သတင်း

NUG နှင့် တွေ့သည့် မလေးရှားကို ၅ ကြိမ် ကန့်ကွက်ခဲ့သည်ဟု စစ်ကောင်စီ ပြော

အမျိုးသားညီညွတ်ရေးအစိုး (NUG) နှင့် ဆက်သွယ်၊ တွေ့ဆုံသည့် မလေးရှားကို မကျေမနပ်ဖြစ်နေသည့် စစ်ကောင်စီက ၅ ကြိမ်တိုင် ကန့်ကွက်ထားသည်ဟု မေ ၁၉ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ကို NUG နှင့် တွေ့ဆုံရန် အဆိုပြုခြင်း၊ NUG အစိုးရအဖွဲ့ဝင်များနှင့် အွန်လိုင်းမှ ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ အာဆီယံနိုင်ငံများနှင့် NUG တို့ အလွတ်သဘောတွေ့ဆုံကြရန် ဆော်ဩခြင်း၊ မေ ၁၄ တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံခြင်းတို့အတွက် ကန့်ကွက်ထားခြင်းဖြစ်သည်ဟု စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိက  ပြောသည်။

NUG သည် အကြမ်းဖက်အဖွဲ့အစည်းဟု အကြိမ်ကြိမ်ပြောဆိုကာ NUG နှင့် ထိတွေ့ဆက်ဆံခြင်းသည် “မြန်မာနိုင်ငံအစိုးရရဲ့ ကြိုးပမ်းချက်တွေကို အဟန့်အတားဖြစ်စေပြီးတော့ နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေးသဘောတူညီချက်တွေကို ချိုးဖျက်ရာ ရောက်ပါတယ်” ဟု စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။

မလေးရှားအစိုးရကိုလည်း NUG နှင့် တွေ့ဆုံမှုများ နောက်ထပ်မလုပ်ရန် သတိပေးထားသည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ပြင်းထန်စွာ ကန့်ကွက်တဲ့အကြောင်းနဲ့ မလေးရှားအစိုးရအဖွဲ့နဲ့ လွှတ်တော်အမတ်များအနေနဲ့ နောင်မှာ အလားတူ ထိတွေ့ဆက်ဆံမှုမျိုးမပြုလုပ်ရန် သတိပေးထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို ကန့်ကွက်စာပေးပို့ခဲ့ပါတယ်၊ ရန်ကုန်မြို့ မလေးရှားသံရုံးက သံရုံးယာယီတာဝန်ခံကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်” ဟု ပြောသည်။

မေ ၁၄ တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဒေါ်ဇင်မာအောင်ကို တွေ့ဆုံရာ NUG, NUCC တို့နှင့် မလေးရှားနိုင်ငံတို့ တိုက်ရိုက်ဆက်ဆံရေး ထူထောင်ရန်အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ အစီအစဉ်များကို ဆွေးနွေးခဲ့သည်ဟု သတင်းထောက်များကို ထိုနေ့က ပြောသည်။

အလားတူ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုရေး၊ NUG/ NUCC တို့ကို ထိတွေ့ဆက်ဆံရေး၊ လူသားချင်းစာနာမှုအကူအညီများပေးရာတွင် NUG မှတစ်ဆင့် ပေးရေးတို့အတွက် မလေးရှားအစိုးရက ဆုံးဖြတ်ချက်ချထားသည်ဟုလည်း Saifuddin Abdullah က ပြောခဲ့သည်။

စစ်ကောင်စီသည် အာဆီယံထိပ်သီးအစည်းအဝေးများကို တက်ခွင့်မရခြင်း၊ နိုင်ငံတကာက အသိအမှတ်မပြုခြင်း၊ စသည့် အခြေအနေများနှင့် ကြုံတွေ့နေရသည်။ ဗြိတိန်၊ ဩစတြေးလျ စသည့်နိုင်ငံများကလည်း သံအမတ်များ စေလွှတ်ခြင်း မပြုတော့ဘဲ သံရုံးယာယီတာဝန်ခံများသာ ခန့်အပ်ရန် ပြင်ဆင်နေကြသည်။

NUG နှင့် ဆက်ဆံခြင်းသည် “အကြမ်းဖက်တာကို အားပေးရာရောက်သည်” ဟု စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မေ ၁၉ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ခေါ် PDF အဖွဲ့များနှင့် NUG တို့ကို အကြမ်းဖက်များဟု အကြိမ်ကြိမ်သမုတ်နေသည့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်တို့က နိုင်ငံအနှံ့အပြားရှိ လူနေအိမ်ပေါင်း ၁၁,၄၁၇ လုံးကို မီးရှို့ခဲ့ကြသည်ဟု အရပ်ဘက်လေ့လာရေးအဖွဲ့ Data For Myanmar က မေ ၁ တွင် ထုတ်ပြန်ထားသည်။

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်လည်း နေအိမ်ပေါင်း ရာနှင့်ချီကို နေ့စဉ်ရက်ဆက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖျက်ဆီးခဲ့ကြကြောင်း ဒေသခံများက Myanmar Now ကို ပြောကြသည်။ 

သို့သော် စစ်ကောင်စီကမူ ထိုဖျက်ဆီးမှုများသည် ယင်းတို့လက်ချက်မဟုတ်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားသည်။

စစ်တပ်၏ ဆွေးနွေးပွဲကမ်းလှမ်းချက်

နိုင်ငံတွင်းလက်နက်ကိုင်တော်လှန်မှုများ တစ်စတစ်စ ပြင်းထန်လာချိန်တွင် PDF နှင့် NUG တို့ မပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ကိုယ်တိုင်ပြုလုပ်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဧပြီ ၂၂ တွင် ရုတ်တရက် ကမ်းလှမ်းထားသည်။

အဆိုပါ ကမ်းလှမ်းမှုကို လက်နက်ကိုင် အင်အားကြီးအဖွဲ့များက အားလုံးပါဝင်သည့် ဆွေးနွေးပွဲမဟုတ်ဟုဆိုကာ ဆွေးနွေးပွဲတက်ရန် ငြင်းဆန်ခဲ့ကြသည်။

အဆိုပါ အခြေအနေကို ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်တွေ့မကျသည့် အကြောင်းပြချက်၊ ငြင်းဆန်ချက်များသာဖြစ်သည်ဟုဆိုကာ “ကန့်လန့်တိုက်တာတွေ ဖျက်လိုဖျက်ဆီးလုပ်တာ” ဟု မေ ၁၉ သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲခဲ့သည်။

လက်တွေ့တွင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ် တပ်စွဲထားရာ သေ့ဘောဘိုးစခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က မေ ၁၈ ရက်တွင် သိမ်းပိုက်လိုက်သည်။

ရခိုင်ပြည်နယ်တွင်လည်း စစ်ရေးတင်းမာလျက်ရှိသည်။ စစ်ကောင်စီတပ်များ တိုးချဲ့ခြင်း၊ ရက္ခိုင့်တပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြုလုပ်နေသည်ဟု AA က ဆိုသည်။

ထို့ကြောင့် “ရခိုင်ပြည်နယ်တွင် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သောကြောင့် စစ်ကောင်စီတပ်ရှိသည့် နေရာများအနီး သွားလာခြင်းကို ရှောင်ရှားကြရန်” AA က မေ ၁၅ ရက်တွင် သတိပေးထားသည်။

အလားတူ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဟူးကောင်း၊ တနိုင်း၊ ရှင်ဗွေယာန် စသည့် ခရိုင် ၄ ခုမှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ နုတ်ထွက်ကြရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ခရိုင်အုပ်ချုပ်ရေးရုံးအသီးသီးက မေလ ၁၄ ရက်တွင် အသိပေးစာထုတ်ပြန်ထားသည်။

ဖိတ်ခေါ်မှု လက်ခံမည့် အဖွဲ့များ

အာဏာသိမ်းစစ်ခေါင်းဆောင် ကမ်းလှမ်းထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးသဘောတူညီမှုစာချုပ် NCA ကို လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားဒီမိုကရေစီအကျိုးပြုတပ် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ တက်မည်ဖြစ်သည်။

အပစ်ရပ်လက်မှတ်မထိုးထားသည့် အဖွဲ့များဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) တို့လည်း တက်ရောက်မည်ဖြစ်သည်။ မေ ၂၀ ရက်တွင် စတင်မည့် ဆွေးနွေးပွဲသို့ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး စသည့် တာဝန်ယူထားသူများ တက်ရောက်ကြမည်ဟု စစ်ကောင်စီက ဆိုသည်။ ပွဲဦးထွက်အဖြစ် SSPP နှင့် စတင်ဆွေးနွေးမည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button