သတင်း

နိုင်ကျဉ်းကိုယ်ဝန်ဆောင် ဆေးရုံ အချိန်မီမရောက်၍ မွေးလာသည့်ကလေး သေဆုံး 

ရန်ကုန်မြို့ရှိ နာမည်ကျော် အင်းစိန်ထောင်မှ နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်တစ်ဦး မီးဖွားခါနီးချိန်တွင် ဆေးရုံသို့ နောက်ကျမှ ရောက်သွားသဖြင့် ကလေးအသက် သေဆုံးခဲ့ရသည်ဟု ၎င်းနှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ဦးထံမှ သိရသည်။ 

မေ ၂၀ ရက်နေ့က ကိုယ်ဝန် ၉ လရှိသည့် အသက် ၂၄  နှစ်အရွယ် မချယ်ရီဘိုကြည်နိုင်သည် ဗိုက်နာလာသဖြင့် ဆေးရုံပို့ရန် တောင်းဆိုရာ ထောင်အာဏာပိုင်များက တုံ့ပြန်မှု နောက်ကျခဲ့သည်ဟု သိရကြောင်း ထိုအမျိုးသမီးက ဆိုသည်။ 

“ထောင်ကနေ အပြင်ကို ထွက်ခွင့်ပေးဖို့ပေါ့နော်။ အဲဒီမှာ စာအဆင့်ဆင့်တင်နေတဲ့ကိစ္စက ၃ နာရီလောက် ကြာသွားတာရယ်။ ပြီးတော့ နောက်ထပ်တစ်ခုက ထွက်ခွင့်ရပြီဆိုတဲ့ အမိန့်လည်း ရလာရော လူနာတင်ယာဉ်ပေါ်မှာ ဓာတ်ဆီမရှိတာတို့ အဲဒီလိုမျိုးတွေ မျိုးစုံဖြစ်ပြီးတော့မှ မြောက်ဥက္ကလာဆေးရုံကို မနက်အစောကြီး ရောက်သွားတယ်” ဟု သူက Myanmar Now ကို ပြောသည်။ 

ဆေးရုံတွင် ဗိုက်ခွဲမွေးရာ သားယောင်္ကျားလေး မွေးဖွားကြောင်း၊ နှလုံးခုန်နှုန်း နည်းလွန်းသည့် ကလေးသည် မိနစ်ပိုင်းအတွင်း သေဆုံးသွားကြောင်း၊ ဆေးရုံသို့ အရောက်နောက်ကျခဲ့သည်ဟု သိရကြောင်း ၎င်းက ဆက်ပြောပြသည်။

“အချင်းကွာကျတယ်ဆိုတာနဲ့ ဆရာဝန်နဲ့ (အချိန်မီ) တိုက်ရိုက်ထိတွေ့ခွင့် ရခဲ့ရင်တော့ ဒီကလေး အသက်ရှင်နိုင်ခြေရှိမှာပေါ့နော်။ အခုက သွေးမွန်းသွားတဲ့သဘောပါပဲ (ဆိုပြီး ဆရာဝန်က ပြောတယ်)” ဟု ၎င်းက ဆိုသည်။

မွေးဖွားရက်မတိုင်မီ တစ်ပတ်စော၍ မီးဖွားခဲ့ခြင်းဖြစ်သည်၊ အကျဉ်းထောင်မှ ဆေးရုံသို့ ထွက်ခွာခွင့်စာ စောင့်နေချိန်ကတည်းကပင် ကိုယ်ဝန်ဆောင်က သွေးဆင်းနေသည်ဟု ဆိုသည်။ 

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ အင်းစိန်ထောင်အရာရှိများကို Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။ 

မချယ်ရီဘိုကြည်နိုင်နှင့် ခင်ပွန်းဖြစ်သူ ကိုအောင်သီဟဟိန်းကို ပြီးခဲ့သည့်နှစ် စက်တင်ဘာအတွင်း ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်ရိပ်မွန်အိမ်ရာတွင် ဖမ်းဆီးခဲ့သည်ဟု ၂၀၂၁ စက်တင်ဘာတွင် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

၂၃ နှစ်အရွယ် ခင်ပွန်းသည် ကိုအောင်သီဟဟိန်းသည်လည်း အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံထားရပြီး မကြာသေးခင်ကမှ သေဒဏ်အမိန့် ချမှတ်ခံထားရသလို ပုဒ်မ ၅၀၅-က ဖြင့် အမှု ဆက်လက်ရင်ဆိုင်နေရသည်ဟု သိရသည်။

မချယ်ရီဘိုကြည်နိုင်သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၂ ဧပြီအတွင်း ထောင်ဒဏ်သုံးနှစ် အမိန့်ချခံထားရသူဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေဖြစ်သူက Myanmar Now ကို ပြောသည်။

စတင်ဖမ်းဆီးစဉ်ကတည်းက ချယ်ရီဘိုကြည်နိုင် ကိုယ်ဝန်ရှိနေပြီးဖြစ်ကြောင်း၊ သားဦးလေး ဆုံးရှုံးရမှုအတွက် အကျဉ်းထောင်ထဲတွင် ရှိသော မိဘနှစ်ပါးလုံး စိတ်ထိခိုက်နေကြောင်း မိတ်ဆွေဖြစ်သူက ပြောသည်။ 

ခင်ပွန်း ကိုအောင်သီဟဟိန်းကို စစ်ကောင်စီက NLD လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်နှင့် အမှုတွဲထားသည်ဟု ဆိုသည်။

စစ်ကောင်စီက ယမန်နှစ် စက်တင်ဘာအတွင်းက ထုတ်ပြန်ခဲ့သည့် ချယ်ရီဘိုကြည်နိုင်နှင့် ခင်ပွန်းဖြစ်သူ ကိုအောင်သီဟဟိန်း။ 

မချယ်ရီဘိုကြည်နိုင်မှာ ခင်ပွန်းဖြစ်သူနှင့် တစ်ပါတည်း အဖမ်းခံခဲ့ရကာ စစ်ကောင်စီ စွပ်စွဲထားသော အမှုများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထိုမိတ်ဆွေထံမှ သိရသည်။ 

စစ်ကောင်စီတပ်သားတို့ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်၊ ဗဟိုလမ်းနှင့် ဇလွန်လမ်းဆုံတွင် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့ကို ဖမ်းထားခြင်း ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

အကျဉ်းထောင်များက ကိုဗစ်ကာလကတည်းက အကျဉ်းသားများကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားရာ ၎င်းတို့လင်မယားသည် မိသားစုနှင့် တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် ယခင်က မြန်မာနိုင်ငံအကျဉ်းထောင်များသို့ ဝင်ရောက်စစ်ဆေးခွင့် ရှိခဲ့သည်။

သေဒဏ်ချမှတ်ခံထားရသည့် ဦးဇေယျာသော်၊ ဦးဂျင်မီတို့ကဲ့သို့သော အကျဉ်းသားများထံ သွားရောက်ခွင့်နှင့် ပတ်သက်ပြီး Myanmar Now က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းရာ ICRC မြန်မာရုံး၏ ဆက်သွယ်ရေးတာဝန်ရှိသူ Jacqueline Fernandez က ထိုနှစ်ဦးနှင့် ပတ်သက်ပြီး သတင်းအချက်အလက် မရသေးဟု ပြောသည်။

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားရောက်ခွင့် ပြန်လည်ရရှိအောင် ပုံမှန်ကြိုးပမ်းနေတာကလွဲပြီး ICRC အနေနဲ့ အကျဉ်းထောင်ကို သွားရောက်ခွင့်မရရှိတာ ၂နှစ်ရှိပြီဖြစ်လို့ စိတ်မကောင်းစွာနဲ့ပဲ ဒီကိစ္စရပ်အတွက် သတင်းအချက်အလက်တွေ မရှိသေးပါဘူး” ဟု သူက ပြောသည်။

ယမန်နှစ် အောက်တိုဘာအတွင်းက ပြန်လည်လွတ်မြောက်လာသည့် နိုင်ကျဉ်းဟောင်း မအိအိမိုးက လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို မှတ်တမ်းတင်ထားသင့်သည်ဟု မှတ်ချက်ပြုသည်။

“အဓိကပြောချင်တာက ဒီထောင်တွင်းက ဖိနှိပ်မှုတွေကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီးတော့မှ မှတ်တမ်းတင်ဖို့၊ နောက်ပြီးတော့မှ သတိပေးတုံ့ပြန်မှုတွေ လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဆိုသည်။ 

အင်းစိန်ထောင်တွင်း ကိုဗစ်တတိယလှိုင်းပြင်းထန်ချိန်တွင် အသက်ရှူကျပ်သည့် အမျိုးသမီးနိုင်ငံရေးအကျဉ်းသားတစ်ဦးကို ဆေးရုံသို့ အချိန်မီ မပို့နိုင်သဖြင့် သေဆုံးခဲ့သည့်ဖြစ်စဉ် ရှိခဲ့ကြောင်း သူက ပြောသည်။

အင်းစိန်ထောင်တွင်း ကိုယ်ဝန်ဆောင်နိုင်ငံရေးအကျဉ်းသူများ ကျန်ရှိနေသေးပြီး ခြောက်လအောက် ကလေးငယ် လေးဦးထက်မနည်း ထိန်းသိမ်းထားရှိကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။ 

အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခံရသော အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများကို ကျူးလွန်နေပြီး အခြေခံလူ့အခွင့်ရေးကိုပင် ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြောင်း နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်နေကြသည်။ 

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များကိုပါ အင်းစိန်ထောင်က ဆေးကုသခွင့် ကန့်သတ်ခဲ့သည်။ 

ယမန်နှစ်ကလည်း နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာ ၁၀ ရက်က အင်းစိန်ထောင်တွင်း ဆန္ဒပြသဖြင့် ရိုက်နှက်၍ တိုက်ပိတ်ခံရသူများကို ထောင်အာဏာပိုင်များက ဆေးကုသခွင့် ပိတ်ပင်ခဲ့ကြသည်။ 

အလားတူ ယင်းလပိုင်းမှာပင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးသည် အင်းစိန်အကျဉ်းထောင်တွင် ရိုက်နှက်နှိပ်စက်ခံရပြီး ဆေးကုခွင့် ပိတ်ပင်ခံခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button