သတင်း

ခင်ဦးတွင် တိုက်ပွဲများဆက်ဖြစ်ပြီး အိမ်များ မီးရှို့ခံရဟု PDF ပြော

တိုက်ပွဲများ ရက်ဆက်ဖြစ်နေသော စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က နေအိမ်များကို မီးရှို့နေသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်က မြို့နယ်အနှံ့ စစ်ကြောင်းထိုးနေသည်၊ မြို့အရှေ့ပိုင်း ရွှေသိမ်တော်ကျေးရွာနှင့် အနောက်ပိုင်းရှိ အင်းပတ်ကျေးရွာများအနီး တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု တိုက်ပွဲတွင် ပါဝင်သူ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

မေလ ၁၅ ရက် မွန်းလွဲ ၃ နာရီခန့်က ရွှေသိမ်တော်ကျေးရွာသို့ စစ်သားများ ရောက်လာသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဝင်ပစ်လို့ တိုက်ပွဲဖြစ်တယ်၊ မိနစ် ၂၀ လောက်ပဲ ကြာတာပါ။ အထိအခိုက်ကတော့ ကျွန်တော်တို့ဘက်က မရှိဘူး။ ဒီကောင်တွေဘက်က နှစ်ယောက် ပြင်းထန်ဒဏ်ရာရတယ် ကြားတယ်” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သော၊ ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် အမည်မဖော်လိုသော ထို PDF အဖွဲ့ဝင်က ပြောသည်။

တပ်က နေအိမ် ၁၄ လုံးကို မီးရှို့ခဲ့သည့် ရွှေသိမ်တော်ရွာရှိ ကောက်ရိုးပုံတွင် အလောင်းတစ်လောင်းကိုလည်း တွေ့ရသည်ဟု ဆိုသည်။

“ဒေသခံတွေထဲကလည်း မဟုတ်ဘူး။ ပျူတွေထဲက ဖြစ်ဖို့များတယ်၊ ဒီကောင်တွေ တပ်ထဲကဆို ပြာကျတဲ့အထိ ရှို့တာ၊ ပြီးတော့ သေနတ်ဖောက်တယ်၊ အခုက အဲ့လိုမဟုတ်ဘူး တစ်ဝက်တစ်ပျက်ရှို့ပြီး ပစ်ထားခဲ့တာ” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်သည် ရွှေသိမ်တော်ရွာနှင့် ကပ်လျက်ရှိသည့် မြို့သစ်ကျေးရွာမှ အသက် ၇၀ ကျော် အဖိုးအိုတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး ဘုန်းကြီးတစ်ပါးနှင့် ဦးငြိမ်းမောင်ဆိုသူတို့ကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။

ယင်းစစ်ကြောင်းသည် ခင်ဦးမြို့နယ်အနောက်ပိုင်းအထိ ဆက်လက်သွားရောက်ခဲ့ပြီး အင်းပတ်ကျေးရွာသို့ သွားနေစဉ် ဒေသခံကာကွယ်ရေးများအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်သလို ဒရုန်းဖြင့် ဗုံးကြဲကာ တိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုသည်။

စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် အင်းပတ်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနိုင်ရန် ည ၁၁ နာရီဝန်းကျင်အထိ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

စစ်တပ်၏ ခင်ဦးမြို့နယ်အတွင်း အပြုအမူများနှင့် ပတ်သက်ပြီး မေးမြန်းရန် ယနေ့ ညနေပိုင်းက ကြိုးသော်လည်း စစ်ကောင်စီပြန်ကြားရေးအဖွဲ့နှင့် ဖုန်းအဆက်အသွယ် မရခဲ့သလို ၎င်းတို့၏ ယခုရက်ပိုင်းသတင်းထုတ်ပြန်ချက်များတွင်လည်း ခင်ဦးမြို့နယ်အတွင်း မီးရှို့မှု၊ တိုက်ခိုက်မှုများအကြောင်း ဖော်ပြမထားပေ။

PDF ၏ ဒရုန်းများ ပစ်ချခံရ

ယနေ့ (မေ ၁၆) တွင် နံနက်တွင် အင်းပတ်ကျေးရွာသို့ ဝင်လာသည့် စစ်သားများကို ဟန့်တားနိုင်ရန် ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းများအသုံးပြု တိုက်ခိုက်သော်လည်း မအောင်မြင်ခဲ့ကြောင်း ခင်ဦးဒေသကာကွယ်ရေးတပ်ဖွဲ့ Khin U Support Organization (KSO) တာဝန်ခံ ဗိုလ်လင်းရောင်က ဆိုသည်။

“ရွာထဲက ကျွန်တော်တို့စခန်းဆီကို ထိုးလာတာ၊ ကျွန်တော်တို့ ရွာပတ်လည်တွေနဲ့ စခန်းပတ်လည်တွေမှာ ရှေ့ထွက်မိုင်း ရှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ရသလို ဒရုန်းလေးစီးနဲ့ အီနာဂါ (ဗုံးသီး) တွေ ပစ်ချတိုက်ခိုက်ခဲ့ရတယ်” ဟု ပြောသည်။

တိုက်ခိုက်မှုများကြောင့် စစ်သားများ ထိခိုက်မှုရှိနိုင်သည်ဟုလည်း သူက ခန့်မှန်းသည်။ 

“စခန်းအဝင်အထွက်မှာ ဖောက်တဲ့ဗုံးတွေကလည်း ထိမယ်၊ အလောင်းတွေ မတွေ့ရတော့ သေချာမသိရဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ် ညနေ ၄ နာရီဝန်းကျင်တွင် ပြန်လည်ထွက်ခွာသွားခဲ့သော်လည်း အိမ် ၅ လုံးကို မီးရှို့သွားခဲ့သည်၊ အမျိုးသားတစ်ဦးကိုလည်း ပစ်သတ်သွားသည်ဟု KSO အဖွဲ့က ဆိုသည်။ ထိုအမျိုးသား မည်သူမည်ဝါဖြစ်သည်ကို မသိရသေးပေ။  

အင်းပတ်ကျေးရွာကို စစ်တပ်က မေလ ၂ ရက်နေ့တွင်လည်း မီးရှို့ဖျက်ဆီးဖူးသည်၊ ယင်းနေ့တွင် အလုံးစုံပျက်စီသွားခဲ့သည့် အိမ် ၁၁၀ ကျော်ရှိပြီး မီးလောင်ဒဏ်ခံခဲ့ရသည့် အိမ်များလည်းရှိသည်ဟု ဒေသခံများက ဆိုသည်။ 

မေလ ၁၂ ရက်‌နေ့ကလည်း စစ်တပ်က ကာဆိပ်ကျေးရွာကို မီးရှို့သလို ဒေသခံရွာသူရွာသားအချို့ကို ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု သိရသည်။

သရက်ပင်စုရွာအရောက်တွင် စစ်သားများ မိုင်းဆွဲတိုခိုက်ခံရသည့်အတွက် ယင်းရွာအတွင်းမှနေ၍ ယာတော်ကျေးရွာသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ဒေသခံတို့က ဆိုသည်။

ယင်းနောက် ကာဆိပ်ကျေးရွာ၊ မန်ကျည်းအုပ်ကျေးရွာတို့ကို ဝင်ရောက်ကာ နေအိမ်အချို့ကို မီးရှို့ခဲ့သည်ဟု PDF တို့က ပြောကြသည်။ မေလ ၁၃ ရက် မွန်းလွဲ ၁ နာရီကလည်း သရက်ပင်စုကို စတင်မီးရှို့ဖျက်ဆီးခဲ့သည့်ပြင် ရေဦးမြို့မှ တစ်ဆင့် အင်အားထပ်မံဖြည့်တင်းလာသည့် စစ်တပ်သည် အင်တိုင်းလေးကျေးရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ခဲ့သည်ဟု ဆိုသည်။ 

သို့သော် Myanmar Now အနေဖြင့် မီးရှို့ခံရသည့် နေအိမ်အရေအတွက်နှင့် မီးရှို့ခံရသည့် အသေးစိတ်အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကျေးရွာများကို မီးရှို့မှုနှင့် ပတ်သက်၍ အာဏာသိမ်းတပ်၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ယင်းတို့လက်အောက်ခံတပ်များ ကျူးလွန်ခြင်းမဟုတ်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နိုင်ငံအနှံ့အပြားရှိ လူနေအိမ်ပေါင်း ၁၁,၄၁၇ လုံးကို မီးရှို့ခဲ့ကြသည်ဟု အရပ်ဘက်လေ့လာရေးအဖွဲ့ Data For Myanmar က မေ ၁ တွင် ထုတ်ပြန်ကြေညာထားသည်။ ထိုအထဲတွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ လူနေအိမ်ပေါင်း ၉၇၂ လုံးပါဝင်သည်။ 

စစ်ကိုင်းတိုင်း တစ်တိုင်းလုံးတွင် အိမ်ခြေပေါင်း ၇,၅၀၃ လုံး မီးရှို့ခံခဲ့ရကြောင်းလည်း ထိုအဖွဲ့က ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button