သတင်း

သတင်းပေးပုဂ္ဂိုလ်တို့ကို နိုင်နင်းစွာ ကိုင်တွယ်ရန် စစ်ကိုင်းအမတ် တောင်းဆို

ဥပဒေစိုးမိုးရေးလုပ်ဆောင်ရေးအတွက် မွေးမြူထားသည့် သတင်းပေးပုဂ္ဂိုလ်တို့ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခြင်း မရှိပါက ထိုပုဂ္ဂိုလ်တို့၏ ဥပဒေချိုးဖောက်မှု ပိုမို များပြားလာမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ လွှတ်တော်အမတ်တစ်ဦးက အောက်တိုဘာ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

အင်ဖော်မာ (informer) ဟုလည်း ခေါ်ကြသည့် သတင်းပေးပုဂ္ဂိုလ်တို့သည် ဌာနဆိုင်ရာ ဝန်ထမ်းများထက် တန်ခိုးအာဏာကြီးမားစွာ လှုပ်ရှားလာကြကြောင်း၊ ၎င်းတို့က ဝင်ငွေ ထူးကဲစွာ ရှာပေးနိုင်မှုကြောင့် ဝန်ထမ်းများကလည်း အားကိုးတကြီး ခိုင်းစေနေကြကြောင်း မင်းကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ဦးကျော်ဆန်းက ပြောသည်။

ထိုအခြေအနေကို သတင်းပေးပုဂ္ဂိုလ်တို့က အသုံးချကာ ပြည်သူများကို ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ကိုယ်ထိလက်ရောက် နှိပ်စက်ခြင်းများရှိလာသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက Myanmar Now သို့ ပြောပြသည်။

သတင်းပေးပုဂ္ဂိုလ်တို့ ဥပဒေချိုးဖောက်မှုများ ရှိနေသည့် အကြောင်းကို ဦးကျော်ဆန်းက အောက်တိုဘာ ၂ ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် မေးခွန်းထုတ် တင်ပြခဲ့သည်။

အင်းတော်မြို့နယ် တောတွင်း တစ်နေရာတွင် တည်ထားသည့် သစ်စက်ကို ဓာတ်ပုံရိုက်သူ ခေါင်းဖြတ် အသတ်ခံခြင်း၊ သတင်းပေးတစ်ဦးက ဒေသတွင်း လွှတ်တော်အမတ်တစ်ဦးကို ရဲတင်းဖြင့် ခုတ်တော့မည့်အချိန်တွင် ရဲတပ်ဖွဲ့က ဟန့်တားပစ်ခတ်လိုက်ရခြင်း၊ အခြား အမတ်တစ်ဦးဖြစ်သည့် ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ကို သတင်းပေးဆိုသူတစ်စုက ခြိမ်းခြောက်ခြင်း စသည့်ဖြစ်စဉ်များကို လွှတ်တော်တွင် ဥပမာပေး တင်ပြခဲ့သည်။

သတင်းပေးပုဂ္ဂိုလ်တို့ ပတ်သက်မှု ရှိနိုင်သည့် မုံရွာမြို့နယ်မှ သတင်းထောက် ကိုစိုးမိုးထွန်း သတ်ဖြတ်ခံရမှုတွင် အမှုမှန်ပေါ်ပေါက်ရေး လွန်စွာ ကြန့်ကြာနေခြင်းကိုလည်း ဦးကျော်ဆန်းက ထောက်ပြသည်။

“အင်ဖော်မာတွေနဲ့ လုံးဝ ပတ်သက်တယ်လို့ ယုံကြည်တယ်၊ ဒီလိုဟာမျိုးက လုံးဝကို မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စမျိုးတွေ၊ တစ်နှစ်ကျော်ပြီ တရားခံကိုလည်း မဖမ်းမိသေးဘူး၊ သက်ဆိုင်ရာတွေကလည်း အလုပ် မလုပ်တာလားလို့ မေးခွန်းထုတ်စရာရှိတယ်” ဟု ၎င်းက ပြောသည်။

သတင်းပေး လိုအပ်မှု

တိုင်းလွှတ်တော်အတွင်း ဦးကျော်ဆန်း၏ မေးခွန်းထုတ် ဆွေးနွေးမှုကို တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြန်လည် ဖြေကြားခဲ့ သည်။

“သတင်းပေးများအနေနှင့် တရားမဝင်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ခြင်း၊ မသမာမှုဝန်ထမ်းများနှင့် ပေါင်းသင်းပြီး လုပ်ပိုင်ခွင့် အာဏာများအား အလွဲသုံးစားပြုလုပ်ကာ ဆောင်ရွက်ခဲ့ခြင်း၊ စက်ဆုပ် မုန်းတီးဖွယ်ရာ ပြုမူပြောဆိုဆက်ဆံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သတင်းပေးများကို ပြန်လည်ဆန်းစစ်ပြီး အသုံးချနိုင်အောင် စီမံဆောင်ရွက်လျက်ရှိပါတယ်” ဟု ဝန်ကြီးက လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်သည့် သတင်းပေးပုဂ္ဂိုလ်တို့ကို တိုင်ကြားစာများအရသော်လည်းကောင်း၊ စုံစမ်းသိရှိသည့်အရသော်လည်းကောင်း စစ်ဆေးဖော်ထုတ်ပြီး တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်ဟု ဝန်ကြီးက ပြောသည်။

လုံခြုံရေး၊ နယ်မြေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် “သတင်း”သည် မရှိမဖြစ် ကုန်ကြမ်း ဖြစ်နေသောကြောင့် သတင်းရရေးအတွက် သတင်းပေးများကို မွေးမြူထားရကြောင်း၊ သတင်း ၆ မျိုး၊ သတင်းပေး အမျိုးအစား ၇ မျိုး ခွဲခြားပြီး သတင်းရယူရေး ဆောင်ရွက်လျက် ရှိကြောင်း ဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

သတင်းပေးပုဂ္ဂိုလ် ၇ မျိုးမှာ ခေတ္တ သတင်းပေး၊ အလိုအလျောက်သတင်းပေး၊ အရေးပေါ်သတင်းပေး၊ သိမ်းသွင်းထားသော သတင်းပေး၊ နှစ်ခွသတင်းပေး (နှစ်ဖက်သြဇာခံ)၊ နှစ်ဖက်သတင်းပေး (နှစ်ဖက်သြဇာမခံ)၊ အပြိုင်သတင်းပေးတို့ ဖြစ်သည်ဟု ဆိုသည်။

Show More

Related Articles

Back to top button