သတင်း

ရှိန်းမကားရဲစခန်း ဝင်စီးသည့် PDF ကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ပိုင်းရှိ ရှိန်းမကားကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ယမန်နေ့( ဇွန် ၁၂) တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းသုံး ပစ်ခတ်ကာကွယ်ခဲ့သည်ဟု ဝင်တိုက်သူများနှင့် ဒေသခံများက ပြောသည်။ 

မွန်းလွဲ ၂ နာရီခန့်တွင် ရဲစခန်းကို စီးနင်းရာ ညနေ ၅ နာရီခန့်တွင် ရဟတ်ယာဉ် ရောက်ရှိလာပြီး ပစ်ခတ်ခဲ့သည်ဟု ရွှေဘိုခရိုင် PDF တပ်ရင်း ၁၇ မှ တပ်ရင်းမှူးက ပြောသည်။ 

“ကျွန်တော်တို့ အသာစီးရနေပြီး ရဲစခန်းကုန်းပေါ်ကို ကျားထိုးပြီး တက်တော့မလို့ ပြင်နေတဲ့အချိန်မှာ လေကြောင်းစစ်ကူရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု ရှိန်းမကားဒေသခံလည်းဖြစ်သည့် တပ်ရင်းမှူးက ဆိုသည်။ 

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ရွှေဘိုခရိုင် တပ်ရင်း (၃) မှ PDF ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

“ကျွန်တော်တို့ထဲက တပ်ရင်း ၃ ကတော့ လက်နက်ကြီးအစ မှန်ပြီးတော့ ဗိုက်ကို ရှပ်ပြီးထိသွားတာက တစ်ယောက်၊ ပေါင်ကို ရှပ်ပြီးထိသွားတာက တစ်ယောက်ဆိုတော့ နှစ်ယောက်တော့ထိတယ်” ဟု ၎င်းက ပြောသည်။ 

PDF များ အားကောင်းသည့် ရှိန်းမကားဒေသရှိ ကျေးရွာရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော် တပ်စွဲထားသည်မှာ ၃ လကျော် ကြာမြင့်နေပြီဖြစ်သည်။ 

ထိုသို့ စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ (ဇွန် ၁၂) နံနက်ပိုင်းက ဧရာဝတီမြစ်ကမ်ဘေးရှိ သဲတူးသူများနေထိုင်သည့် တဲ ၄၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ရာမှ ဒေသခံ PDF များက ၎င်းတို့ စခန်းချသည့် ရှိန်းမကား ရဲစခန်းကို တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ယနေ့ ( ဇွန် ၁၃) နံနက်တွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း မတ္တရာမြို့နယ် မြွေတလိုင်းကျေးရွာတွင် စစ်အင်အား ၇၀ ကျော်၊ ဝက်လက်မြို့ပေါ်တွင်လည်း စစ်အင်အား ၁၀၀ ကျော် ရောက်ရှိနေပြီး ထိုစစ်ကြောင်း ၂ ကြောင်းသည် ရှိန်းမကားဒေသကို စစ်ကြောင်းထိုးလာနိုင်ခြေရှိသည်ဟု ဒေသခံများက ယူဆနေကြသည်။ 

ဧရာဝတီမြစ်ကမ်းဘေး မင်းဝံတောင်ခြေရှိ ရှိန်းမကားဒေသမှာ တောတောင်များ ထူထပ်သည့် ဒေသဖြစ်၍ PDF များ ခိုအောင်းနိုင်သည်ဟု ယူဆချက်ဖြင့် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။ 

ယမန်နေ့ စစ်တပ်၏ လေကြောင်းသုံးပစ်ခတ်မှုကြောင့် ရှိန်းမကား၊ ရွာသစ်၊ ငရယ်နှင့် တပ်ရွာတို့မှ ထောင်နှင့်ချီသည့် ဒေသခံများသည် ဧရာဝတီမြစ်ပေါ်ရှိ သောင်ပေါ်တွင် ခိုလှုံနေကြရပြီး အနီးအနားရွာများမှ ဒေသခံများမှာလည်း တိုက်ပွဲ အခြေအနေကို နားစွင့်နေရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သစ်ဆိမ့်ကြီးကျေးရွာခံတစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့လည်း စိုးရိမ်နေရတယ်။ ဝက်လက်ကနေပြီး ရှိန်းမကားကို သွားတဲ့ ကားလမ်းက ကျွန်တော်တို့ ရွာနားမှာ ရှိနေတော့ တိုက်ပွဲဖြစ်ရင် ပုန်းရှောင်ဖို့ ပြင်ဆင်နေရတယ်” ဟု ၎င်းက ဆိုသည်။ 

သစ်ဆိမ့်ကြီးကျေးရွာမှာ ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိပြီး တိုက်ပွဲဖြစ်ပွားနေသည့် ရှိန်းမကားရွာနှင့် ၇ မိုင်ကျော်အကွာတွင် တည်ရှိသည်။

ယနေ့ မွန်းလွဲပိုင်းအထိ ရှိန်းမကားကျေးရွာရဲစခန်းတွင် တပ်စွဲထားသည့် စစ်တပ်က ခြောက်လှန့်ပစ်ခတ်နေပြီး ထိုရွာဒေသခံများ ပိတ်မိနေ၍ စိုးရိမ်ရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ခုထိတော့ တော်လှန်ရေးတပ်တွေဘက်ကတော့ ဘာမှ ဆက်မဖြစ်ဘူး။ ဒီမနက်မှာ ရှိန်မကားရွာကို စစ်တပ်က စီးထားတယ်။ ရွာထဲကလူတွေကိုလည်း ပေးမထွက်ဘူး။ အပြင်ကလူတွေကိုလည်း ပေးမဝင်ဘူး။ သေနတ်သံတွေက တစ်နာရီခြားတစ်ခါလောက် ကြားနေရတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

တိုက်ပွဲတွင် ဦးဆောင်ခဲ့သည့် ရွှေဘိုခရိုင်၊ တပ်ရင်း ၁၃ တပ်ရင်းမှူးက စစ်တပ်က ရှိန်းမကားဒေသကို စစ်ကြောင်းထိုး တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် လက်နက်ကွာခြားမှုကြောင့် ခုခံစစ်ဆင်နွှဲရန် အခက်တွေ့နေရသည်ဟု ဆိုသည်။ 

“သေနတ် ၁ လက်ကို ရဲဘော် ၃ ယောက် ကိုင်ရတယ်ဗျ။ ကျွန်တော်တို့ တူမီးလေးနဲ့ တစ်ထောင့်ထိုးလေးနဲ့ ယမ်းလေးနည်းနည်းနဲ့ ခုခံနေရတော့ အဆင်မပြေဘူးဖြစ်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီကို ထိရောက်စွာ တုံ့ပြန်တိုက်ခိုက်နိုင်ရေးအတွက် လိုအပ်သည့် လက်နက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ ရရှိရန် မျှော်လင့်နေသည်ဟု သူက ပြောသည်။ 

“ကျွန်တော်တို့ အစားမစားရရင် နေပါစေ။ Gun ရရင်ကို ကျေနပ်တယ်။ ပြည်သူ့ကိုလဲ ကာကွယ်ပေးချင်တယ်။ ကျွန်တော်တို့က အသက်ပေးမယ်။ NUG က ကျွန်တော်တို့ Gun တော့ ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းမှ အိမ်ခြေ ၁၃,၀၀၀ ကျော် မီးရှို့ဖျက်ဆီးထားသည်ဟု ထိုဖြစ်ရပ်များကို လေ့လာစောင့်ကြည့်နေသည့် Data for Myanmar အဖွဲ့က ဇွန် ၇ တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ မီးရှို့သူတို့မှာ PDF များဖြစ်သည်ဟု တုံ့ပြန်တတ်သည်။

ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်းရှိ ချောင်းမီးတိုကျေးရွာအနီးရှိ ဒေသခံ ကာကွယ်ရေးအဖွဲ့စခန်း စီးနင်းခံရပြီး ရွာကိုပါ စစ်တပ်က မီးရှို့ခဲ့၍ ဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲဖြစ်ရာ ရွှေဘိုခရိုင် PDF တပ်ရင်း ၂၃ မှ ခေါင်းဆောင်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button