
ရန်ကုန် — ယနေ့နံနက်ပိုင်းက အမည်မသိလူအုပ်၏ ဝင်ရောက်ရိုက်နှက်ခြင်းခံခဲ့ရသည့် ရန်ကုန်ရှိ ဖုယွင်အထည်ချုပ်စက်ရုံမှ သပိတ်မှောက်အလုပ်သမားများသည် ၎င်းတို့အန္တရာယ် ကျရောက်တော့မည်ဟု ရဲကို ကြိုတင်အကြောင်းကြားခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရသည်ဟု ပြောသည်။
နှစ်လနီးပါးကြာ သပိတ်မှောက်နေကြသည့် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းရှိ အထည်ချုပ်စက်ရုံအနောက်ဘက်ရှိ သပိတ်စခန်းကို ယမန်နေ့ညပိုင်းကတည်းက ကြိုတင်သတင်းထွက်နေသည့် အတိုင်း မည်သူမည်ဝါမှန်း မသိရသေးသည့် အရပ်ဝတ်များက ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ဝင်ရောက်ရိုက်နှက်ကြခြင်းဖြစ်သည်။
အလုပ်သမားများ၏အဆိုအရ အဆိုပါအကြမ်းဖက်မှုအတွင်း အနည်းဆုံးအလုပ်သမား ၂၅ ဦးဒဏ်ရာရခဲ့ပြီး ၎င်းတို့ထဲမှ သုံးဦးသည် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးဝါးကုသမှုခံနေရသည်ဟု ဆိုသည်။
တရုတ်နိုင်ငံသားပိုင် အဆိုပါစက်ရုံကို သပိတ်မှောက်နေသည့် အလုပ်သမားများသည် ၎င်းတို့ အန္တရာယ်ကျရောက်တော့မည်ဟု ရဲကို တစ်နာရီခန့် ကြိုတင်အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
“စက်ရုံဝင်းအပြင်ဘက်မှာလည်း လူ ၄၀၊ ၅၀ လောက်က စုရုံးထားတာကို တွေ့ရတယ်။ အဲ့ဒီမှာ ကျွန်တော်က ဒဂုံဆိပ်ကမ်းရဲစခန်းကို ဖုန်း ခုနစ်ကြိမ်ထက်မနည်း ဆက်တယ်။ မရတော့ ၁၉၉ ကို ထပ်ဆက်တယ်။ ဒါလည်း ရဲတွေဘက်က လာတားဆီးကာကွယ်မှုမျိုး မလုပ်ခဲ့ဘူး” ဟု ဖုယွင်းဆန္ဒပြအလုပ်သမားများဘက်က ကူညီပေးနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် အတွင်းရေးမှူး ကိုကျော်မျိုးက ဆိုသည်။
ဖုယွင်အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မသက်ထားဆွေက ၎င်းတို့ကို ရိုက်နှက်ခဲ့ကြသူများသည် စက်ရုံလုပ်သားများမဟုတ်ဘဲ ကြေးစားလူမိုက်များဖြစ်သည်ဟု Myanmar Now ကို ပြောသည်။
အဆိုပါစက်ရုံတွင် ဆန္ဒပြအလုပ်သမားများက သပိတ်စခန်း သုံးခုဖွင့်ထားပြီး နံနက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့သည့် စက်ရုံအနောက်ဘက်သပိတ်စခန်းသည် နောက်ဆုံးဖွင့်ထားသည့် သပိတ်စခန်းလည်းဖြစ်သည်။
အဆိုပါနေရာသည် စက်ရုံဝင်ပေါက်များအား အလုပ်သမားများက ဆန္ဒပြခဲ့သဖြင့် စက်ရုံနံရံကိုဖြိုကာ ဝင်ပေါက်ထွက်ပေါက်လုပ်ထားသည့်နေရာ ဖြစ်သည်။
ဆန္ဒပြရာတွင်မပါဝင်သည့် အခြားအလုပ်သမားများသည် အဆိုပါဝင်ပေါက်မှတစ်ဆင့် စက်ရုံတွင်း ဝင်ထွက်လေ့ရှိပြီး ဝင်ပေါက်ပိတ်ဆန္ဒပြနေသည့် အလုပ်သမားများနှင့် ၎င်းတို့အကြား မည်သည့်ရန်လိုမှုမှ မရှိခဲ့ဟု ဖုယွင်အလုပ်သမားသမဂ္ဂ အမှုဆောင် မသန်းသန်းစိုးက ပြောသည်။
ယခု အကြမ်းဖက်ဖြိုခွဲသူများသည် အလုပ်ဆင်းကြသည့် အလုပ်သမားများမဟုတ်ဘဲ အလုပ်ရှင်ဘက်မှ ယခင်ရက်ပိုင်းများထဲက ငှားထားသည် လူအုပ်စုဖြစ်ကြောင်း သူက ဆက်ပြောသည်။
ပြင်းထန်လာသည့်ပေါက်ကွဲမှု
ရန်လိုသည့် လူအုပ်က သပိတ်မှောက်အလုပ်သမားများကို ရိုက်နှက်ပြီးနောက် မိနစ်ပိုင်းအကြာတွင် စက်ရုံအနီးတစ်ဝိုက်မှ ဒေသခံများနှင့် အလုပ်သမားသပိတ်ကို ထောက်ခံသူများက စက်ရုံကို ခဲများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
မျက်မြင်များ၏အဆိုအရ စက်ရုံအတွင်း ခဲများဖြင့်ပစ်ခတ်မှုကြောင့် စက်ရုံပြတင်းတံခါးနှင့် နေရာအချို့ ပျက်စီးသွားခဲ့သည်။
ထိုအချိန်တွင် အလုပ်သမားများက အကူအညီတောင်းစဉ် ရောက်မလာခဲ့သည့် ရဲများက စက်ရုံကို ကာကွယ်ရန်အတွက် လက်နက်များကိုင်ဆောင်ကာ ရောက်လာခဲ့ကြောင်း အလုပ်သမားရေးရာကိစ္စများ လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ဦးအောင်မြင့်က သူမြင်တွေ့ခဲ့ရပုံများကို ပြောပြသည်။
“အကြမ်းဖက် မခံခင်ရကတည်းက ကျွန်တော် ရဲစခန်းကို ဖုန်းဆက်တယ်။ မလာဘူး။ ဆန္ဒပြသူတွေကို ဖြိုခွဲတာ မြင်ကြတဲ့ လူထုက မခံနိုင်တော့လို့ ရိုက်တဲ့သူတွေနဲ့ စက်ရုံဘက်ကို လက်တုံ့ပြန်တော့ ရဲတွေ ချက်ချင်းကို တုတ်တွေ၊ ဒိုင်းတွေနဲ့ ရောက်လာတယ်။ အလုပ်ရှင်ရဲ့ ကြေးစားတွေက အကြမ်းဖက်တယ်။ လူထုက ပြန်လုပ်တော့ ရဲတွေက တားတယ်ဆိုတော့ ကျွန်တော်မေးချင်တာက အဲ့ဒီလာတားတဲ့ရဲတွေက ကြေးစားတွေလား” ဟု သူက ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ရဲစခန်းမှူး ဒုရဲမှူးကျောင်ဝင်းမောင်ထံသို့ ဆက်သွယ်ရာတွင် အလုပ်သမားအချင်းချင်း ဖြစ်ပျက်သည့်ကိစ္စရပ်များ ဖြစ်သည့် အတွက် အလုပ်ရှင်နှင့် အလုပ်သမားများသာ ဖြေရှင်းရမှာဖြစ်သောကြောင့် ပထမအခြေအနေတွင် မိမိတို့ ပါဝင်ရန်မသင့်ကြောင်း၊ မိမိတို့ ရဲတပ်ဖွဲ့အနေဖြင့် ပဋိပက္ခ မဆိုးဝါးလာစေရန်သာ ဆောင်ရွက်တားမြစ်ခဲ့ရသည်သာဖြစ်ကြောင်း ဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
ထိုနောက်ပိုင်း အသေးစိတ် ထပ်မံမေးမြန်းရန် ထပ်မံဆက်သွယ်သည့်အခါ အဆက်အသွယ်မရတော့ပါ။
အငြင်းပွားဖွယ် ရဲထုတ်ပြန်ချက်
ကြေးစားလူမိုက်များက သပိတ်စခန်းကို ဝင်ရောက်ရိုက်နှက်ခဲ့သည်ဟု ဒေသခံများနှင့်အလုပ်သမားများက အခိုင်အမာပြောခဲ့သော်လည်း ရိုက်ပွဲဖြစ်ပြီး ရှစ်နာရီခန့်အကြာ လူမှုကွန်ရက် Facebook မှတစ်ဆင့် ရန်ကုန် ရဲတပ်ဖွဲ့က “နေ့စဉ်စက်ရုံ သို့အလုပ်ဆင်းသည့် အလုပ်သမားများ နှင့် ဆန္ဒဖော်ထုတ်နေသူ အလုပ်သမားအချင်းအချင်း စကားများရာမှ ရန်ပွဲများ ဖြစ်ပွားခဲ့ ကြောင်း” ထုတ်ပြန်ခဲ့သည်။
ဆန္ဒပြနေသည့် အလုပ်သမား ၅၀ သည် နေ့စဉ်အလုပ်ဆင်းနေသည့် အလုပ်သမား ၈၆၄ ဦးအား “သပိတ်စခန်း နှင့်ပူးပေါင်းရန်၊ အလုပ်ရှင်နှင့်ပူးပေါင်းခြင်း မပြုလုပ်ကြရန်” စက်ရုံ နောက်ဘက်ရှိ အုတ်တံတိုင်း အပေါက်နေရာတွင် ဟောပြောခြင်း၊ ကြွေးကြော်သံများဖြင့် ကြွေးကြော် ခြင်းများပြုလုပ်နေစဉ် နေ့စဉ်စက်ရုံသို့ အလုပ်ဆင်းသည့် အလုပ်သမားများ နှင့် ဆန္ဒဖော်ထုတ်နေသူ အလုပ်သမားအချင်းအချင်း စကားများရာမှ ရန်ပွဲများဖြစ်ပွားခဲ့ကြောင်း ရဲက ထုတ်ပြန်သည်။
အနည်းဆုံး အလုပ်သမား ၃၂ ဦးသည် ရန်ပွဲအတွင်း ဒဏ်ရာရခဲ့သည်ဟု ရဲက ထုတ်ပြန်ပြီး ၎င်းတို့အနက်မှ ခုနစ်ဦးသည် အတွင်းလူနာအဖြစ် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ကုသမှုခံနေရ သည်ဟု လည်း ရဲထုတ်ပြန်ချက်တွင် ရေးသားသည်။ ပြဿနာကို ရဲက စုံစမ်းစစ်ဆေးနေပြီဟုလည်း ရန်ကုန်ရဲ၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။
သပိတ်မှောက်အလုပ်သမားများနှင့် စက်ရုံတို့သည် အဆိုပါဖြစ်စဉ်ကို အပြန်အလှန် အမှုဖွင့်ရန် ကြိုးစားနေကြသည်။
အဆိုပါပြဿနာကို Myanmar Now က စက်ရုံဘက်သို့ မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိပါ။
သပိတ်ဘယ်ကစ
သြဂုတ်လအတွင်းက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀ ကို အလုပ်မှထုတ်လိုက်သည့်နောက် အလုပ်ရှင်နှင့် အလုပ်သမားအကြား ပဋိပက္ခ စတင်ခဲ့သည်။
စက်ရုံဘက်ကအကြောင်းပြချက်တွင် အလုပ်သမားများသည် သဘောတူညီချက်အတိုင်း အလုပ်မလုပ်သူများ ဖြစ်ပြီး စာချုပ်ချိုးဖောက်သူ၊ ခွင့်မဲ့ပျက်ကွက်သူများ ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုကျဆင်းအောင် သွေးထိုးလှုံ့ဆော်သူများ ဖြစ်သည့်အတွက် အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း အကြောင်းပြထားသည်။
မပြေလည်မှုများဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမားများက စက်ရုံရှေ့တွင် သပိတ်စခန်း ဖွင့်ခဲ့ကြသည်။ အဆိုပါအလုပ်သမားများအား စက်ရုံဘက်က စက်ရုံပိတ်ဆို့မှုဖြင့် သြဂုတ်လနှောင်း ပိုင်းတွင် အမှုဖွင့်ခဲ့သည်။
ရက်သတ္တပတ်ပေါင်းများစွာ တင်းမာမှုများဖြစ်ပွားနေသည့် အဆိုပါအကျပ်အတည်းကို ဖြေရှင်းရန် အလုပ်သမားများက ရန်ကုန်တိုင်းအစိုးရကို တောက်လျှောက်တောင်းဆိုခဲ့သည်။
ရန်ကုန်တိုင်းအစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၏အဆိုအရ အလုပ်ထုတ်ခဲ့သည့် အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်ရန် ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် တိုက်တွန်းခဲ့သော်လည်း စက်ရုံဘက်က ပယ်ချခဲ့သည်ဟု ဆိုသည်။
နှစ်လနီးပါးကြာ မပြေလည်မှုများအတွင်း အလုပ်သမားများက ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ ၇ ရက်က ဆန္ဒပြခဲ့ကြသည်။ အဆိုပါဆန္ဒပြပွဲ ဦးဆောင်သူများအား ကျောက်တံတားရဲစခန်းက ခွင့်ပြုချက်မဲ့ ဆန္ဒပြမှု ပုဒ်မ ၁၉ ဖြင့် တရားစွဲထားသည်။