
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယမန်နေ့ (ဇွန် ၂) တွင် ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်သော ကျောက်လုံးကြီး (KLG) အဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်းတစ်ခုကို စီးနင်းခဲ့ရာ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။
မွန်းလွဲ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က အင်အား ၁၀၀ နီးပါးဖြင့် ကနီမြို့အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာ ငါးဖျက်ရွာအနီးရှိ ကျောက်လုံးကြီးအဖွဲ့စခန်းကို စီးနင်းခဲ့ခြင်းဖြစ်သည်။
ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီ အမြန်ရေယာဉ် ၈ စီးကို အကာအကွယ်ပေးရန် မြစ်အနောက်ဘက်ကမ်းကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက်က တန့်ဇယ်ချောင်ရွာမှ ထွက်လာစဉ် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ခဲ့သည်။
ထို့နောက် ညနေတွင် ကနီမြို့နယ်အခြေစိုက် KLG အဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်း စီးနင်းခံရခြင်း ဖြစ်သည်။
စခန်းစီးနင်းရာတွင် စစ်ကောင်စီတပ်က ဗုံးသီးတပ် ဒရုန်းသုံးပြီး တိုက်ခိုက်သလို လက်နက်ကြီးများဖြင့်လည်း အဆက်မပြတ် ပစ်ခတ်ခဲ့၍ နောက်ဆုတ်ခဲ့ရကြောင်း ကျောက်လုံးကြီးအဖွဲ့ခေါင်းဆောင်က ပြောသည်။
“တစ်ဖက်ကလည်း မြစ်ကြောင်းဆိုတော့ ချောင်ပိတ်သလိုဖြစ်သွားတာ။ တိုက်ပွဲရင်ဆိုင်ဖို့ ကြိုးစားတာကလည်း အပေါ်ကနေ ဒရုန်းနဲ့ ချလိုက်၊ လက်နက်ကြီးနဲ့ ချလိုက်ဆိုတော့ ဘယ်လိုမှ နေလို့မရတော့ဘူး။ ပြန်ခုခံလို့ မရဘူး” ဟု သူက ပြောသည်။

ဒေသခံကာကွယ်ရေးအဖွဲ့ဝင် အသက် ၄၇ နှစ်အရွယ် ဦးမောင်စိုး သေဆုံးကြောင်း၊ တူမီးသေနတ်အကြီးစားများ၊ ရှော့တိုက်ဒုံးများ ထုတ်လုပ်သည့် စခန်းစီးနင်းခံရပြီး အဆောက်အအုံ ၅ လုံး မီးရှို့ခံခဲ့ရကြောင်း KLG အဖွဲ့ထံမှ သိရသည်။
ထုတ်လုပ်ရေးကိရိယာများ၊ လက်နက်များအပါအဝင် တန်ဖိုးအားဖြင့် ကျပ် သိန်း ၃၀၀ ဝန်းကျင် ဆုံးရှုံးခဲ့ရကြောင်း အဆိုပါအဖွဲ့ခေါင်းဆောင်က ပြောသည်။
စခန်းကို စွန့်ခွာခဲ့သော်လည်း မိုင်းများထောင်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးနိုင်သည်ဟု ၎င်းက ယူဆသည်။
ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို စစ်ကြောင်းထိုးနေသည့် ထိုစစ်ကြောင်းနှင့် ကနီဒေသခံကာကွယ်ရေးအဖွဲ့များမှာ ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။
ထိုစစ်ကြောင်းနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် မေ ၃၁ ၌ စစ်ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့သည့်ပြင် ဒရုန်းဖြင့် ဗုံးကြဲမှုကို စစ်တပ်က စတင်အသုံးပြုလာသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။
“ဒရုန်းနဲ့က ရိုးရိုးဗုံးသီးချတာမဟုတ်ဘူး။ ၆၀ မမ ဗုံးသီး ၂ လုံး ချိတ်ပြီး ချတာ။ အမြင့် မီတာ ၅၀၀ လောက်ကနေ ချတာ။ ပန်ကာ ၆ လက်ပါတယ်” ဟု ဒေသခံကာကွယ်ရေးအဖွဲ့ဝင်နောက်တစ်ဦးက ကြုံတွေ့ခဲ့ရပုံကို ပြောသည်။
ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်သည့် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးအဖွဲ့များဘက်မှ မေ ၃၁ ရက်တွင် ၁၁ ဦး၊ ဇွန် ၂ ရက်တိုက်ပွဲတွင် ၄ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။
“အဓိကတော့ ဒရုန်းကို ဖျက်ချနိုင်တဲ့ဟာမျိုးရနိုင်ရင်တော့ အဆင်ပြေမှာ။ ဒရုန်းက ဆိုးတာ။ အမြင့်ကြီးလည်း ပျံနိုင်တယ်။ လှမ်းပစ်တာကို မရောက်ဘူး။ အသံလည်း သိပ်မထွက်ဘူး။ (ဗုံးသီး) ကျလာတော့မှပဲ သိရတာဆိုတော့ အန္တရာယ်တော်တော်များတယ်” ဟု ကျောက်လုံးကြီးအဖွဲ့ခေါင်းဆောင်က မှတ်ချက်ပြုသည်။
ချင်းတွင်းမြစ်အထက်ပိုင်းမှ ဆင်းလာသည့် အမြန်ရေယာဉ်အုပ်စုကို ဒေသခံကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးရန် ချင်းတွင်းမြစ်အရှေ့နှင့် အနောက်ဘက်ကမ်းရှိကျေးရွာများကို စစ်တပ်က ဆက်တိုက်စစ်ကြောင်းထိုးနေရာ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေသည်။
ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးနေသည့်အဖွဲ့သည် ဇွန် ၁ ရက်က ကနဲရွာ၊ ညောင်ဝန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန် ၂ ရက်တွင် ကျွန်းဖျားကျေးရွာတို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့၏ စစ်သားများက မီးမရှို့ဟု တုံ့ပြန်လေ့ရှိသည်။
လက်ရှိတွင် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာကျေးရွာများနှင့် နီးစပ်ရာ တောတိုက်များသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)