ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မမြင်ဖြစ်ခဲ့ရခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ပြစ်တင်ပြောဆိုလိုက်သည်။
နေပြည်တော်၌ ယနေ့ (ဇွန် ၁) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်ကာ လွန်ခဲ့သော ၁၀ နှစ်တာကာလ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတက်အကျများကို နောက်ကြောင်းပြန်ဖော်ရင်း ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှုစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် မူလက အဖွဲ့အများ ပါဝင်ရန် သဘောတူခဲ့သော်လည်း ၈ ဖွဲ့သာ လက်မှတ်ထိုးနိုင်ခဲ့သည်ဟု သူက ဆိုသည်။
“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အရှိန်မြင့်တက်နေတဲ့ ကာလဖြစ်တယ်။ ၁၄ ဖွဲ့ သဘောတူခဲ့တယ်။ တကယ်လက်မှတ်ရေးထိုးတော့ ၈ ဖွဲ့ပဲ ထိုးနိုင်ခဲ့တယ်” ဟု သူက ဆိုသည်။
“ဘယ်လိုဖြစ်ရသလဲဆိုတာကို ….အဲဒီတုန်းက ထင်ရှားတဲ့ နိုင်ငံရေးပါတီတစ်ခု၊ ဥက္ကဋ္ဌတစ်ဦး။ အဲဒီတုန်းကလည်း လွှတ်တော်အမတ်လည်းဖြစ်ပါတယ်။ လွှတ်တော်မှာလည်း ကော်မတီတစ်ခုမှာလည်း ပါဝင်နေဆဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ထိုးခါနီးမှာ အလျင်စလို လက်မှတ်မထိုးကြဖို့ ပြောလာပါတယ်”
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာသော ဒေါ်အောင်ဆန်းစုကြည်က ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူအချို့နှင့် တွေ့ဆုံစဉ် NCA စာချုပ်ကို အလျင်စလို လက်မှတ်မထိုးရန် သတိပေးခဲ့ဖူးသည်။
ထိုစဉ်က သမ္မတဦးဆောင်သော အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA စာချုပ် လက်မှတ်ရေးထိုးရန် ပြင်ဆင်နေချိန်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုစဉ်က ပြောကြားချက်နှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က “နိုင်ငံတကာမီဒီယာတွေမှာလည်း ဝေဝေဆာဆာ ဖော်ပြခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမှားတစ်ခုကြောင့် အရှိန်ရနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ရုတ်တရက် နိမ့်ကျသွားပါတယ်” ဟု ပြစ်တင်ပြောဆိုသည်။
အာဏာသိမ်းဗိုလ်ချုပ်ကြီးများက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အကြောင်းအမျိုးမျိုးပြ ပုဒ်မမျိုးစုံတပ်ကာ အမှုဖွင့်ထားသည်။
ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိသည်ဟု စစ်ကောင်စီက စွပ်စွဲလိုက်သော်လည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အမှုသစ်ထပ်ဖွင့်ရန် အစီအစဉ်ရှိမရှိ မသိရသေးသလို စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်ပြီး NLD ၏ တုံ့ပြန်ချက် ထွက်ပေါ်မလာသေးပေ။
NCA တွင် လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်အဖွဲ့ ၁၀ ဖွဲ့ ရှိခဲ့ပြီး အင်အားကြီးအဖွဲ့များမှာ စာချုပ်တွင် ပါဝင်ခဲ့ခြင်း မရှိပေ။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံ့အနှံ့တွင် လက်နက်ကိုင်ခုခံတော်လှန်မှုများ အားကောင်းနေဆဲဖြစ်သည်။
ခုခံမှုများကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရသော စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ရာ စစ်ကောင်စီတပ်နှင့် ပစ်ခတ်မှုရှိမနေသည့်အဖွဲ့များက ထိုဖိတ်ခေါ်ချက်ကို လက်ခံထားသည်။
နေပြည်တော်သို့ ရည်ရွယ်ချက်မျိုးစုံနှင့် သွားရောက်ကာ အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က ၎င်းတို့ခရီးစဉ်နှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘဲ ‘ဝ’ အဖွဲ့ကသာ ၎င်း၏သဘောထားကို ထုတ်ပြန်ကြေညာထားသည်။
နေပြည်တော်၌ အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် ‘ဝ’ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန်ရာ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်နေသော လက်ရှိအခြေအနေတွင် မည်သည့်ဘက်မှ လိုက်မည်မဟုတ်ကြောင်း အတိအလင်းဖော်ပြခဲ့သည်။
ထို့ပြင် ‘ဝ’ အဖွဲ့သည် နိုင်ငံတော်မှ ခွဲထွက်မည်မဟုတ်သော်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖက်ဒရယ်ဖော်ဆောင်ကာ စီမံအုပ်ချုပ်သွားမည်ဟု ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)