
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် စစ်ဘေးရှောင်ပြည်သူ ၂ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ (ဇွန် ၅) က ရှာတွေ့သည်ဟု ကနီမြို့နယ်အခြေစိုက် PDF အဖွဲ့တစ်ခုဖြစ်သည့် ကျောက်လုံးကြီးအဖွဲ့ထံမှ သိရသည်။
အင်အား ၈၀ ကျော်ရှိသည့် ထိုတပ်ဖွဲက မေလကုန်ပိုင်းမှစ၍ ကမ်းနံဘေးရွာများတွင် လှုပ်ရှားနေပြီး ချင်းတွင်းမြစ်အတိုင်း ဆင်းလာနေသည့် စစ်ကောင်စီ အမြန်ရေယာဉ်အုပ်စုကို လုံခြုံရေးပေးရန် ဖြစ်နိုင်သည်ဟု ကျောက်လုံးကြီးအဖွဲ့က ယူဆထားသည်။
ယမန်နေ့တွင် ရုပ်အလောင်းရှာတွေ့သူ ၂ ဦးမှာ သရက်ပင်ရွာမှ အသက် ၃၀ ဝန်းကျင်အရွယ် ကိုဝေလင်းနှင့် ဒေါင်းခြံရွာမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟု ကျောက်လုံးကြီးအဖွဲ့မှ ကိုအေတီဆိုသူက ပြောသည်။
“အလောင်းနှစ်လောင်းက လက်ပြန်ကြိုးတုပ်ပြီး ခြေထောက်တွေနဲ့ ကန်တယ်။ သေနတ်နဲ့ ပစ်သတ်တယ်။ တော်တော်လေးနှိပ်စက်ပြီးမှ သတ်ထားခဲ့တာ။ (ဒေါင်းခြံက တစ်ယောက်က) မီးပါရှို့ထားခဲ့တာ။ မသေခင်က ရှို့တာလား၊ သတ်ပြီးမှရှို့တာလားတော့ မသိရသေးဘူး”။
ကိုဝေလင်း၏ ရုပ်အလောင်းကို သရက်ပင်တိုက်နယ်ဆေးရုံအနီးတွင် တွေ့ကြောင်း၊ မီးရှို့သတ်ခံထားရသည့် ဒေါင်းခြံရွာ ဒေသခံအမျိုးသား၏ ရုပ်အလောင်းကို သရက်ပင်ရွာအနီး တွေ့ကြောင်း ၎င်းက ပြောသည်။
ပရဟိတကား၊ လူနာတင်ကားများ မောင်းနှင်လေ့ရှိပြီး ရပ်ရွာအရေးတက်ကြွစွာပါဝင်လေ့ရှိသူ ကိုဝေလင်းမှာ ဇွန် ၃ ရက်နေ့က သရက်ပင်ရွာရှိ နေအိမ်သို့ ခေတ္တပြန်စဉ် စစ်ကောင်စီအဖွဲ့နှင့် ထိပ်တိုက်တွေ့ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကိုအေတီက ပြောသည်။
ဒေါင်းခြံရွာ ဒေသခံအမျိုးသား၏ အမည်၊ အသက်အရွယ်နှင့် ဖမ်းဆီးခံရသည့်ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ကိုအေတီက ပြောသည်။
ထိုဒေသအတွင်း မေလကုန်မှစ၍ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များအကြား နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်နေပြီး ယခု ရုပ်အလောင်းတွေ့သူနှစ်ဦးအပါအဝင် စစ်တပ်၏ လက်ချက်ဖြင့် သေဆုံးသည့် ဒေသခံစစ်ရှောင် ၆ ဦးအထိရှိပြီဟု အထက်ပါ PDF တာဝန်ရှိသူထံမှ သိရသည်။
မေ ၃၁ ရက်နေ့တွင် စစ်ကြောင်းက လေကြောင်းတိုက်ခိုက်မှုအပြီး မြေပြင်စစ်ကြောင်းထိုးလာသည့် အဖွဲ့က တန့်ဆည်ချောင်ရွာမှ စစ်ဘေးရှောင်ပြည်သူ ၇ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ၃ ဦးကိုသာ ပြန်လွှတ်ကာ ၄ ဦးကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သေးသည်ဟု ၎င်းထံမှ သိရသည်။
အသက် ၄၅ နှစ်အရွယ် ဦးဇော်၊ အသက် ၃၉ နှစ်အရွယ် ဦးခင်မောင်တင့်၊ ဆယ်ကျော်သက်အရွယ် ကိုအဲဖြိုးနှင့် ကိုငပုတို့ ဖြစ်ပြီး ရုပ်အလောင်းများကို ဇွန် ၄ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ကိုအေတီက ပြောသည်။
“တန့်ဆယ်ချောင်ရွာရဲ့တောင်ဘက်က နတ်စင်ကုန်းအနီးမှာ အဲဒီမှာ တွေ့တာ။ တစ်ယောက်ကတော့ လက်ပြန်ကြိုးတွေ အထပ်ထပ်တုပ်ပြီး နှိပ်စက်သတ်ဖြတ်ထားတာ”။
ဒေသတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများရှိသည်ဟု ကိုအေတီက ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသို့သေဆုံးသည့် အရပ်သား ၆ ဦးမှာ စစ်ရှောင်များဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ဘက်က ပြောသည်။ သို့သော် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့အတူ စစ်တပ်ဘက်မှ ထိခိုက်မှုအခြေအနေကိုလည်း အသေးစိတ်မသိရသေးသလို စစ်ကောင်စီကိုလည်း ထိုဒေသဖြစ်ရပ်များအကြောင်း မေးမြန်းရန် ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။
ချင်းတွင်းမြစ်တစ်လျှောက် မေ ၁၈ ရက်နေ့မှ ဇွန် ၅ ရက်အထိ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့လက်ချက်ဖြင့် ဒေသတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ အိမ်ခြေ ၂၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အထက်ပါ ဒေသကာကွယ်ရေးအဖွဲ့က ပြောသည်။
ချောင်းဝကြီး၊ ဝက်ချောင်း၊ ဝက်ကြီး၊ ရွာသာ၊ ဝက်ချောင်းလေး၊ ကနဲ၊ ညောင်ဝန်း၊ သိမ်ကုန်း၊ ကျွန်းဖျား၊ အထက်ကင်း၊ အောက်ကင်း၊ ကဲဒေါင်၊ ချမ်းသာစု၊ ဆင်စမ်း၊ သရက်တော၊ ကင်းဒေါင်၊ မုဌော၊အုန်းပင်ဆိပ်၊ တန့်ဆည်ချောင်တောတိုက်၊ ငါးဖျက်တောတိုက်တို့ မီးရှို့ခံရသည်ဟု သိရသည်။
စစ်ကောင်စီစစ်ကြောင်းကြောင့် ဘေးလွတ်ရာရှောင်တိမ်းနေရသည့် ဒေသခံအချို့ နေရပ်သို့ ပြန်လည်ဝင်ရောက်နေပြီဖြစ်သော်လည်း မီးဘေးသင့်အိမ်ထောင်စုများအပါအဝင် အများစုမှာ နီးစပ်ရာ ကျေးရွာများနှင့် တောတိုက်များတွင် ခိုလှုံနေရပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများ ရင်ဆိုင်နေရသည်ဟု ထိုသူတို့ကို ကူညီနေသူတစ်ဦးက ပြောသည်။
“ထန်းရွက်ပဲ အားပြုပြီးပဲ တဲလေးတွေထိုးရမှာပေါ့။ အုတ်ခုံပေါ်လည်း နေလို့မရဘူး။ မီးပူဒဏ်နဲ့ဆိုတော့ တစ်လ၊ နှစ်လတော့ နေလို့မရသေးဘူး။ လောလောဆယ် နေလို့မရသေးဘူး။ ဆေးဝါးကတော့ လုံလောက်တယ် ဘယ်ဟုတ်ပါ့မလဲ။ ဒုက္ခပေါ် ဒုက္ခဆင့်တာပေါ့။ ဒီလိုပဲ ဖြစ်သလိုနေကြရတာပါ့”။
အရပ်ဘက်အချက်အလက်ကောက်ယူရေး Data for Myanmar အဖွဲ့၏ ယခုနှစ် ဧပြီ ၁ ရက်စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်မှ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့မှုကြောင့် နေအိမ် ၁၁,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့်အနက် စစ်ကိုင်းတိုင်းက အများဆုံးဖြစ်သည်။ စစ်ကောင်စီကမူ ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းလေ့ရှိသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)