
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ (မေ ၁၇) တစ်ရက်တည်းတွင် ရွာ ၄ ရွာရှိ နေအိမ် ၃၈ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ထံမှ သိရသည်။
စစ်သား ၆၀၊ စစ်ကောင်စီ လက်နက်ပေးထားသည့် အရပ်သားအဖွဲ့ (ပျူစောထီး) ၄၀ ခန့် ပါဝင်သည့် ထိုအဖွဲ့၏ လက်ချက်ကြောင့် ကန့်ဘလူမြို့နယ်မြောက်ပိုင်း ဦးကင်းကြည်၊ တင်မော်၊ ပိတောက်ပင်၊ ပုဏ္ဏားကြီးရွာတို့ ပျက်စီးခဲ့ရသည်ဟု ၎င်းတို့က ပြောသည်။
ထိုနေ့ နံနက်မှ မွန်းလွဲပိုင်းအထိ ရှို့သည့် မီးကြောင့် တင်မော်ကျေးရွာတွင် နေအိမ် ၂၃ လုံး၊ ပိတောက်ပင်တွင် ၉ လုံး၊ ဦးကင်းကြည်တွင် ၄ လုံး၊ ပုဏ္ဏားကြီးတွင် ၂ လုံးနှင့် လယ်ယာသုံးထွန်စက်များ ဆုံးရှုံးရသည်ဟု ကန့်ဘလူ PDF တပ်ရင်း (၃) မှ တာဝန်ရှိသူက ပြောသည်။
“ရှို့တဲ့အချိန် အိမ်ကြီး၊ အိမ်ကောင်းတွေပဲ ရွေးရှို့တာ၊ တင်မော်တစ်ရွာတည်းကတင် သိန်း ၃၀၀၀ ဖိုးလောက် ဆုံးရှုံးတယ်” ဟု ၎င်းက ဆိုသည်။
နေအိမ် မီးထဲပါသွားသည့် ဦးကင်းကြည်ရွာသား၏ အဆိုအရ စစ်ကောင်စီတပ်ဖွဲ့မှာ PDF အဖွဲ့များ အားကောင်းသည့် ထိုဒေသအတွင်း ဖျက်ဆီးရမည့် အိမ်ကို စာရင်းအတိအကျဖြင့် ရောက်လာသည်ဟု သိရသည်။
“တိတိကျကျ သေချာရှို့သွားတာ။ ကျွန်တော်တို့ရွာက ရှို့ခံရတဲ့အိမ်တွေက တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူအိမ်တွေချည်းပဲ။ ဘာမှ ပြန်ရစရာ မကျန်တော့ဘူး။ အကုန်လောင်သွားပြီ၊ မြေကွက်လပ်ပဲ ကျန်ခဲ့တော့တာ” ဟု ထိုရွာသားက ပြောသည်။
ထိုနေ့ နံနက်ပိုင်း ဦးကင်းကြည်နှင့် တင်မော်ရွာတို့ကို မီးရှို့ပြီး ပုဏ္ဏားကြီးနှင့် ပိတောက်ပင်ရွာဘက်သို့ ဆက်ထွက်သည့် စစ်ကောင်စီအဖွဲ့ကို PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ကန့်ဘလူ တိုက်ဂါးအဖွဲ့တာဝန်ခံ ကိုတိုက်ဂါးထံမှ သိရသည်။
နံနက် ၉ နာရီမှ ၁၂ နာရီဝန်းကျင်အထိ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ရာ တင်မော် PDF အဖွဲ့မှ ၃ ဦး ဒဏ်ရာရရှိကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
“ရဟတ်ယာဉ်တစ်စီးက ခေါင်းပေါ်က ဖြတ်သန်းသွားသေးတယ်။ ပစ်ခတ်တာတော့ မဖြစ်ခဲ့ဘူး။ မြေပြင်စစ်ကြောင်းက တင်မော်က အထွက်မှာ ကျွန်တော်တို့က လိုက်ပစ်တာပါ” ဟု ကိုတိုက်ဂါးက ဆိုသည်။
ယခုမီးရှို့ခံရသည့် ကျေးရွာများသည် ချပ်သင်းတိုက်နယ်နှင့် အနည်းငယ်သာ ကွာဝေးပြီး တစ်ရွာနှင့် တစ်ရွာမှာလည်း တစ်မိုင်ဝန်းကျင်သာ ခရီးရှိသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ ထိုသို့ ရမ်းကားမှုများကြောင့် ဒေသတွင်းမှ အချို့ရွာများ ရွာလုံးကျွတ် တိမ်းရှောင်နေရသည်ဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်အတည်မပြုနိုင်သလို စစ်ကောင်စီထံ မေး၍မရသေးပေ။
စစ်ကောင်စီက စစ်ကိုင်းတိုင်း နေရာအများစုတွင် အင်တာနက်ဖြတ်တောက်ထားသဖြင့် ဒေသတွင်းအခြေအနေများကို ပြင်ပက ချက်ချင်းသိနိုင်ခြင်း မရှိပေ။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ခုခံမှုများ တိုးလာနေသည်။
လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှ ဒေသများတွင် ရရာလက်နက်ဖြင့် စစ်ကောင်စီကို ပြင်းထန်စွာတော်လှန်နေကြသည်။
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပါ သုံး၍ နှိမ်နင်းနေသလို ၎င်းတို့ကို ထောက်ခံသည့် အရပ်သားတချို့ကို လက်နက်တပ်ဆင်ပေးထားပြီး အများသူငါကြားတွင် ပျူစောထီးအဖွဲ့ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည်။
နိုင်ငံအနှံ့ မီးရှို့မှုများကြောင့် တစ်နှစ်ကျော်အတွင်း ပျက်စီးခဲ့ရသည့် အိမ်ခြေ ၁၀၀၀၀ ကျော်ရှိကာ ထက်ဝက်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း အရပ်ဘက်စောင့်ကြည့်ရေးအဖွဲ့ Data for Myanmar က မေ ၁ ရက်တွင် ထုတ်ပြန်သည်။
ထိုလုပ်ရပ်များကို ကျူးလွန်ခြင်း မရှိကြောင်း စစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။ သို့သော် ၂၀၁၆ ၊ ၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် အလားတူကျူးလွန်မှုများကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အမှုရင်ဆိုင်နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)