ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် စစ်တပ်က ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သူများကို လိုက်လံရှာဖွေရင်း ယမန်နေ့ (ဇွန် ၄) ညပိုင်းတွင် မြို့ခံတစ်ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။
ပလက်ဝမြို့၊ ပလုပ်တောင်ရပ်ကွက်မှ အသက် ၅၀ အရွယ် ဦးမောင်မဲကျော့ဆိုသူကို ယမန်နေ့ည ၉ နာရီ ခန့်၌ စစ်သား ၉ ဦးက နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အမည်အဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။
ဦးမောင်မဲကျော့ကို လာရောက်ဖမ်းဆီးသည့် စစ်သားများမှာ ပလက်ဝမြို့ မီးသတ်ဌာနတောင်ကုန်းပေါ်တွင် တပ်စွဲထားသော တပ်မ(၁၁) မှဖြစ်ကြောင်း၊ AA နှင့် ဆက်စပ်သူများကို လိုက်လံရှာဖွေနေသောကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများရှိကြောင်း ၎င်းက ဆိုသည်။
“စစ်တပ်က ဖမ်းသွားတာပါ။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကို တစ်ခုမှ မသိရဘူး။ အခု မြို့ပေါ်မှာလည်း ရှုပ်ထွေးနေပါတယ်။ မြို့ပေါ်က တချို့လူတွေဆိုရင် ရှောင်နေကြတာ တွေ့တယ်” ဟု ထိုမြို့ခံက ပြောသည်။
“AA နဲ့ ဆက်စပ်သူတွေကို လိုက်ရှာတယ်လို့ ကြားတယ်။ အားလုံးရှောင်နေရတာ မဟုတ်ပါ။ နာမည်စာရင်းပါတဲ့ လူတွေ ရှောင်နေကြရတယ်လို့ သိရပါတယ်” ဟု အထက်ပါ ပလက်ဝမြို့ခံက ပြောသည်။
ဦးမောင်မဲကျော့ကို ပလက်ဝအခြေစိုက် ခလလ ၂၈၉ သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ၎င်းနှင့် ရင်းနှီးသူတစ်ဦးက ထပ်မံအတည်ပြုသည်။
“ဟုတ်ပါတယ်။ မနေ့က ည ၉ နာရီကျော်ကျော်လောက်မှာ ဖမ်းယူသွားတယ်။ မြို့ပေါ် လက်ရှိအခြေအနေက မနေ့က ညအဖမ်းခံရတာ သူတစ်ယောက်တည်းပါ။ မြို့ပေါ်မှာက ဟိုရပ်ကွက်မှာ ဒီရပ်ကွက်တွေမှာ စစ်သားတွေရှိနေတယ်” ဟု သူက ပြောသည်။
မေလ ၂၆ ရက်တွင် ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးတွင် AA နှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးနှစ်ဦးကို ဖမ်းသွားပြီး နှစ်ရက်အကြာတွင် ဆယ်အိမ်မှူးများကို ပြန်လွှတ်သော်လည်း အုပ်ချုပ်ရေးမှူးမှာ ယနေ့အထိ လွတ်မြောက်လာခြင်း မရှိသေးဟု သိရသည်။
အလားတူ မေ ၃၀ ရက်ကလည်း အဘောင်သားကျေးရွာကို အင်အား ၆၀ ခန့်ရှိ စစ်တပ်ရောက်လာပြီး ရွာသူရွာသားများကို ရိုက်နှက်စစ်ဆေးကာ ရွာသားလေးဦးကို ဖမ်းသွားကြောင်း ပလက်ဝမြို့ခံထံမှ သိရသည်။
ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ပလက်ဝမြို့နယ်တွင် AA နှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက မေ ၂၆ ရက်မှစ၍ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။
စစ်ရေးတင်းမာနေသော ရခိုင်ပြည်နယ်သို့ စစ်ကောင်စီက ကုန်တင်လေယာဉ်များဖြင့် အင်အားဖြည့်တင်းလျက်ရှိသည့်ပြင် စစ်ရေယာဉ်များဖြင့်လည်း ပြည်နယ်မြောက်ပိုင်းသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်နေသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်က အစစ်အဆေးကြမ်းလာသည့်နည်းတူ မသင်္ကာသူများကိုလည်း မကြာခဏ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
လွန်ခဲ့သော မေ ၂၆ ရက်ကပင် ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်၌ AA ကို ထောက်ပံ့သည်ဆိုကာ ဒေသခံနှစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



