အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒီပဲယင်းတွင် တပ်ထောက်ခံသူ နေအိမ်များကိုပါ စစ်ကောင်စီ မီးရှို့သွားဟုဆို

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ဘက်ခြမ်း နဂါးတွင်းရွာသို့  ယမန်နေ့ (မေ ၂၂) တွင် ရောက်လာသော စစ်သားများ တစ်နေကုန်မီးရှို့ခဲ့ရာ ပျက်စီးသည့် အိမ်ခြေ ၅၃ လုံးထဲတွင် တပ်ထောက်ခံသူတို့၏ နေအိမ် ၆ လုံးပါသည်ဟု ဒေသခံနှစ်ဦးက ပြောသည်။

စစ်သား ၅၀ နီးပါး ဒီပဲယင်းမြို့ရဲစခန်းမှ ထွက်ခွာလာကြောင်း ဒေသကာကွယ်ရေးအဖွဲ့ (PDF) က ထိုနေ့ နံနက် ၆ နာရီဝန်းကျင်တွင် အကြောင်းကြားခဲ့၍ ကြိုတင်ရှောင်ရှားခဲ့သဖြင့် ရွာမှ ဒေသခံတို့ အထိအခိုက်မရှိဟု ၎င်းတို့က ဆိုသည်။

“ခုက ရွေးရှို့တာ မဟုတ်ဘူး။ တော်လှန်ရေးလုပ်တဲ့အိမ်တွေရော၊ ဘာမှမလုပ်တဲ့အိမ်တွေရော၊ စစ်တပ်ထောက်ခံတဲ့အိမ်တွေရောကိုပါ ရှို့သွားတာ” ဟု အသက် ၄၀ အရွယ် ရွာခံအမျိုးသမီးက ပြောသည်။

နဂါးတွင်းရွာအရှေ့ပိုင်းကို နံနက် ၈ နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ စစ်ကြောင်းဝင်လာခဲ့ပြီးနောက် မီးစရှို့ရာ သုံးမိုင်အကွာရှိ အိုးထိမ်းကွင်းရွာမှ တစ်နေကုန်မြင်ရသည်ဟု ထိုရွာခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မနေ့က မနက်ကတည်းက ဝင်ပြီး တစ်နေကုန်ရှို့တာပဲ။ ညပိုင်း ၉ နာရီ ၁၀ နာရီလောက်ကျမှ ပြန်ထွက်သွားတယ်။ ကျွန်တော်တို့ရွာကနေ မီးခိုးတွေ မြင်နေရတယ်။ ပစ်သံခတ်သံတွေ ကြားနေရတာပဲ” ဟု ထိုအမျိုးသားက ပြောသည်။ 

စစ်ကောင်စီထောက်ခံသူတို့၏ နေအိမ်များ ပါဝင်သွားသည်ကို ဒေသကာကွယ်ရေးအဖွဲ့ (PDF) တစ်ဦးကလည်း အတည်ပြုသည်။

စစ်တပ် မီးရှို့နေချိန်တွင် ရွာထဲသို့ ဝင်ရောက်တိုက်ခိုက်နိုင်ခြင်း မရှိသဖြင့် လက်လုပ်စိန်ပြောင်းများသုံး၍ တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့ဘက်မှ တစ်ဦး ဒဏ်ရာအနည်းငယ်ရသော်လည်း စစ်ကောင်စီတပ်သားတို့ မည်မျှထိခိုက်သည်ကို မသိရသေးကြောင်း အထက်ပါ PDF က ပြောသည်။

“ရွာကို အနိုင်လာကျင့်တာ ဘာမှ ထိထိရောက်ရောက်မလုပ်နိုင်ဘူး၊ ရွာထဲထိ ဝင်တိုက်ဖို့ကျတော့ ကျည်ဆန်အင်အားနည်းနေလို့ ဝင်တိုက်မရဘူး။ ကျွန်တော်တို့သာ ရွာထဲ ဝင်တိုက်နိုင်ရင် ဒီလောက်ထိဆိုးမှာ မဟုတ်ဘူး” ဟု သူက ပြောသည်။

ယနေ့ (မေ ၂၃) ဒေသခံများ ရွာထဲ ဝင်နိုင်ခဲ့ပြီး နေအိမ် ၃၀၀ နီးပါးရှိသည့် ရွာတွင် ထိုမျှပျက်စီးသည်ဟု အတည်ပြုနိုင်ခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် ကာယကံရှင်များနှင့်မူ ဆက်သွယ်၍ မရသေးပေ။

အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်သည့် နိုင်ငံအနှံ့ဒေသများထဲမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေပြီး ရွာစဉ်လှည့် မီးရှို့မှုများ ဆက်တိုက်လုပ်နေသည်။

အချက်အလက်စုဆောင်းသည့် အရပ်ဘက်အဖွဲ့ Data for Myanmar ၏ မေ ၁ ရက်စာရင်းအရ မီးရှို့ခံရသည့် နေအိမ် ၁၀,၀၀၀ ကျော်ရှိပြီး ထက်ဝက်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း သိရသည်။

ထောက်ခံသည့် အရပ်သားအချို့ကို လက်နက်တပ်ဆင်ပေး၍ စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီကမူ ထိုလုပ်ရပ်များမှာ ၎င်းတို့ လက်ချက်မဟုတ်ဟု ငြင်းလေ့ရှိသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles