကျွန်တော်တို့ လုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေတဲ့ အလုပ်သမား ဦးရေက တစ်ထောင်ကျော်တောင် ရှိတယ်။ ကျွန်တော်တို့အလုပ်ရုံထဲက ကျန်ခဲ့တဲ့ ပစ္စည်းတွေ ဘယ်လိုနေမလဲ မသိဘူး။ ပျောက်ပျက်လို့ကတော့ ကျွန်တော်တို့က ပြန်တရားစွဲသွားမယ်” ဟု သူက ဆိုသည်။
ပြောင်းရွှေ့ရန် သတိပေးစာ ပို့ပြီးနောက်တွင် မြို့နယ်အာဏာပိုင်တို့က ပြောင်းရွှေ့ကြေး ၅ သိန်းမှ ၁၅ သိန်းအထိ အသီးသီး ရယူကြရန် ကမ်းလှမ်းခဲ့သည်ဟု လွန်ခဲ့သော ၁ဝ ခန့်ကတည်းက ထိုနေရာတွင် နေထိုင်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။
နိုင်ငံတော်သမ္မတအထိ အသနားခံစာ တင်ခဲ့ကြသော်လည်း ထူးခြားမှု မတွေ့ရဟု ဆိုသည်။ ဒေသန္တရ အုပ်ချုပ်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် နေအိမ်အများအပြားက ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြောင်း၊ အသေးစားအလုပ်ရုံအများစုက လက်ခံရန် ငြင်းပယ်ကြခြင်းမှာ ၃ သိန်းမှ ၅ သိန်းအထိသာ ရနိုင်သောကြောင့် ဖြစ်မည်ဟု ယူဆကြောင်း သူက ဆက်ပြောသည်။
“ကျွန်မတို့ကို သတိပေးစာ တစ်ကြိမ်ပဲ ပေးတယ်။ ကျွန်မတို့ စတင်နေထိုင်တုန်းက ငွေပေးပြီး နေရာဝယ်ခဲ့ရတဲ့ ကြက်ဆူစိုက်ခင်း ပိုင်ရှင်ဆိုသူကလည်း ဘာမှ တာဝန်ပြန်မယူပေးဘူး။ ဒီနေ့ဖျက်တာတောင် ကျွန်မတို့ကို ဘာမှ အသိမပေးဘဲ ဒီမနက်မှ အိမ်ကပစ္စည်းတွေ သယ်နိုင်တာ သယ်ကြ၊ အခုဖျက်မယ်ဆိုပြီး မြေတူးစက်တွေနဲ့ တစ်ခါတည်း အိမ်ကို ဖိဖျက်လိုက်တာ။ ပစ္စည်းတော်တော်များများက အိမ်ကိုဖျက်တဲ့အထဲမှာ ပါသွားသေးတယ်” ဟု သူက ဆိုသည်။
နစ်နာသူများအရေး
တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မိမိတို့သည် လုံခြုံရေးကိုသာ တာဝန်ယူရခြင်းဖြစ်ပြီး ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
ယနေ့နံနက်ပိုင်း ရှင်းလင်းမှုနှင့် ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဆက်သွယ်မေးမြန်းခွင့် မရသေးပေ။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နှင့် သက်ဆိုင်သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ယခုကိစ္စတွင် တိုင်းအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာကုမ္ပဏီတို့ မည်သို့ အကျိုးတူဆောင်ရွက်နေသည်ကို သူကိုယ်တိုင် တိတိကျကျ မသိရှိသေးကြောင်း၊ နစ်နာသူများအရေးကိုလည်း မည်ကဲ့သို့ လုပ်ဆောင်ရနိုင်မည်ကို နည်းလမ်း ရှာဖွေသွားမည်ဖြစ်ကြောင်း ရှင်းပြသည်။
“ကျွန်တော်လည်း ဘာ့ကြောင့်ဆိုတာ မပြောနိုင်သေးဘူး။ ဘယ်လို အကျိုးတူလုပ်ကြတယ်ဆိုတာ မသိတာ။ နောက်ပြီး ဒီလိုဖယ်ရှားတဲ့နေရာ သတင်းမီဒီယာတွေကိုပါ ဝင်ရောက်ခွင့် မရှိတာတော့ ပွင့်လင်းမြင်သာမှု မရှိဘူး။ ဒါ မဖြစ်သင့်ဘူး။ ကျွန်တော် လိုအပ်ရင် လွှတ်တော်မှာ မေးခွန်းမေးသွားမယ်” ဟု သူက ဆိုသည်။