
ပြောက်ကျားတိုက်ခိုက်မှုနှင့် အဖမ်းအဆီးရှိနေသည့် မန္တလေးတွင် အုပ်ချုပ်ရေးမှူးများအပါအဝင် စစ်ကောင်စီနှင့် ဆက်စပ်သူ ၄ ဦး ဇွန်လအတွင်း သတ်ဖြတ်ခံခဲ့ရပြီး အချို့လည်း ပြင်းထန်ဒဏ်ရာများရရှိကာ ဆေးကုသမှု ခံယူနေကြရသည်။
ဇွန် ၂၁ တွင် မဟာအောင်မြေမြို့နယ် အောင်ချမ်းသာရပ်ကွက်တွင် ခွင့်ဖြင့် ပြန်လာသည့် စစ်ကောင်စီတပ်ကြပ်ကြီး တင်မျိုးထွေးဆိုသူ လမ်းပေါ်တွင် ပစ်သတ်ခံခဲ့ရသည်။
မန္တလေးမြို့ ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Generation Z Power(GZP) က အဆိုပါပစ်ခတ်မှုသည် ၎င်းတို့၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဇွန် ၆ တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ရဲဘော်ကွက်သစ်ရပ်ကွက်၊ ကွက်သစ် (၉) ၇၈ လမ်းနှင့် မင်္ဂလာလမ်းထောင့်အနီး နေထိုင်သူ ရာအိမ်မှူး ဦးသိန်းစိုး ပစ်သတ်ခံရသည်။
ဦးသိန်းစိုး အကြော်ရောင်းနေစဉ် ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူတစ်ဦးက သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်းဟု ဒေသခံများက ပြောသည်။
ဇွန် ၄ တွင်လည်း ချမ်းမြသာစည်မြို့နယ်မှ တမ္ပဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး နေအိမ်ရှေ့တွင် ပစ်သတ်ခံခဲ့ရပြီး ပုသိမ်ကြီးမြို့နယ်မှ ရဲတပ်သား ရာဇာသိန်းမှာ လမ်းပေါ်တွင် သတ်ဖြတ်ခံခဲ့ရသည်။
ဇွန် ၃၀ တွင်လည်း မန္တလေးမဟာမြိုင် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုဖိုးခွားသည် နေအိမ်၌ ရှိနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦးရောက်ရှိလာကာ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံခဲ့ရသည်ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“သူက အိမ်မှာပဲ ထိုင်နေတာ၊ ပစ်ပြေးသွားတာပေါ့၊ မသေဘူး၊ ဒဏ်ရာရတယ်၊ ဆေးကုနေရတယ်” ဟု ၎င်းက ဆိုသည်။
ယင်းဖြစ်စဉ်အပြီး တစ်နာရီအကြာတွင် ပုသိမ်ကြီးမြို့နယ် ကုန်းတန်းရပ်မှ စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ ဦးဇော်လင်းမောင်သည် လမ်း ၃၀ နှင့် မြို့ပတ်လမ်းအနီး ဆိုင်ကယ်မောင်းနေစဉ် လူနှစ်ဦးက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သည်ဟု ယင်းမြို့နယ်နေသူတစ်ဦးက ပြောသည်။
“နှစ်ချက်ပစ်ခံရတာ၊ သူက လဲကျသွားတယ်၊ ပစ်တဲ့သူတွေက လွတ်မြောက်သွားတယ်” ဟု ယင်းအမျိုးသားက ဆိုသည်။
ဦးဇော်လင်းမောင်၏ ရင်ဘတ်နှင့် နံကြားတွင် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံက ဆက်ပြောသည်။
ယင်းဖြစ်စဉ်နှစ်ခုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမျှ ကြေညာချက်ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန် Myanmar Now က စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထိုသတင်းများကို ထုတ်ပြန်ခြင်း မရှိပေ။
ဇွန်လတစ်လလုံး၌ စစ်ကောင်စီနှင့် ဆက်စပ်သည့်နေရာများ ဗုံးခွဲတိုက်ခိုက်ခံရမှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများပြားခဲ့သည်။
စစ်ကောင်စီဘက်ကလည်း မန္တလေးရပ်ကွက်များအတွင်း ဝင်ပေါက်ထွက်ပေါက်များပိတ်ဆို့၍ တစ်အိမ်တက်ဆင်း စစ်ဆေးရှာဖွေကာ၊ လမ်းသွားလမ်းလာများကို စစ်ဆေးဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံအရေအတွက်ကို Myanmar Now က စုံစမ်းဆဲဖြစ်သည်။
ဇွန်လအတွင်း မွန်ပြည်နယ် ပေါင်မြို့နယ်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ရခိုင်ပြည်နယ် အမ်းမြို့တို့တွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံခဲ့ရသည်။
ဇွန်လ ၂၉ တွင် မွန်ပြည်နယ် ပေါင်မြို့ ကဒုံစီးရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွေးသိန်း သတ်ဖြတ်ခံရသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်လည်း အုပ်ချုပ်ရေးမှူးများအပါအဝင် စစ်ကောင်စီနှင့် ဆက်စပ်သူ ၉ ဦး မေ ၃၁ နှင့် ဇွန် ၂၅ ကြား သတ်ဖြတ်ခံခဲ့ရသည်။
ထို့အတူ ရခိုင်ပြည်နယ် အမ်းမြို့ အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးချစ်ဇော်ဝင်း (ခေါ်) ပိုင်ပိုင်သည် ဇွန်လ ၉ ရက်က ဓားဖြင့် ၂၂ ချက် အထိုးခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။
မြန်မာနိုင်ငံထောက်လှမ်းရေးအဖွဲ့အဆက်ဆက်သည် ရပ်ကွက်သတင်းပေးများ၊ ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ပြီး သတင်းရယူလေ့ရှိသည်။ ၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ဆက်မခန့်တော့ဘဲ လူစားထိုးထားသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက သတင်းပေး၊ လမ်းပြသဖြင့် အာဏာသိမ်းမှုဆန့်ကျင်သူဟု ယူဆရသူများ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံနေရသဖြင့် စစ်ကောင်စီထောက်တိုင်များ၊ သတင်းပေးများအဖြစ် သတ်မှတ်ခံရပြီးနောက် လုပ်ကြံ သတ်ဖြတ်ခံနေရခြင်း ဖြစ်သည်။
စစ်ကောင်စီဘက်ကမူ ယင်းတို့ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများ လုံခြုံရေးအတွက် စီစဉ်နေကြောင်း ပြောထားသည်။
“ကျွန်တော်တို့ ဝန်ခံပါတယ်၊ လူတစ်ဦးချင်း၊ တစ်ဦးချင်းကိုတော့ ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း မရှိပါဘူး” ဟု စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမူ အာဏာသိမ်းစစ်ကောင်စီအောက်တွင် တာဝန်ထမ်းဆောင်ခြင်း မပြုရန် အုပ်ချုပ်ရေးမှူးများကို တိုက်တွန်းချက် ထုတ်ပြန်ထားသည်။ ယင်းနောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းရှိ ဒေသအချို့တွင် အုပ်ချုပ်ရေးမှူးများက ကျန်းမာရေးအကြောင်းပြကာ အစုလိုက်အပြုံလိုက် နုတ်ထွက်ခဲ့ကြသည်။
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ရပ်ကျေးအဆင့်အုပ်ချုပ်ရေးအဖွဲ့ဝင် ၃၂ ဦး စစ်ကောင်စီကို စွန့်ခွာ၍ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF) ထံ ဇွန်လအတွင်းက ပူးပေါင်းသွားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)