
၁၅ နှစ်အရွယ် သမီးကြီးဖြစ်သူ အမြတ်တနိုးပန်ဆင်ထားသည့် ရွှေနားကပ်ကို ချွတ်ကာ မိခင်ဖြစ်သူ ဒေါ်ခင်က တွေဝေခြင်း အလျှင်းမရှိဘဲ ငွေဖလားထဲကို ကမ်းထည့်ပေးလိုက်သည်။
ဇွန်လဆန်းပိုင်းက မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ကျေးရွာတစ်ခုတွင် နိုင်ငံရေးဟောပြောပွဲအပြီး အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်ခုခံနေသော တော်လှန်ရေးတပ်ဦးကို နားမှ နားကပ်ဖြုတ်လှူနေကြခြင်းဖြစ်သည်။
“ယောက်ကျားမှာ ဖိနပ်၊ မိန်းမမှာ နားကပ်” ဟု ဆိုရိုးရှိသည့်အတိုင်း သမီးမိန်းကလေးမှန်ရင် နားကပ်ရှိမှ တင့်တယ်သည်ဟူသော အယူအဆကို စစ်အာဏာရှင်လက်အောက်တွင် ထည့်သွင်းစဉ်းစားရန် မလိုအပ်တော့ဟု ဆုံးဖြတ်ကာ ရှိစုမဲ့စု နားကပ်တစ်ရန်ကို ဒေါ်ခင်တို့သားအမိနှစ်ဦး စိတ်တူကိုယ်တူ ချွတ်လှူလိုက်ခြင်းဖြစ်သည်။
ဒေါ်ခင်တို့သားအမိမှာ မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတစ်ခုမှဖြစ်သည်။ မကွေးတိုင်းအစွန်ဆုံးရှိ မြိုင်မြို့နယ်မှာ စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်အချို့နှင့် ထိစပ်နေသည့်ပြင် ချင်းပြည်နယ်အတက် ယောဒေသနှင့်လည်း ဆက်လျက်ကပ်လျက်ရှိသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ အားကောင်းရာ ဒေသဖြစ်ကာ စစ်ကောင်စီတပ်ကလည်း မကြာခဏ စစ်ကြောင်းထိုးပြီး မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည်။
“ပြည်သူလူထုတွေ သေတာလည်း မြင်နေရတော့ မခံစားနိုင်လို့ပါ။ အခုနေကတော့ စားစရာ မရှိရှိပါ။ သူတို့အတွက် ကျည်ဆန်တစ်တောင့်ဖိုးပဲရရ၊ နှစ်တောင့်ဖိုးပဲ ရရဆိုပြီး ချွတ်ပြီးတော့ လှူလိုက်ကြတာ။ ကိုယ့်ခံစားချက်နဲ့ကိုယ်ပေါ့။ နားကပ်က သိပ်တော့မရှိပါဘူး” ဟု အသက် ၄၀ နီးပါးအရွယ် ဒေါ်ခင်က ဆိုသည်။
တစ်နေ့လုပ်တစ်နေ့စား ချွေးနှဲစာငွေကြေးဖြင့် သမီးဖြစ်သူအတွက် ဝယ်ယူပေးခဲ့သည့် ထိုနားကပ်မှာ ဝယ်ယူစဉ်က ကျပ် ၆၀,၀၀၀ ဝန်းကျင်သာ တန်သည်။ သို့သော် ထိုနားကပ်က သူတို့မိသားစုတွင် တန်ဖိုးအကြီးမားဆုံးပိုင်ဆိုင်မှုတစ်ခုဟု ဆိုနိုင်သည်။

လွန်ခဲ့သည့် ရှစ်နှစ်က အမျိုးသားဆုံးပါးသွားသောကြောင့် သမီးကြီးနှင့် ၁၂ နှစ်အရွယ် သားငယ်ကို ဒေါ်ခင်တစ်ယောက်တည်း ခက်ခက်ခဲခဲ လုပ်ကိုင်ကျွေးမွေးခဲ့ရသည်။ ကျောင်းမနေခဲ့ဖူးသော ဒေါ်ခင်မှာ လက်လှုပ်မှ ပါးစပ်လှုပ်ရသော နေ့စားသမားတစ်ဦးဖြစ်သည်။
သန်းနှင့်ချီသော ပြည်သူများ မျက်ရည်ပေါက်ကြီးငယ်ကျရုံမျှမက အသက်အိုးအိမ်စည်းစိမ်ကို တစ်စစီ ချိုးဖဲ့ဖျက်ဆီးနေသော အာဏာသိမ်းစစ်အုပ်စုကို ခုခံတိုက်ခိုက်ရန် အုပ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် သမီးနားကပ်ကို ဖြုတ်လှူခြင်းဖြစ်သည်ဟု ဒေါ်ခင်က ဆိုသည်။
“စစ်အာဏာရှင်အောက်မှာလည်း မနေချင်တော့ဘူး။ စစ်ဖိနပ်အောက်မှာလည်း ဒူးမထောက်ချင်တော့ပါဘူး။ ပြည်သူလူထုတွေ တော်တော်လည်းခံစားရတယ်” ဟု သူက ဆိုသည်။
ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အရပ်သားအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က တိုင်းပြည်အာဏာ သိမ်းယူခဲ့သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ပြည်သူများ သတ်ဖြတ်ခံရပြီးနောက် အခြားဒေသများနည်းတူ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာသည်။
မကွေးတိုင်း မြိုင်မြို့နယ်သည် စစ်ကောင်စီက စစ်ဆင်ရေးအကြီးအကျယ်ဆင်နွှဲနေသည့် စစ်ကိုင်းတိုင်း ပုလဲ၊ ဆားလင်းကြီးမြို့နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး လက်နက်ကိုင်ခုခံစစ်အားကောင်းသည့် ဒေသတစ်ခုဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို လက်နက်မပြည့်မစုံဖြင့် ခုခံတိုက်ခိုက်နေရသောကြောင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ အဓိကလိုအပ်သည့် လက်နက်များတပ်ဆင်ရန် မြိုင်မြိုနယ်အတွင်းမှ အမျိုးသမီးများသည် ဒေါ်ခင်နည်းတူ ရှိစုမဲ့စုရွှေနားကပ်များ ချွတ်ပေးနေကြသည်။
မြိုင်မြို့နယ်အတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ၊ လူထုတွေ့ဆုံပွဲများနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ ခရီးစဉ်များတွင် ဒေသခံတို့က နားကပ်၊ လက်စွပ်၊ ဆွဲကြိုး၊ လက်ကောက် စသည့် ရွှေထည်လက်ဝတ်ရတနာများ ထောက်ပံ့လှူဒါန်းကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တက်နိုင်သည့်ဘက်မှ ပုံသဏ္ဌာန်မျိုးစုံဖြင့် ထောက်ပံ့လျက်ရှိရာ အမျိုးသမီးများ အမြတ်တနိုးဝတ်ဆင်သည့် ရွှေနားကပ်ချွတ်ပေးခြင်းကို မြိုင်မြို့နယ်တွင် ပထမဆုံးတွေ့ရခြင်းဖြစ်သည်။ သူတို့တွင် နားကပ်မှလွဲ၍ အခြားပေးစရာ ငွေလည်းမရှိပေ။
“တောင်သူလုပ်တာ။ စီးပွားရေးကတော့ အဆင်မပြေဘူးပေါ့။ အညာမှာက ခြောက်ခန်းတယ်လေ။ ပိုက်ဆံမရှိတော့ နားတောင်းချွတ်လှူလိုက်တာပေါ့။ ကျွန်မကတော့ ကျည်ဆန်ဖိုးပဲရရ၊ လက်နက်ဖိုးပဲရရ စိတ်ဓာတ်နဲ့ လှူတာပါ” ဟု သက်လတ်ပိုင်းအရွယ် အမည်မဖော်လိုသူ မြိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အပူပိုင်းဇုန်ရှိ မြိုင်မြို့နယ်တွင် မြစ်တစ်စင်းမျှ ဖြတ်သန်းစီးဆင်းခြင်းမရှိပေ။ မိုးကိုသာ မျှော်ကိုး၍ ယာလုပ်ကြရသည်။ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး ပိုကျပ်တည်းသည်။ မြေပဲ၊ နှမ်း၊ ပြောင်းနှင့် ပဲစင်းငုံတို့ စိုက်ပျိုးထားသော်လည်း စစ်တပ်ရန်ကြောင့် စိတ်ဖြောင့်ဖြောင့် မလုပ်ကိုင်နိုင်ကြပေ။
သွားရေးလာရေး ခက်ခဲသဖြင့် စိုက်ပျိုးထားသည့် သီးနှံများပေါ်လျှင်ပင် မြို့ကို တက်ရောင်းရန် မလွယ်ကူကြောင်း၊ စစ်တပ်က နေရာတကာ မထင်လျှင်မထင်သလို ဖမ်းဆီးနှိပ်စက်သဖြင့် မသွားရဲမလာရဲဖြစ်နေကြောင်း မြိုင်ဒေသခံတို့က ဆိုသည်။
စစ်ကောင်စီလက်ချက်ကြောင့် ဒေသတိုင်းတွင် စီးပွားရေးထိခိုက်ပြီး လူအများ ဒုက္ခရောက်နေချိန် လက်ဝတ်ရတနာများကို မဆင်မြန်းလိုတော့ကြောင်း နောက်ထပ် မြိုင်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်အာဏာရှင်လက်ထက်တွင် ရွှေငွေစည်းစိမ်းများသာမက လူ့အသက်သည်ပင် အာမခံချက်မရှိသလို အာဏာရှင်စနစ် ပြုတ်မကျမချင်း လုံခြုံမှုမရှိနိုင်ကြောင်း မိဘအမွေ ခြောက်သောင်းတန် ရွှေနားကပ်ချွတ်ပေးခဲ့သည့် အသက် ၂၁ နှစ်အရွယ် ထိုအမျိုးသမီးက ဆိုသည်။
“ရွှေနားကပ်၊ နားရန်းတွေ ဝတ်ဆင်ပြီး နေတာထက်စာလို့ရှိရင် ကျွန်မတို့ ရှိသမျှ အရာပစ္စည်းတွေကို ရောင်းချပြီးတော့ ဒီတော်လှန်ရေးကြီးမှာ စစ်အာဏာရှင်ပြုတ်ကျဖို့ ကျွန်မတို့ ဘာလုပ်နိုင်လဲဆိုတာ ရဲရဲဝံ့ဝံ့တွေးရမယ်။ ရဲရဲဝံ့ဝံ့တွေးပြီးရင် ရဲရဲဝံ့ဝံ့ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ဝတ်ရတနာကို “ရှိတန်ဆာ၊ မရှိဝမ်းစာ” အတွက် ဝယ်ယူခဲ့သော်လည်း အာဏာရှင်လက်ထက်တွင် တော်လှန်ရေးအောင်မြင်ရန် အခရာကျသဖြင့် ၁၀ နှစ်ကြာ ပန်ဆင်ခဲ့သည့် နားကပ်ကို ချွတ်ပေးခဲ့ကြောင်း အသက် ၃၀ အရွယ် မြိုင်ဒေသခံ မမို့မို့ကလည်း ပြောသည်။
“စစ်သားက ကျွန်မကို သေနတ်နဲ့ ပစ်သတ်မှာထက်စာရင် ဒီနေ့ရောဂါဖြစ်လို့ သေသွားလဲ ကိစ္စမရှိဘူး။ ဘာမှမဖြစ်ဘူး။ ကျွန်မတို့က ကိုယ့်ရဲ့ကျန်းမာရေး စီးပွားရေးတွေလည်း မတွေးတော့ဘူးပေါ့။ ဒါပြီးရင် ငါတို့တွေ အေးအေးချမ်းချမ်းနေရမှာပဲဆိုတဲ့ စိတ်ဓာတ်နဲ့ လှူလိုက်တာပါ” ဟု သူက ပြောသည်။
ငွေကြေးအရ တန်ဖိုးမများသော်လည်း ရှေ့တန်းမှ တိုက်ခိုက်နေသည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ စိတ်ခွန်အားဖြစ်စေနိုင်သည်ဟု မမို့မို ယုံကြည်သည်။
ယခုနှစ်အတွင်း စစ်ကောင်စီတပ်က သူနေထိုင်သည့်ရွာကို ဝင်ရောက်စီးနင်းကာ နေအိမ် ၇ လုံး မီးရှို့ပြီး ရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ယာခင်းထဲတွင် ရှောင်ပုန်းနေသည် ရွာသားများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း သူက ဆက်ပြောသည်။
“ပစ္စည်းတွေ၊ ရွှေထည်တွေယူပြီး လူနှစ်ယောက် အသတ်ခံရတယ်။ ဒါမျိုးတွေကို မကြုံဖူးတော့ အဝေးကြီးကို မပြေးဘူးပေါ့။ ရွာအရှေ့ဘက်က ယာခင်းတွေထဲ ပြေးတာပေါ့။ အဲဒီအချိန်မှာ သူတို့တွေက ယာခင်းတွေထဲအထိ လိုက်ပစ်တယ်။ ကျွန်မတို့ ၃ မိုင် ၄ မိုင်လောက်အထိကို ခြေလျင်ပြေးရပါတယ်” ဟု သူက ပြန်ပြောပြသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များက ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်သော်လည်း လက်နက်အင်အားမမျှ၍ တပ်ဖွဲ့ဝင်တစ်ချို့ထိခိုက်ကာ ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။
ပြည်သူလူထုထောက်ပံ့သည့် ရန်ပုံငွေကို အဓိကအားထားနေရသည့် တော်လှန်ရေးတပ်ဖွဲ့အနေဖြင့် ရွှေနားကပ်အလှူအတွက် ခွန်အားရသလို အဟောသိကံမဖြစ်ရန် သတိထားသုံးစွဲရကြောင်း မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦးဥက္ကဋ္ဌ ဦးအောင်ဇေယျက ပြောသည်။
၎င်းတို့အဖွဲ့အနေဖြင့် လူထုတွေ့ဆုံပွဲသုံးခုမှ ရွှေနားကပ် ၃၄ ရန်အထိ ရရှိထားပြီး အသက် ၂ နှစ်မှ ၇၅ နှစ်အရွယ် ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးများက ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ငွေမရှိလို့ ရှိတာဖြုတ်ပြီး လှူဒါန်းတယ်ဆိုကတည်းက ကျွန်တော်တို့ PDF တွေအတွက် အင်မတန်မှ ခွန်အားတစ်ရပ်ဖြစ်စေတယ်။ ဒါ ကျွန်တော်တို့အတွက် ရုန်းကန်ရကျိုးနပ်တယ်” ဟု ၎င်းက ဆိုသည်။

မြိုင်မြို့နယ် PD သည်လည်း ပြည်သူများလှူဒါန်းသည့် ရွှေနားကပ် ၂၇ ရန်၊ ရွှေဆွဲကြိုး ၉ ကုံး၊ လက်ကောက် ၃ ရန်၊ လက်စွပ် ၂ ကွင်း လက်ခံရရှိထားပြီး လက်နက်ခဲယမ်းဝယ်ယူရန်နှင့် CDM ဝန်ထမ်းများထောက်ပံ့ရန် အဓိကသုံးစွဲမည်ဟု PDF တပ်ရင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်လက်ယာက ပြောသည်။
စစ်ကောင်စီကို ခံပြင်းစိတ်ဖြင့် မီးရှို့ခံရသည့်ပြည်သူများက ထောက်ပံ့နေကြောင်း၊ အလေ့အလွင့်မရှိစေရန် စိစစ်သုံးစွဲကြောင်း ရွှေထည်များကို ပန်းထိမ်ပညာရှင်နှင့် ညှိနှိုင်းကာ ရွေချောင်းများပြုလုပ်ထားရကြောင်း မြိုင် PDF မှ တပ်ရင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်လက်ယာက ပြောသည်။
“ငွေအရင်းအနှီးမရှိဘူး။ သူတို့ နားကပ်တွေဘာတွေ ချွတ်လှူတာတွေ ရှိတယ်။ ရပ်ရွာတွေကို မီးရှို့ခံရတဲ့အချိန်မှာ သစ်တို့ ဝါးတို့ မျောတို့ သွားပို့ရတာရှိတယ်။ ပို့တဲ့အချိန်မှာ သူတို့တက်နိုင်တဲ့ ပိုက်ဆံမရှိကြတော့ ရွှေထည်ပစ္စည်းပဲ လှူကြတော့တာ” ဟု ၎င်းက ပြောသည်။
ဒေသအသီးသီးတွင် စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ ကျေးရွာများကို စီးနင်းမီးရှို့မှုရှိသလို မြိုင်မြို့နယ်မြောက်ပိုင်းတွင်လည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခြင်းများရှိသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်အောက်ခံတပ်များ၏ မီးရှို့မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် နေအိမ် ၁၈,၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့ရာ မကွေးတိုင်းမှာ ဒုတိယအများဆုံးဖြစ်ကြောင်း Data For Myanmar အဖွဲ့၏ စာရင်းများတွင် တွေ့ရသည်။
စစ်ကိုင်းတိုင်းတွင် နေအိမ်ပေါင်း ၁၃,၈၄၀ လုံးဖြင့် အများဆုံးဖြစ်ပြီး မကွေးတိုင်းတွင် ၃,၀၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့ကြောင်း အဆိုပါစာရင်းတွင် ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)