
ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့မှ လာသော စစ်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။
ကျောက်စိမ်းများ သယ်ဆောင်လာသည်ဟု ယူဆရသော ၂၈ စီးပါ ယာဉ်တန်းကို စစ်ကိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း မြို့အနောက်ဘက်ခြမ်း၌ ၄ ကြိမ်၊ မြို့အရှေ့ဘက်တွင် ၁ ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့နှင့် ပူးပေါင်းပြီး ဇွန် ၁၅ နံနက်တွင် ထိုမော်တော်ယာဉ်တန်းကို ဘိုတဲကုန်း၊ ဇီးဖြူကျင်း၊ အလယ်တော၊ ဆားတွင်းကျေးရွာတို့အနီး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“အဓိကက မိုင်းဆွဲတာဆိုတော့ ထိခိုက်တာတော့ ရှိတာပေါ့လေ၊ ပြီးတာနဲ့ ကျန်တဲ့နေရာတွေမှာပါ ဆက်တိုက်တာ” ဟု အဆိုပါ ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“(စစ်သား) ၂၀ ကျော် ၃၀ လောက်ကတော့ အကျအဆုံးရှိနိုင်တယ်၊ အတိအကျတော့ ကျွန်တော်တို့ ပြောလို့မရဘူး၊ ကျွန်တော်တို့ကလည်း အဝေးက တိုက်ခိုက်ရတာဆိုတော့ မျက်မြင် အတည်မပြုနိုင်ဘူးပေါ့ဗျာ” ဟု အထက်ပါ အဖွဲ့ဝင်က ပြောသည်။
PDF များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့်အဖွဲ့များက ပြောသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီယာဉ်တန်း ထီးချိုင့်မြို့တွင်းသို့ ခေတ္တဝင်ရောက်သွားပြီးနောက် မြို့ပေါ်တွင် စစ်ကောင်စီတပ်သား အများအပြားရောက်နေသည်ဟု အသက် ၄၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
မွန်းလွဲ ၃ နာရီခန့်တွင် ထိုစစ်ယာဉ်တန်းသည် မန္တလေးမြို့ဘက်သို့ သွားခဲ့သည်ဟု သိရသည်။
တကောင်းနယ်အတွင်း ဆက်တိုက်ခိုက်
ထိုစစ်ယာဉ်တန်းကို မန္တလေးတိုင်း၊ သပိတ်ကျင်းနယ်စပ်ဖြစ်သော တကောင်းနီကယ်စက်ရုံအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော Special-9 HPDF အဖွဲ့က ပြောသည်။
လုံခြုံရေးအရ အသေးစိတ်မပြောလိုဟု ဆိုသည်။
ထိုစစ်ယာဉ်တန်းသည် သပိတ်ကျင်းမြို့နယ်အရောက် မြတောင်တိုက်နယ်တွင် အခြေချနေသည့် တပ်နှင့် ပူးပေါင်းခဲ့သည်ဟု သိရသည်။
“ကျွန်တော်တို့နယ်မြေကို ရောက်တော့ ကားက ၆၅ စီး ဖြစ်သွားတယ်။ မြတောင်မှာ အထိုင်ချနေတဲ့ အင်အားတွေ ထပ်ပါင်းလာတယ် ထင်တယ်။ ကျွန်တော်တို့ ၆၅ စီးတန်းကို အစီး ၂၀ မြောက်ကားကို ဖောက်ခွဲပစ်လိုက်တယ်။ တစ်စီးလုံးမီးလောင်သွားတယ်” ဟု တကောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ တိုက်ခိုက်ချိန်မှာ ကားတစ်စီးလုံးကတော့ မိုင်းသုံးကွင်း စုံမိပြီးတော့ မီးလောင်သွားတဲ့အထိ ဖြစ်သွားတယ်။ ကားပေါ်ပါ စစ်သားတွေ သေနိုင်တယ်။ ဘယ်လောက်ဆိုတာတော့ ကျွန်တော်တို့ အတည်ပြုနိုင်ခြင်း မရှိဘူး”
ယမန်နေ့ ညနေတွင် ပေါက်ကွဲသံများကြားခဲ့ရပြီး စစ်ယာဉ်တန်း ဖောက်ခွဲခံရသည်ဟု သိရကြောင်း တကောင်းမြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
“(ညနေ) လေးနာရီထိုးခါနီးလောက် ထင်တာပဲ။ တကောင်းမြို့နဲ့ ငါးမိုင်လောက်က ဆင်ညှပ်ကုန်းဆိုတဲ့ ရွာနားမှာ တိုက်ခိုက်ခံရတယ်တဲ့။ မြို့ထဲကနေကို ပေါက်ကွဲသံတွေ ကြားရတယ်။ ပြီးတော့မှ သိရတာက စစ်ကားတန်းကို ဖောက်ခွဲတာတဲ့” ဟု ၎င်းက ပြောသည်။
ယာဉ်တန်းတွင် စစ်တပ်သုံး စစ်ထရပ်ကား၊ Double Cab ယာဉ်များအပါအဝင်၊ ဆီသယ်ယာဉ်များ၊ တွဲကားများလည်း ပါဝင်သည်ဟု တိုက်ခိုက်ရေးအဖွဲ့များနှင့် ဒေသခံများက ဆိုသည်။
ပျက်စီးသွားသည့် မော်တော်ကားကို အခြားကားတစ်စီးဖြင့် ဆွဲယူသွားခဲ့ကြောင်း၊ ပြန်လည်ပစ်ခတ်မှု မရှိဘဲ ဆက်လက်ထွက်ခွာသွားခဲ့ရာ ညနေတွင် တွင်းငယ်ကျေးရွာရှိ အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ရပ်နားသည်ဟု သိရသည်။
တွင်းငယ်၌ ရပ်နားခဲ့သည့် အဆိုပါယာဉ်တန်းသည် ယနေ့ (ဇွန် ၁၆) နံနက် ငါးနာရီခန့်တွင် မန္တလေးဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီတပ်သည် မြန်မာပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်း ဆက်သွယ်ရာတွင် မန္တလေး-သပိတ်ကျင်း၊ ထီးချိုင့် – ကသာတို့မှ အင်းတော် မိုးညှင်းလမ်းကို အသုံးပြု သွားလာလေ့ရှိသည်။
တော်လှန်ရေးတပ်ဖွဲ့များအဆိုအရ အထက်ပိုင်း ကျောက်မှော်ဒေသများမှ ကျောက်စိမ်းများ သယ်ဆောင်လာလေ့ရှိသည့် ယာဉ်တန်းများသည်လည်း ထိုလမ်းကြောင်းကို သုံးလေ့ရှိကြောင်း သိရသည်။
တကောင်းမြို့တည်ရှိရာ မန္တလေးတိုင်း သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ဆက်စပ်ဒေသများအတွင်း စစ်ကောင်စီကို ခုခံနေသည့် ဒေသကာကွယ်ရေးအဖွဲ့များရှိပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။
ပြီးခဲ့သည့် မတ် ၂၁ ရက်က တကောင်းနီကယ်စက်ရုံအနီး တကောင်းတိုက်နယ်ဆေးရုံတွင် တာဝန်ကျနေသည့် စစ်ဆေးတက္ကသိုလ် အပတ်စဉ် ၁၅ မှ ဗိုလ်ကြီးဝင်းသွင်စိုးနှင့် တပ်ကြပ်တစ်ဦး စီးနင်းလာသည့် အိမ်သုံးကားတစ်စီး မိုင်းဆွဲခံရ၍ နှစ်ဦးစလုံး သေဆုံးသွားသည်။
အလားတူ ကချင်ပြည်နယ်အတွင်းသို့ ကုန်းလမ်း၊ ရေလမ်းအသုံးပြုကာ စစ်ကူ၊ လက်နက်နှင့် ခဲယမ်းရိက္ခာများ ပေးပို့နေသည့် စစ်ကောင်စီတပ်များကို ထီးချိုင့် PDF က ကြားဖြတ်တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)