စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မြောက်ပိုင်းရှိ သရက်ကုန်းကျေးရွာကို မေ ၂၉ ရက်တွင် စစ်တပ်က မီးဝင်ရှို့သဖြင့် လူနေအိမ် ၇၀ ကျော်နှင့် ဗလီတစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံလေးဦးထံမှ သိရသည်။
လူဦးရေ ၁၀၀၀ ကျော် နေထိုင်သော သရက်ကုန်းရွာကို စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ခြင်းဖြစ်ကာ ထွက်ပြေးသည့် ရွာသူရွာသားများကိုလည်း လိုက်လံဖမ်းဆီးသည်ဟု ဆိုသည်။
“ရွာအနောက်ဘက်ကနေ လက်နက်ကြီးတွေ ပစ်ပြီးဝင်လာတာ၊ ရွာထဲကိုတော့ နှစ်လုံးကျတယ်။ ကျွန်တော်တို့က သူတို့လာပြီဆိုတာနဲ့ ပြေးကြပြီ၊ အဲဒီလိုပြေးလို့လည်း လူတွေဘာမှ မဖြစ်တာ၊ နာရီဝက်လောက် ကြာတယ်၊ ရွာအပြင်ကနေ ပစ်နေတာ” ဟု ရွာသားတစ်ဦးက ယမန်နေ့တွင် ပြောသည်။
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းရှိ မြို့ရွာများကို နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးနေသည်မှာ လပေါင်းများစွာရှိပြီဖြစ်ကာ ခင်ဦးမြို့နယ်မှ သရက်ကုန်းရွာမှာ ပထမဆုံးအကြိမ် ဝင်ရောက်စီးနင်းခံရခြင်းဖြစ်သည်။
အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ ရွာအရှေ့ပိုင်းကို စစ်တပ်က မီးစတင်ရှို့ခြင်းဖြစ်ကာ နေအိမ်များနှင့် ဗလီအပြင် ဆိုင်ကယ်များလည်း စုပုံမီးရှို့ဖျက်ဆီးခံရသည်ဟု အထက်ပါရွာသားထံမှ သိရသည်။
“ကျွန်တော်တို့က မီးတွေမြင်နေရတာ၊ ဒီကောင်တွေပြန်ထွက်ရင်တော့ မီးဝင်ငြိမ်းမယ်လို့ လုပ်ကြပေမဲ့ မီးမကုန်မချင်း စောင့်ပြီးတော့ကို ရှို့သွားတာ။ ပြန်ထွက်တဲ့အချိန်ကျ အိမ်တိုင်တွေပဲ ကျန်တော့တာ၊ ဘာမှ အဖတ်ဆယ်လို့ မရတော့ဘူး” ဟု ၎င်းက ဆိုသည်။
စစ်တပ်က စာသင်ကျောင်းတွင် ပုန်းအောင်းနေသူများကို ဖမ်းဆီးသည့်ပြင် ထွက်ပြေးသည့် ရွာသူရွာသားများကိုလည်း လိုက်လံဖမ်းဆီးသည်ဟု ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ သရက်ကုန်းရွာသား နောက်တစ်ဦးက ပြောသည်။
စာသင်ကျောင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ စခန်းချနေထိုင်နေကြောင်း စစ်တပ်ထောက်ခံသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးတင်ခဲ့သောကြောင့် ထိုသို့ ဝင်ရောက်စီးနင်းခံရသည်ဟု ရွာခံများက ယူဆသည်။
ရွာချင်းဆက်လျက်ရှိ ကင်းမြစ်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူများကို ကျေးရွာစာသင်ကျောင်းအတွင်း နေထိုင်ခွင့်ပြုထားခြင်းသာဖြစ်ကြောင်း သရက်ကုန်းရွာသားများက ဆိုသည်။
ကပ်လျက်ရှိ ပျဉ်ထောင်ရွာတွင် စစ်တပ်က တပ်စွဲထားသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကာ ရေဦးမြို့နယ်တွင် လက်နက်နှင့် လူအင်အားဖြည့်တင်းကာ သရက်ကုန်းရွာကို ဝင်ရောက်စီးနင်းဖြစ်သည်ဟုလည်း ခင်ဦး PDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“စုပေါင်းအင်အား ၁၀၀ လောက်ပါတယ်၊ စဝင်ပါပြီဆိုကတည်းက လက်နက်ကြီး၊ လက်နက်ငယ် စုပြုံပြီး တရစပ်ပစ်ဝင်တာ” ဟု ထို PDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“စာသင်ကျောင်းထဲမှာ ပုန်းနေတဲ့လူတွေကို ဖမ်းပြီးတော့ သူတို့ ဖုန်းတွေနဲ့ ထွက်ပြေးသူတွေကို ဖုန်းတွေ ခေါ်ခိုင်းတယ်၊ လာခိုင်းတယ်၊ ပြီးတော့ ဖမ်းတယ်၊ ဒီလိုတွေလည်း လုပ်လာတယ်၊ ပြီးတော့ ထွက်ပြေးတဲ့လူတွေ သွားတဲ့ဘက်ကို ဒရုန်းနဲ့ လိုက်ကြည့်ပြီးတော့ လိုက်ဖမ်းသေးတာ”
ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ရွာအရှေ့ခြမ်းရှိ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ၏ နေအိမ်များကို ဦးတည်မီးရှို့သွားခြင်းဖြစ်ကြောင်း ပြောသည်။
“ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ နေအိမ်တွေ ဦးစားပေးရှို့သွားတာဗျ။ ကျွန်တော့်အိမ်လည်း ရှို့ခံလိုက်ရတာ။ နှစ်ထပ်အုတ်တိုက်၊ အိမ်မှာရှိတဲ့ပစ္စည်း အကုန်ပါတယ်ဗျာ၊ စပါးတိုက်ရော လောင်တာ၊ ခါးဝတ်ခါးစားပဲ ကျန်တာ။ ကျွန်တော်တစ်ယောက်တည်းကို သိန်း ၄၀၀ နီးပါး ဆုံရှုံးတယ်” ဟု ထိုရွာကာကွယ်ရေးအဖွဲ့ဝင်က ဆိုသည်။
စစ်တပ်က နံနက်ပိုင်းကတည်းက စတင်မီးရှို့ပြီး ညနေ ၅ နာရီခွဲကျော်မှသာ ပြန်ထွက်သွားကြောင်း သရက်ကုန်းရွာကာကွယ်ရေးအဖွဲ့ဝင်ထံမှ သိရသည်။
“အလှည့်ကျ မနွဲ့တမ်းပေါ့ဗျာ၊ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက်တော်လှန်မှာပဲ။ အဖေက ၈၀ ကျော်ပြီ။ အမေက ၆၀ ကျော်၊ အဆင်တော့ မပြေဘူးပေါ့ဗျာ။ လောလောဆယ် တောထဲမှာ မိုးကာတဲနဲ့ နေရာချထားတာပေါ့ဗျာ၊ ရွာထဲမှာလည်း မနေရဲဘူး။ နေရအောင်လည်း အိမ်မရှိတော့ဘူး”
သရက်ကုန်းရွာ မီးရှို့ခံရသည့်နေ့၌ပင် မြို့နယ်ချင်း ထိစပ်နေသော ကန့်ဘလူမြို့နယ် ကာဘိုးနယ်၊ အောင်သာကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ခင်ဦးမြို့နယ် PDF က သတင်းထုတ်ပြန်သည်။
ကာဘိုးဆည်အနီး ရေထိန်းတံခါးတစ်ခုအနီးတွင် မိုင်းဆွဲတိုက်ခိုက်စဉ် စစ်သားသုံးဦး သေဆုံးကာ ထပ်မံမိုင်းခွဲစဉ် စစ်သားများထိခိုက်သော်လည်း အရေအတွက်မသိရသေးကြောင်း ခင်ဦး PDF က ဆိုသည်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းကို အင်တာနက်သာမက ဖုန်းလိုင်းများကိုပါ ဖြတ်တောက်လျက် အင်အားအလုံးအရင်းဖြင့် ခုခံတော်လှန်သူများကို လိုက်လံတိုက်ခိုက်နေသည်။
နေ့စဉ်နှင့်အမျှ ကျေးရွာများ မီးရှို့ဖျက်ဆီးခံနေရသော်လည်း ဒေသခံ PDF အဖွဲ့များက စစ်ကောင်စီစစ်ကြောင်းများကို အခွင့်ရလျှင်ရသလို ခုခံတိုက်ခိုက်နေသည်။
“ကာကွယ်ရေးထဲ ပါဝင်လို့ ရှို့ခံရတယ်ဆိုရင်တောင် ကျွန်တော် နောင်တမရဘူး။ မှန်တယ်လို့ပဲ ယူဆတယ်။ ကြောက်ရွံ့ပြီး နောက်ဆုတ်မှာ ထင်နေကြတာ။ ကျွန်တော်တို့ကတော့ ခွန်အားလို့ပဲ ယူဆတာ” ဟု လွန်ခဲ့သည့် နှစ်ရက်က မီးရှို့ခံရသော သရက်ကုန်းရွာမှ ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)