သတင်း

ဝက်လက်မြို့ ကျေးလက်ဒေသ မီးရှို့ပစ်ခတ်ခံရ၊ အရပ်သားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ပိုင်းတွင် မေ ၃၁ ရက်က တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီဘက်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ ဒဏ်ရာရသူ မသန်စွမ်းအမျိုးသမီးမှာ နောက်တစ်ရက်တွင် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဝက်လက်မြို့နယ် ဥယျာဉ်သာကျေးရွာတွင် ဒေသခံ PDF နှင့် တိုက်ပွဲဖြစ်စဉ် ဒဏ်ရာဖြင့် သေဆုံးခဲ့သူ အမျိုးသမီးမှာ အသက် ၃၀ အရွယ် မမုန်းဆိုသူဖြစ်သည်ဟု ဆိုသည်။​

အင်အား ၈၀ ခန့် ရှိသော စစ်သားများသည် ထိုရွာ၏ တောင်ဘက်တစ်မိုင်အကွာ တည်တောရွာမှ ဒေသခံ ၆ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုရန် ဖမ်းလာကြောင်း ဝက်လက်မြို့နယ် PDF တပ်ရင်း(၁)အဖွဲ့ ခေါင်းဆောင် ဗိုလ်ကျင်ကိုဆိုသူက ပြောသည်။  

“လူသားဒိုင်းလုပ်တယ်။ လက်နက်ကြီးနဲ့ အကြိမ်ပေါင်းများစွာပစ်တဲ့အချိန်မှာ ပြည်သူထိမှာစိုးလို့ ကာကွယ်ရေးအဖွဲ့တွေက နောက်ဆုတ်ပေးလိုက်ရတာဗျ” ဟု သူက ဆိုသည်။ 

နှစ်နာရီကြာသည့် အဆိုပါတိုက်ပွဲတွင် ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်မှ ရွေဘို PDF တပ်ရင်း(၁) တပ်သားနှစ်ဦး ကျဆုံးကြောင်း သိရသည်။

နာမည်နှင့် အသေးစိတ်အချက်အလက်များ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

အဆိုပါတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဥယျာဉ်သာရွာဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ယောက်ကမူ စစ်တပ်က လက်နက်ကြီးနှင့် တရစပ် ပစ်ခတ်ခဲ့ကြောင်း ပြောသည်။ 

“သူတို့က ဖြန့်ဝင်လာတာ၊ တစ်နေရာကနေ လက်နက်ကြီးနဲ့ တစ်နေရာက ထုတယ်၊ စက်လက်နဲ့ တစ်နေရာက ပစ်တယ်။ ခွဲပြီးတဲ့လာတဲ့အနေအထားမှာ ရွာသားတွေ ဘယ်ပြေးလို့ပြေးရမှာမှန်းမသိဘူး” ဟု ပြောသည်။ 

“ကျွန်တော်တို့ PDF တွေ ပကဖတွေအနေနဲ့ အရမ်းကြီးပစ်လို့ရတဲ့ အနေအထားတော့ မဟုတ်တော့ဘူး”

ယမန့်နေ့က စစ်သားများ ဥယျာဉ်သာရွာထဲတွင် တပ်စွဲပြီး ယမန်နေ့ နံနက်တွင် ကျေးရွာကို မီးရှို့ရာ နေအိမ် ၈ လုံး ပြာကျသွားကြောင်း၊ ကျွဲနွားတိရစ္ဆာန်များကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“နေရာကွက်ကြားရှို့နေတာ၊ လက်ရှိအနေအထားက ထိုင်ပဲကြည့်နေရတဲ့အနေအထားပဲ၊ ရွာထဲက စစ်ကြောင်းမှာ စနိုက်ပါတွေပါတယ်၊ စက်လက်တွေပါတယ်၊ လက်နက်ကြီးတွေပါတဲ့အနေအထားမှာ ကျွန်တော်တို့ဝင်လို့ အဆင်မပြေသေးဘူး” ဟု ထိုရွာသားက ပြောသည်။ 

စစ်သားများ နေ့လယ်ပိုင်းတွင် ထွက်သွားသော်လည်း ဒေသခံများ နေအိမ်သို့ ချက်ချင်း မပြန်ဝံ့ကြသေးကြောင်း သူက ပြောသည်။ 

ဖမ်းဆီးလာသည့် တည်တောရွာ ဒေသခံ ၆ ဦး ၏ နောက်ဆုံးအခြေအနေကို  မသိရသေးဟု ဗိုလ်ကျင်ကိုက ဆိုသည်။  

“ကျွန်တော်တို့ ရွာထဲကို ဝင်ရှာနေတုန်းပဲ၊ အဲဒီ ၆ ယောက်က သတ်ခံရတာလိုလို ကြားနေရတယ်၊ အလောင်းတွေ ဘာတွေတော့ မတွေ့ဘူး၊ ဆက်ဖမ်းခေါ်သွားတာလဲ ဖြစ်နိုင်တယ်” ဟု သူက ယမန်နေ့က ပြောသည်။ 

အဆိုပါစစ်သားများသည် မေ၂၈ရက်နေ့မှစ၍ ဝက်လက်မြို့မှ အနောက်ပိုင်းကျေးရွာများကို တစ်ရွာပြီးတစ်ရွာ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မေ၂၉ ရက်နေ့တွင် ဝက်လက်မြို့နှင့် မိုင်၂၀ အကွာ တည်တောရွာကို ရောက်ရှိသွားသည်ဟု ဆိုသည်။ 

စစ်ကြောင်းထိုးသည့်လမ်းတစ်လျှောက် ရွေဘိုခရိုင်PDF တပ်ရင်းများ၊ ဝက်လက်မြို့နယ် ကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် သုံးကြိမ်တိုင်တိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်မှ ၁၃ ဦးအထိ သေဆုံးနိုင်ကြောင်း ကာကွယ်ရေးအဖွဲ့များက ဆိုသည်။ 

စစ်ကောင်စီဘက် သေဆုံးမှုကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း ၎င်းတို့လက်အောက်ခံ​ စစ်သားများ၏ အခြေအနေကို သတင်းအမှောင်ချထားတတ်သည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ဒေသများတွင် စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့မှုများ ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ပြုလုပ်နေကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးကို ပြည်သူများ မထောက်ခံရဲစေရန် ဖိနှိပ်ပြနေခြင်းဖြစ်ကြောင်း ဒေသခံများ၊ PDF များက ပြောသည်။ 

စစ်တပ်ကမူ ၎င်းတို့ မီးရှို့ခြင်း မရှိဟု ငြင်းဆိုနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button