သတင်း

ကန့်ဘလူနယ်တွင် တိုက်ပွဲများဆက်ဖြစ်၊ နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်‌မြောက်ပိုင်းတွင် လွန်ခဲ့သော နှစ်ရက်အတွင်း စစ်တပ်နှင့် ဒေသခံ လက်နက်ကိုင်ခုခံတော်လှန်သူများ တိုက်ပွဲများဆက်ဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံသုံးဦးထံမှ သိရသည်။

ကန့်ဘလူမြို့နယ်‌မြောက်ပိုင်းရှိ အလယ်ခုံ၊ ဝက်သအင်း၊ အောက်တဲစသည့် ရွာများတွင် ဇွန် ၈ နှင့် ၉ ရက်တို့တွင် တိုက်ပွဲဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ အကျအဆုံးများသည့်နည်းတူ ၎င်းတို့ဘက်မှ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ဇွန် ၈ ရက်က တိုက်ပွဲနှင့် ပတ်သက်၍ ထို PDF အဖွဲ့ဝင်က “တစ်‌လျှောက်လုံး စစ်တပ်ဘက်က ၃၅ ယောက်သေတယ်လို့ ကျွန်တော်တို့ (သတင်း) ရထားတယ်။ တစ်လျှောက်လုံးလိုက်ချနေတာပေါ့” ဟု ပြောသည်။ 

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကားနှစ်စီး ထိခိုက်သွားကာ ကန့်ဘလူ PDF တပ်ရင်း ၂ မှ တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်သေဆုံးခဲ့သည်ဟု သူက ဆိုသည်။

ဇွန်လ ၃ ရက်က ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာအနီး တိုက်ပွဲဖြစ်ပြီးနောက် အင်အားဖြည့်ထားသည့် စစ်တပ်က ပတ်ဝန်းကျင်ကျေးရွာများကို လှည့်လည်မီးရှို့နေပြီး တိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရသည့် စစ်ကြောင်းကို ကူညီရန် ကိုးတောင်ဘို့တွင် အခြေစိုက်သည့် စစ်တပ်က ယမန်နေ့ ဇွန် ၉ ရက်တွင် ဆိုင်ကယ်များဖြင့် စစ်ကူလာစဉ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ခဲ့သည်ဟု PDF တပ်ရင်း ၂ ပြောခွင့်ရသူက ပြောသည်။

“ကျွန်တော်တို့က အခုက အဖွဲ့တွေခွဲပြီး လှုပ်ရှားနေကြတာ၊ ကျွန်တော်တို့က လေယာဉ်နဲ့ လာချသွားတဲ့ စစ်ကြောင်းကို ချနေတာ၊ ဒီကောင်တွေက မီးပတ်ရှို့နေတာ၊ အဲဒါကို တိုက်ခိုက်နေတာ၊ အခြားတစ်ဖွဲ့က စစ်ကူလာတဲ့အဖွဲ့တွေကို ကြားဖြတ်တိုက်နေတာ” ဟု ၎င်းက ပြောသည်။

ဇွန် ၉ ရက် မွန်းလွဲပိုင်းတွင် ကျွန်းလှမြို့မှ စစ်ကား ၆ စီးဖြင့် စစ်ကူလာခဲ့သော်လည်း ဖလားရကျေးရွာအနီးတွင် PDF တပ်ရင်း ၂ ၏ အခြားတပ်ခွဲနှင့် ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရှေ့မဆက်နိုင်ခဲ့ဘဲ နှစ်ဖက်အပြန်အလှန် တိုက်ပွဲထပ်ဖြစ်သည်ဟု ဆိုသည်။

အလားတူ ကန့်ဘလူမြို့နယ်အနောက်ပိုင်းအခြေစိုက် PDF တပ်ရင်း ၃ ကလည်း နှောကုန်းကျေးရွာတွင် ဆိုင်ကယ်များဖြင့် ကျေးရွာများအတွင်း လှည့်လည်သွားလာနေသော ဆိုင်ကယ် ၁၃ စီးပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ မိုင်းဆွဲတာ ဒီကောင်တွေဘက်က ခေါင်းဆောင်ပါသွားတယ်၊ ချပ်သင်းမှာ နာမည်ကြီးနေတဲ့ မဲလုံးဆိုတဲ့ သုံးပွင့်နဲ့ အရာရှိအပါအဝင် စစ်သား ၇ ဦး သေဆုံးသွားခဲ့ပြီး ၁၂ ဦး ဒဏ်ရာရတယ်” ဟု တပ်ရင်း ၃ အဖွဲ့ဝင် ကိုဖိုးသိန်းဆိုသူက ပြောသည်။

ယနေ့ (ဇွန်လ ၁၀ ရက်) တွင်လည်း ဟုမ္မလင်းမြို့အခြေစိုက် ခမရ ၃၆၉ မှ တပ်အင်အား ၁၀၀ ခန့်က ကန့်ဘလူအနောက်ပိုင်းရှိ ဘောကျေးရွာတွင် ရောက်ရှိတပ်စွဲနေသည်ဟု ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဒေသကာကွယ်ရေးတပ် PDF များ ရာနှင့်ချီ ပေါ်ပေါက်လာခဲ့ပြီး ထိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ အကျအဆုံးများသည်ဟု PDF များက ဆိုကြသော်လည်း စစ်ကောင်စီကမူ ၎င်းတို့ဘက်မှ ကျဆုံးမှုများအတွက် သတင်းထုတ်ပြန်လေ့မရှိပေ။

စစ်ကောင်စီအာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် အားကောင်းသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်သားများက ဒေသခံတို့၏နေအိမ်ပေါင်း ၂၀,၃၅၂ လုံး မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့ (ISP Myanmar) က ဇွန်လ ၂ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘာသာရေးအဆောက်အအုံများအပါအဝင် နေအိမ်အလုံးပေါင်း ၂၂,၂၉၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟုလည်း ISP Myanmar က ဆိုသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button