စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ပိုင်း၊ အနောက်ပိုင်းတို့တွင် ဇွန်လဆန်းအတွင်း တိုက်ပွဲများ ပြင်းထန်နေရာ စစ်တပ်တပ်က လေကြောင်းမှပါ တိုက်ခိုက်ခိုက်ခဲ့ရသလို စစ်သည်အင်အားတိုးချဲ့ ချထားသည်ဟု သိရသည်။
ယမန်နေ့ (ဇွန် ၃) မွန်းလွဲပိုင်းက ကန့်ဘလူမြောက်ပိုင်းအစွန်ရှိ ကိုးတောင်ဘို့ကျေးရွာတိုက်ပွဲတွင် စစ်တပ်ရဟတ်ယာဉ်လေးစီးဖြင့် နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးခဲ့ရသည်ဟု ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၃ တာဝန်ရှိသူက ပြောသည်။
“MI 35 တစ်စီးနဲ့ ကျွန်တော်တို့ ရှိနေတဲ့ နေရာကို လှည့်လည်ပစ်ခတ်တယ်၊ နာရီဝက်လောက် ကြာတယ်။ အပေါ်ကနေ ဝိုက်တာပေါ့၊ ကိုးတောင်ဘို့ရွာထဲကို ဝိုက်တာ၊ ပြီးတော့မှ ရဟတ်ယာဉ်နဲ့ လူချတာ” ဟု သူက ဆိုသည်။
ဇွန်လ ၁ မှစ၍ ကန့်ဘလူ PDF တပ်ရင်း ၂ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ကိုးတောင်ဘို့ရွာအတွင်း တပ်စွဲထားသည့် အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်နေခြင်း ဖြစ်သည်ဟု သိရသည်။
PDF များက ကျေးရွာမြောက်ဘက် တောင်ကုန်းရှိ စစ်ကောင်စီစခန်းကို သိမ်းရန် ကြိုးစားနေစဉ်မှာပင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ရွာကို သိမ်း၊ ရွာထဲကနေ ရန်သူကို တိုက်ထုတ်ပြီး ထိုင်လိုက်တာ။ ကျေးရွာရဲ့ လျှပ်စစ်ရုံးကအစ နေရာယူပစ်လိုက်တာ၊ ရန်သူက အထိလည်းနာတယ်၊ စခန်းချတဲ့နေရာကိုလည်း သိမ်းနိုင်တော့မှာ လက်နက်ချ အညံ့ခံဖို့ ပြောနေတဲ့အချိန်မှာ လေကြောင်းက တိုက်ခံရတာ” ဟု တပ်ရင်း ၃ တာဝန်ရှိသူက ဆိုသည်။
PDF များ ဆုတ်ခွာခဲ့ရပြီး အထိအအခိုက်မရှိကြောင်း တပ်ရင်း ၂ တာဝန်ရှိသူက ပြောသည်။
ထိုရွာမှ အမျိုးသားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေး (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဖွဲ့တွေကို လူစစ်ကြည့်တယ်၊ လူက အစုံရှိတယ်၊ ဘယ်အဖွဲ့မှ မလျော့ဘူး။ သေသွားသူနှစ်ယောက်က သာမန်အရပ်သားတွေ၊ ကျွန်တော်တို့လည်း ရွာတွေထဲဝင် စိစစ်တာတွေ မလုပ်နိုင်သေးတော့ ဘယ်သူတွေမှန်းတော့ မသိရသေးဘူး” ဟု ဆိုသည်။
အင်အားဖြည့်တင်းထားသည့် စစ်ကောင်စီတပ်သည် ယနေ့ (ဇွန် ၄ ) ရက်နေ့ နံနက်အစောမှစ၍ အနီးအနားရှိ ပေါက်ကုန်းရွာအတွင်း ဝင်ရောက်မွှေနှောက်နေပြီး ရွာများကို စစ်ကြောင်းထိုးမည့်အနေအထားရှိကြောင်း သိရသည်။
ယခင်ရက် တိုက်ပွဲများ ပြင်းထန်စဉ် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး ကိုးတောင်ဘို့ရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ပုန်းခိုနေသည့် အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ၎င်း၏မိခင်နှင့် အဘိုးဖြစ်သူတို့ ဇွန် ၂ ရက်က သေဆုံးခဲ့သည်။
အလားတူ ကန့်ဘလူမြို့နယ်အနောက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို မေ ၃၁ မှစ၍ ၃ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် ထိခိုက်နိုင်သည်ဟု ကန့်ဘလူ PDF တပ်ရင်း (၃) ထံမှ သိရသည်။
မေလဆန်းကတည်းက စစ်ကြောင်းထိုးနေသည့် အဆိုပါစစ်ကောင်စီတပ်သည် မေ ၂၆ တွင် ထန်းတောကျေးရွာရှိ လူနေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီးနောက် အနီးပတ်ဝန်းကျင်ရွာများကို ဆက်လက်မွှေနှောက်နေခြင်း ဖြစ်သည်။
“မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် အနည်းဆုံးနှစ်ကြိမ်ကနေ၊ သုံးကြိမ်လောက်အထိ ကျွန်တော်တို့ တိုက်ခိုက်မှုတွေ လုပ်နေတယ်၊ ကျွန်တော်တို့ စတိုက်ခိုက်တဲ့အချိန်တုန်းက အင်အား ၈၀ လောက်ရှိတဲ့ စစ်ကြောင်း ဇွန် ၃ မနက်မှာ ၆၀ လောက်ပဲ ရှိတော့တယ်” ဟု တပ်ရင်း (၃)၏ ပြောဆိုခွင့်ရှိသူ ကိုဖိုးသိန်းက ဆိုသည်။
၎င်းတို့တပ်ဖွဲ့က ဂွေးထောက်ပင်၊ လက်ပံကျွန်း၊ မှန်နီပင်၊ လွှဲဆိပ် စသည့်ကျေးရွာများဝန်းကျင်တွင် လှည့်လည် စစ်ကြောင်းထိုးနေသည့် ဟုမ္မလင်းမြို့အခြေစိုက် အမှတ် ၃၆၉ ခြေမြန်တပ်ရင်းလက်အောက်ခံတပ်ဖွဲ့တစ်ခုကို တိုက်ခိုက်နေခြင်းဖြစ်သည်။
“ကျွန်တော်တို့ဘက် ကျည်ဆန်တစ်တောင့်မှ မပစ်သေးဘူး။ မိုင်းနဲ့ပဲ တိုက်ခိုက်နေတာ၊ လတ်တလောကတော့ ဒီကောင်တွေဘက်ကပဲ အကျအဆုံးရှိတယ်။ တိုက်ခိုက်ခံရရင် ကားတွေနဲ့ (မိုင်း) ထိတဲ့လူတွေ လာကောက်၊ ပြီးရင်ပြန်ထိုး အဲဒီလိုလုပ်နေတာ၊ ကျွန်တော်တို့ ရဲဘော်တစ်ယောက် မိုင်းနည်းနည်းမှားသွားလို့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရတာပဲ ရှိသေးတယ်” ဟု ကိုဖိုးသိန်းက ပြောသည်။
ထိုစစ်ကြောင်းသည် ရွာများအတွင်း ဝင်ရောက်စဉ် ရွာသားများကို ကြိုးတုပ်ကာ ၎င်းတို့ စခန်းချရာနေရာများတွင် ဓားစာခံအဖြစ် ခေါ်ထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“လွှဲဆိပ် (ရွာ) ကို ဝင်လာတော့ မပြေးနိုင်တဲ့လူတွေကို ဖမ်းပြီးတော့ ရွာဘုန်းကြီးကျောင်းကို ခေါ်ထားတယ်၊ ပြီးတော့မှ ရွာထဲက အိမ်တွေကို မီးရှို့တာ၊ လွှဲဆိပ်က အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ ၇ လုံးကို မီးရှို့တယ်၊ ရွာထဲက ပိုက်ဆံရှိတဲ့လူတွေက PDF တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပိုက်ဆံရှိပုံပေါ်တဲ့အိမ်တွေ ရွေးရှို့တဲ့ပုံစံမျိုးထင်တယ်” ဟု ယင်းဒေသခံက ပြောသည်။
ယမန်နေ့ ဇွန် ၃ အထိ စစ်ကောင်စီတပ်က လွှဲဆိပ်ကျေးရွာနှင့် မှန်နီပင်ကျေးရွာတို့တွင် နေရာယူထားကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီက ကျေးရွာများမီးရှို့ဖျက်ဆီးခြင်းမှာ ၎င်းတို့လက်ချက် မဟုတ်ဘဲ PDF တို့၏ လက်ချက်သာ ဖြစ်သည်ဟု ပြောလေ့ရှိပြီး စစ်ကောင်စီတပ်သားမည်မျှသေဆုံးနေကြောင်းကိုမူ ထုတ်ဖော်ပြောဆိုလေ့မရှိပေ။
စစ်ကောင်စီတပ်သည် တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း ဧပြီလမှစ၍ စစ်အင်အား၊ လူအင်အားအများအပြားဖြင့် နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ်ကာ စစ်ကြောင်းထိုးလျက်ရှိသည်။
စစ်ကြောင်းထိုးရာတွင် စစ်ကိုင်းတိုင်းအတွင်းမှ အင်တာနက်ဆက်သွယ်ရေးအပြင် ဖုန်းလိုင်းဆက်သွယ်ရေးကိုပါ ဖြတ်တောက်ပြီး နေအိမ်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းကိုသာ အဓိကလုပ်ဆောင်နေသည်ဟု ဒေသခံတို့က ပြောသည်။