အာဏာသိမ်းစစ်ကောင်စီက ဆီအလုံအလောက်တင်သွင်းထားသည်ဆိုသော်လည်း စက်သုံးဆီပြတ်လပ်မှု ဖုံးကွယ်မရဖြစ်လာကာ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများသာမက နိုင်ငံအနှံ့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင်ပါ ဆီပြဿနာနှင့် ရင်ဆိုင်နေရသည်ကို တွေ့ရသည်။
ကားများရပ်နားထားရသည်အထိ စက်သုံးဆီဝယ်မရဖြစ်လာကြောင်း မြို့ကြီးများရှိ တက္ကစီယာဉ်မောင်းများနှင့် နယ်သွားကုန်တင်ကားသမားများထံမှ သိရသည်။
ရန်ကုန်ရှိ စက်သုံးဆီဆိုင်အများစုတွင် ဒီဇယ်ဆီဝယ်ရသေးသော်လည်း ပရီမီယံအဆင့်ဓာတ်ဆီအမျိုးအစားဖြစ်သော 92 Ron နှင့် 95 Rom ပြတ်လပ်နေသည်ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
“ကျွန်တော် မနက်က လိုက်ရှာတာ လေးငါးဆိုင်လောက်ရှိတယ်။ တစ်ဆိုင်မှ မရဘူး။ အကုန်လုံး ပြတ်နေတယ်။ ဆီဘောက်ဆာကား မလာသေးဘူးပဲ ပြောကြတယ်” ဟု ၎င်းက ဆိုသည်။
အင်းစိန်၊ မရမ်းကုန်းနှင့် လှိုင်မြို့နယ်ရှိ မြတ်မေတ္တာမွန်၊ Max နှင့် 360 ဆီဆိုင်များကို ရောက်သော်လည်း ဆီပြတ်လပ်နေကြောင်း၊ ဆီဝယ်မရ၍ ကားမဆွဲနိုင်သည်မှာ လေးရက်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ စက်သုံးဆီအလုံအလောက် တင်သွင်းထားကြောင်း၊ နိုင်ငံတကာဆီဈေးနှုန်းကြောင့် ဈေးမြင့်တက်ခြင်းဖြစ်ကြောင်း လွန်ခဲ့သည့်နှစ်ရက်က နေပြည်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စစ်ကောင်စီက ထိုသို့ဆိုသော်လည်း ဆီကို လုံလုံလောက်လောက် မတင်သွင်းနိုင်သည့်အလျောက် ခွဲတမ်းဖြင့် ရောင်းချလာရပြီး ခွဲတမ်းမရသောဆိုင်များ ပိတ်သိမ်းထားရသည်အထိ ဖြစ်လာကြောင်း စက်သုံးဆီအရောင်းဆိုင်အချို့ထံမှ သိရသည်။
ရန်ကုန် သီလဝါဆိပ်ကမ်းရှိ ဆီသိုလှောင်ကန်များမှ ဆီထုတ်ယူရာတွင် ကြန့်ကြာမှုရှိကြောင်း၊ ထို့ပြင် ဆီပြတ်လပ်သည်ဆိုကာ ပမာဏအများအပြား ဝယ်ယူခြင်းကြောင့် လက်လီဆိုင်များတွင် အလျဉ်မမီဖြစ်နေကြောင်း အင်းစိန်မြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ခုမှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
ပုံးများ၊ ဆီပီပါများဖြင့် ဆီလာဝယ်သူများကို မရောင်းပေးသော်လည်း ကားတစ်စီးချင်းစီအတွက် လိုအပ်သည့်ဆီကို အကန့်အသတ်မရှိ ရောင်းချပေးနေကြောင်း ထိုသူက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။
စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များက လိုသလောက်ရောင်းမပေးတော့ဘဲ ခွဲတမ်းဖြင့် ပေးခြင်းကြောင့် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှမတဖြစ်လာပြီး ဆီပြတ်လပ်ခြင်းဖြစ်နိုင်သည်ဟု အထက်ပါ တက္ကစီယာဉ်မောင်းကလည်း ခန့်မှန်းသည်။
“မနက်စောစောထွက်ပြီး လိုက်ဝယ်မယ်ဆိုရင် ရနိုင်မယ်လို့တော့ ထင်တာပဲ။ သေချာတော့ မပြောတတ်ဘူး။ ဆီက ပြတ်သလောက်နီးပါးကို ဖြစ်နေတာ။ ဆိုင်တော်တော်များများကို မရကြတာ။ ဈေးတွေကတော့ အရမ်းတက်တယ်” ဟု ၎င်းက ဆိုသည်။
ဦးစိုးဆိုသည့် ရန်ကုန်မြို့မှ အခြားတက္ကစီယာဉ်မောင်းတစ်ဦးကလည်း ခရမ်း-ရန်ကုန်လမ်းကြောင်းတွင် စက်သုံးဆီဆိုင် ၆ ဆိုင်ထက်မနည်း ရှိသော်လည်း တစ်ဆိုင်သာ ဆီရောင်းပေးပြီး ကျန်ဆိုင်များ ဆီပြတ်လပ်နေသည်ဟု ပြောသည်။
“ဆီမရှိတော့ ဘာနဲ့ သွားပြေးမှာလဲ။ ရတုန်းရခိုက်လေးတော့ ထည့်ထားကြတာပေါ့။ မရတဲ့အခါကျတော့ ရပ်ထားလိုက်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။
နာမည်ကြီးဆီဆိုင်ကြီးများပါ ဆီပြတ်လပ်နေပြီး တချို့သောဆိုင်များမှာလည်း အကန့်အသတ်ဖြင့်သာ ရောင်းပေးနေသည်ဟု နေပြည်တော်နှင့် တပ်ကုန်းမြို့ကို ကုန်စည်ပို့ဆောင်ပေးနေသော ယာဉ်မောင်းတစ်ဦးက ပြောသည်။
တပ်ကုန်းမှ ရန်ကုန်အထိ ဆီဖိုး ကျပ်လေးသိန်းအထိ ကုန်ကျသော်လည်း စက်သုံးဆီဆိုင်အများစုသည့် ကျပ်တစ်သိန်းအထိသာ ရောင်းချပေးခြင်းကြောင့် ဆိုင်းသုံးလေးဆိုင်တွင် ဆီဖြည့်နေရကြောင်း ၎င်းက ဆိုသည်။
“ဆီဈေးက ဘာလို့တက်လဲဆိုတော့ ဝယ်ရင်းဈေးကကို တက်တာတဲ့။ ဆီက မရှိဘူး။ သီလဝါကို သွားသွားတင်ရတာကလည်း လိုသလိုမရဘူးလို့။ အဲဒီလိုတော့ ဆိုင်တွေက ပြောပြတယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးမြို့တွင်လည်း နာမည်ကြီးဆီဆိုင်အချို့သည် ဆီပြတ်သွားပြီဟုဆိုကာ နေ့လယ် ၃ နာရီတွင် ပိတ်သိမ်းလိုက်သလို လုံးဝပိတ်ထားသည့် ဆိုင်ကြီးများလည်း တွေ့ရကြောင်း အသက် ၃၀ အရွယ် မန္တလေးမြို့ခံ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီက အမေရိကန်ဒေါ်လာအသုံးပြုမှုကို ထိန်းချုပ်လိုက်ပြီးနောက် ဒေါ်လာဖြင့် ဝယ်ယူတင်သွင်းရသော စက်သုံးဆီဈေးကွက် အကြီးအကျယ်ဂယက်ရိုက်ခဲ့ရာမှ ယခုအခါ ဆီပြတ်လပ်သည်အထိ ဖြစ်လာသည်။
နိုင်ငံခြားငွေမရှိတော့သည့် စစ်ကောင်စီသည် ပို့ကုန်မှရသည့် အမေရိကန်ဒေါ်လာကို ၁၈၅၀ ကျပ်ဖြင့် တစ်ရက်အတွင်း မဖြစ်မနေလဲလှယ်ရမည်ဟု သတ်မှတ်ထားသလို ဒေါ်လာသုံးစွဲမှုကို ထိန်းချုပ်ထားသဖြင့် စက်သုံးဆီအပါအဝင် သွင်းကုန်များတင်သွင်းရန် ကမောက်ကမဖြစ်နေကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
“(ဒေါ်လာ) ပြန်ဝယ်ခွင့်ရဖို့ကို ခွင့်ပြုချက်ယူရတဲ့အပိုင်းက တော်တော်ကို ရှုပ်ထွေးတယ်။ တော်တော်လည်း ခက်ခဲတာကို တွေ့ရတယ်။ လွယ်လွယ်ကူကူနဲ့ မရဘူး။ ဒါကြောင့်မို့လို့ သွင်းကုန်လုပ်ငန်းရှင်သမားတွေက အခက်အခဲရှိတယ်။ ဓာတ်ဆီတို့ ဒီဇယ်တို့မှာ အခက်အခဲရှိတယ်။ စားအုန်းဆီတို့မှာ အခက်အခဲရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီသတ်မှတ်သည့်ဈေးဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီဆိုင် ၃၂၄ ဆိုင်ကို ခွဲတမ်းဖြင့် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီအသင်းက ပြီးခဲ့သည့် မေ ၂၁ တွင် သတင်းထုတ်ပြန်ထားသည်။
စက်သုံးဆီဈေးမှာ တရိပ်ရိပ်တက်နေပြီး ပြီးခဲ့သည့်နှစ် ဧပြီ ၁ တွင် အောက်တိန်း (၉၂) တစ်လီတာကို ရန်ကုန်တွင် ၁၉၆၅ ကျပ်ရှိရာမှ ယနေ့ (ဇွန် ၃) တွင် ၂၁၆၀ အထိ ရှိလာကြောင်း Denko ဆီဆိုင်၏ ဈေးနှုန်းများအရ သိရသည်။
ယနေ့ အောက်တိန်း (၉၅) တစ်လီတာ ၂၂၁၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂,၄၄၀ ကျပ်၊ ဒီဇယ်ရိုးရိုး ၂၄၁၀ ကျပ် ဈေးပေါက်ကြောင်း ထိုဆီဆိုင်၏ ဈေးနှုန်းများအရ သိရသည်။
စစ်အုပ်စုသည် ၎င်းတို့အသုံးပြုရန်အတွက် ဆီအလုံလောက်တင်သွင်းထားသလို အရန်ဆီများလည်း သိုလောင်ထားသည့်အစဉ်အလာရှိကြောင်း၊ ယခုအခြေအနေတိုင်း ဆက်သွားပါက အများပြည်သူအတွက် ဆီပြတ်လပ်မှုဖြစ်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထက်ဦးက ပြောသည်။
လောင်စာဆီပြတ်တောက်မှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နိုင်သလို မှောင်ခိုဈေးကွက်ကြီးထွားကာ ခေတ်ပျက်သူဌေးများပေါ်ပေါက်လာမည့် အန္တရာယ်ရှိကြောင်း ၎င်းက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)