
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ဇွန် ၁၄ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ပြီးနောက် ကျည်ဆန်များ၊ စစ်အသုံးအဆောင်ပစ္စည်းတချို့နှင့် ထော်လာဂျီနှစ်စီး သိမ်းပိုက်ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က သတင်းထုတ်ပြန်သည်။
စစ်တပ်နှင့်အတူ ၎င်းတို့ လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်ကြောင်း၊ အင်အား ၃၀ ခန့် ရှိသော စစ်ကောင်စီတပ် ရိက္ခာသယ်ပြီး ပြန်လာစဉ် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ချောင်းဦးမြို့ အနောက်တောင်ဘက် ချောင်းဦး-အမြင့်လမ်းပေါ်၌ ညအချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦး PDF အဖွဲ့ဝင် ကိုတာဇံဆိုသူက ယနေ့ (ဇွန် ၁၆) Myanmar Now ကို ပြောသည်။
“သူတို့က အသွားတုန်းက စစ်ကြောင်းနဲ့ဆိုတော့ လမ်းပေါ်က အတားအဆီးတွေ ရသလောက် ရှင်းသွားတယ်။ သူတို့ ပြန်ဆင်းလာမယ်ဆိုတာနဲ့ ကျွန်တော်တို့ အကုန်ပြန်တားတယ်။ တားထားတဲ့နေရာနဲ့ မလှမ်းမကမ်းကို မိုင်းပြန်ဆင်တယ်” ဟု ၎င်းက ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်မှ အကျအဆုံးများနိုင်သည်ဆိုသော်လည်း အသေးစိတ် မသိရပေ။
“မနက်ခင်း သွားကြည့်တော့ ကားပေါ်မှာရော လမ်းပေါ်မှာရော သွေးတွေမနည်းဘူးဗျ။ ကားကတော့ မှန်တွေကွဲပြီး စုတ်ပြတ်သွားတာ” ဟု ကိုတာဇံက ပြောသည်။
စစ်ကောင်စီတပ်ထံမှ ရရှိသည့် ထော်လာဂျီနှစ်စီးနှင့် ဆန်ဆီစသည့် ရိက္ခာများအပါအဝင် လက်ပစ်ဗုံးတစ်လုံး၊ ကျည်မျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို ချောင်းဦး PDF က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။
ထော်လာဂျီတစ်စီးမှာ ချောင်းဦးမြို့နယ် ကျီကုန်းရွာမှ လုယူခဲ့ခြင်းဖြစ်သောကြောင့် ပိုင်ရှင်ထံ ပြန်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်သားများနှင့်အတူ ပါလာသူတို့မှာ ပျူစောထီးအမာခံ ကင်းမွန်ထော်၊ ကံကြီးကုန်းရွာများမှ ဖြစ်သည်ဟု PDF က ဆိုသည်။

တိုက်ပွဲအတွင်း PDF ဘက်မှ တစ်ဦး ကျည်ထိဒဏ်ရာရခဲ့ကြောင်း အခြား PDF အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုမိုးကြိုးဆိုသူက ပြောသည်။
“မနက်ပိုင်း စစ်ကြောင်းကတော့ ကပ်လို့ သိပ်မရဘူး။ လက်နက်ကြီးတွေနဲ့ ပစ်တက်လာတာကိုး။ ပွိုင့်ငါးပွိုင့်တော့ ဆွဲလိုက်ရတယ်၊ ဘယ်လောက်ထိလဲ မသိဘူး။ ကျွန်တော်တို့က ချက်ချင်းဆုတ်လိုက်ရတာကိုး” ဟု ၎င်းက ပြောသည်။
ညပိုင်း ထော်လာဂျီနှစ်စီးဖြင့် ပြန်ဆင်းလာသည့် စစ်သားများကို အရံအတားများဖြင့် ပိတ်ဆို့ကာ ထပ်မံတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အတွဲလိုက် ပေါက်ကွဲသည့် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်သားများနှင့် ပျူစောထီးများက ၎င်းတို့နှင့် နီးစပ်သည့် ကျေးရွာများအတွင်း ထွက်ပြေးခဲ့ကြောင်း သိရသည်။
“ပဒေသာမိုင်းခွဲချလိုက်တော့ သူတို့ဘက်က ပစ်သံတောင် မထွက်တော့ဘူး။ လုံးဝကို ငြိမ်ကျသွားတာ” ဟု ချောင်းဦး PDF အဖွဲ့ဝင် ကိုတာဇံက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ချောင်းဦးမြို့အနောက်ဘက် ၇ မိုင်ကျော်အကွာရှိ တောကျောင်းလေးရွာတွင် စစ်သားနှင့် ပျူစောထီးများ နှစ်ညတာ တပ်စွဲပြီး နေအိမ် ၁၀၀ ကျော် မီးရှို့ခဲ့ကာ မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းခြောက်လောင်း တွေ့ရသည်ဟု သိရသည်။
ယခုလ ၇ ရက်ကလည်း ကံကြီးကုန်းရွာမှ ပျူစောထီးများသည် PDF အဖွဲ့ဝင် ၂ ဦးနှင့် အရပ်သား ၄ ဦးကို ဖမ်းဆီးကာ ပစ်သတ်ခဲ့ကြသည်ဟု ချောင်းဦး PDF က ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)