သတင်း

ရွှေဘိုမှ ရွာသား ၈ ဦး သတ်ဖြတ်ခံရဟု ဒေသခံများပြော

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ တအုံကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ရွာသားများကို ဖမ်းဆီးကာ ထိုအထဲမှ ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတို့က Myanmar Now ကို ပြောသည်။

မြို့အရှေ့ဘက် ၅ မိုင်အကွာတွင်ရှိသည့် ထိုရွာကို စစ်ကောင်စီတပ်သားများက ဇွန်လ ၉ ရက် လင်းအားကြီးချိန်တွင် ဝင်ရောက်စီးနင်းကြောင်း၊ ၎င်းတို့ လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသော ပြည်သူ့စစ် ခေါ် ပျူစောထီးများလည်း ပါဝင်ပြီး စုစုပေါင်း အင်အား ၁၀၀ ခန့် ရှိကြကြောင်း ဒေသခံများက ပြောသည်။

ရုပ်အလောင်းများကို ဇွန်လ ၁၃ ရက်နေ့က ရွာနှင့် ၁ မိုင်ခွဲအကွာ ချောင်းထဲတွင် တွေ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အလောင်းတွေက အကုန်ပုပ်ပွနေပြီ၊ ပစ်တာကတော့ ကုန်းပေါ်မှာ ပစ်ပြီးမှ ရေမှော်ပင်တွေကြားထဲ ဆွဲသွင်းထားတဲ့ပုံစံမျိုးပဲ အလောင်းတွေက ခုထိ အဲဒီချောင်းကြားထဲမှာ ရှိသေးတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံက ပြောသည်။

အသတ်ခံရသူများမှာ အသက် ၅၀ ခန့်ရှိ ဦးသိန်းတန်၊ ၄၅ နှစ်ခန့်ရှိ ဦးကျော်လင်း၊ အသက် ၄၀ ဝန်းကျင် ကိုစိန်မန်း၊ ကိုမောင်ထူး၊ ကိုဝင်းဆွေ၊ အသက် ၃၀ ကျော် ကိုဖိုးထူး၊ အသက် ၂၀ ခန့်ရှိ ကိုရဲဝေလင်းတို့ဖြစ်သည်ဟု Myanmar Now က စုံစမ်းသိရသည်။

စစ်ကောင်စီတပ်များ အန္တရာယ်ပြုမည်ကို စိုးရိမ်ခြင်းကြောင့် အလောင်းများကို ချက်ချင်းမကောက်နိုင်ခဲ့ဟုလည်း ဒေသခံများက ပြောသည်။ 

“တစ်နေကုန် ရွာသူရွာသားတွေလည်း လှည့်ပတ်နှိပ်စက်၊ အိမ်တွေကို လှည့်ဖျက်ဆီးတာပေါ့ဗျာ။ ရှိသမျှ အကုန်ခိုးတာပေါ့ဗျာ၊ နောက်ရက်ကျ ဖမ်းထားတဲ့ ၉ ယောက်ကို လူသားဒိုင်းအနေနဲ့ ခေါ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်တွေဖောက်တယ်။ ရွာထဲက ပြည်သူတွေက ရွာအပြင် ဘယ်လိုမှ ထွက်လို့မရတော့ဘူး၊ ရွာအပြင်ထွက်လာတဲ့ ပြည်သူတွေကိုလည်း အကုန်ဖမ်းပြီး အကုန်ပြန်သွင်းတယ်။ အဲလိုပုံစံမျိုးနဲ့ ရွာထဲ ဘုန်းကြီးကျောင်းမှာ လူကြီးလူငယ်ကျားမရွေး အကုန်ဖမ်းတာပေါ့”  

အသက် ၅၀ ဝန်းကျင် ကိုနှင်းမောင်ဆိုသူကို စစ်သားများက ပစ်သတ်ခဲ့ပြီး ရွာထဲတွင် တစ်ခါတည်း မီးရှို့ပစ်ခဲ့ကြောင်းလည်း မျက်မြင်သက်သေများကို ကိုးကားပြီး အထက်ပါဒေသခံက ပြောသည်။ 

ဖမ်းဆီးခံခဲ့ရသည့် တအုံရွာသား အရေအတွက်နှင့် အချက်အလက်များကို Myanmar Now က သီးခြားအတည်မပြုနိုင်သေးပါ။

ရွာသားတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီသတင်းထုတ်ပြန်ချက်များတွင်လည်း ထိုဖြစ်ရပ်များအကြောင်း မပါဝင်သေးပေ။

စစ်ကောင်စီလက်နက်ကိုင်တို့က တအုံရွာသား ၉ ဦးကို ပစ္စည်းများ ထမ်းပိုးခိုင်းပြီး တအုံရွာနှင့် ကပ်လျက်တည်ရှိသည့် အုံးပေါက်၊ မောင်းတက်၊ တည်ပင်ရွာများကို ဇွန်(၁၀) နှင့် ဇွန် (၁၁) တွင် နှစ်ရက်ဆက်တိုက် ဝင်ရောက်စီးနင်းခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

အဖမ်းခံရသည့် တအုံရွာသားများကို ဆည်ကြီးရွာအတွင်းမှ စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာသွားသည့် ဇွန်လ ၁၂ ရက် နေ့လယ်အချိန်အထိ အသက်ရှင်လျက် တွေ့မြင်ခဲ့ရသည်ဟုလည်း ဒေသခံများက ပြောသည်။ ယင်းနောက် ဆည်ကြီးနှင့် ၁ မိုင်အကွာတွင် အသတ်ခံခဲ့ရကြရပြီး အလောင်းများ ပစ်ထားခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒေသခံက ပြောသည်။

ဇွန်၁၂ ရက်နေ့တွင်လည်း ဆည်ကြီးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တို့၏ အိမ်များဟု ယူဆသည့် နေအိမ်ငါးလုံးကို မီးရှို့သွားကြောင်း အဆိုပါရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ထင်တာတွေပေါ့ဗျာ ပျူတွေလိုက်ပြတဲ့ အိမ်တွေ ရှို့သွားတာ အကုန်ထွက်ပြေးရတာပဲ၊ လှည်းနဲ့ ပြေးတဲ့သူပြေးတယ်၊ ဆိုင်ကယ်နဲ့ ပြေးတဲ့သူပြေးတယ်။ လက်နက်ကြီးနဲ့ ထုတော့ မလွတ်တော့ အကုန်ထားခဲ့ပြီး ပြေးတာ၊ ကျန်ခဲ့တဲ့လှည်းပါ မီးရှို့သွားတာဗျာ” ဟု သူက ပြောသည်။

“စိတ်ဆိုး ဝမ်းနည်းကြီးပေါ့ဗျာ၊ မပြောတတ်လောက်အောင်ကို ဖြစ်တာပေါ့။ ဖမ်းဆီး သတ်ဖြတ် နှိပ်စက်ဆိုတော့ တုံ့ပြန်ချင်စိတ်တဲ့တွေ များတာပေါ့ဗျာ၊ လက်ထဲမှာလည်း ဘာမှမရှိပေါ့ဗျာ၊ မတရားသဖြင့် ခံနေရတာကို မကြည့်ရက်တော့ဘူး” ဟု ဆည်ကြီးဒေသခံက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button