
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ဆင်ရေးလုပ်နေသည့် စစ်ကောင်စီတပ်က ယမန်နေ့ (မေ ၁၅) နေ့လယ်ပိုင်းတွင် စခန်းတစ်ခုကို ဝင်ရောက်စီးနင်းသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ (LPDF ) များထံမှ သိရသည်။
ထိုဒေသရှိ စီမံကိန်းများရန့်တန့်ရန် ဒေသတွင်းအဖွဲ့တို့က သတိပေးပြီးချိန် မေလ ပထမပတ်မှစ၍ စစ်ကောင်စီတပ်က အင်အား ၇၀ ကျော်နှင့် နယ်မြေရှင်းလင်းနေရာ နေ့စဉ်နီးပါး တိုက်ပွဲများရှိနေစဉ် စခန်းတစ်ခု စီးနင်းခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
စခန်းတည်နေရာနှင့် အသေးစိတ်အချက်အလက်များကို လုံခြုံရေးအရ ထုတ်မပြောသော်လည်း ယာယီတဲစခန်းသာဖြစ်၍ အသုံးအဆောင်အချို့ ပျက်စီးသည်မှအပ ထိခိုက်ဆုံးရှုံးမှုမရှိဟု ထိုဒေသတွင် စစ်ကောင်စီကို ခုခံနေသည့် LDF အဖွဲ့တစ်ခုမှ ခေါင်းဆောင်တစ်ဦးက ဆိုသည်။
စတင်စီးနင်းသည်နှင့် တစ်ပြိုင်နက် ထမင်းစားဆောင်နှင့် ယာယီတဲများကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ခုခံနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသည့် အခြေအနေကို မသိရသေးပေ။
“ရဲဘော်တွေရဲ့ အင်္ကျီတွေ၊ အဝတ်အစားတွေ၊ ကျောပိုးအိတ်တချို့ပေါ့ (ပျက်စီးသွားတယ်)။ ရဲဘော်တွေ အများကြီးထားတဲ့ နေရာမဟုတ်ဘူး။ ယာယီတည်းခိုတဲ့စခန်းတစ်ခုပါ။ လက်နက်တွေတော့ မပါဘူး”
LDF စခန်းဝင်စီးသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ယနေ့ (မေ ၁၆) နံနက်ပိုင်းတွင် ယင်းမာပင်နှင့် ဆက်လျက် ကနီမြို့နယ်ရှိ သမင်ခြံနှင့် မင်းမရွာအနီးသို့ ရောက်လာသဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီနီးပါး တိုက်ပွဲဖြစ်သည်ဟု LPDF ဘက်က ပြောသည်။
“သမင်ခြံရွာနဲ့ အနောက်မြောက်ဘက်နားက တောမှာဖြစ်တာ။ ခုတော့ မုဌောဘက်ကို ရွေ့လျားသွားတယ်။ အသေအပျောက်တော့ မရှိဘူး” ဟု အထက်ပါ LPDF ခေါင်းဆောင်က ပြောသည်။
“မနက်က တောင်သူလုပ်နေတဲ့ ယာထွန်နေတဲ့ နှမ်းတို့လုပ်နေတဲ့ တောင်သူ ၃ ဦးကို ဖမ်းသွားတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေက ဖြတ်ထားတဲ့အခါကျတော့ တောင်သူတွေက အခြေအနေတော့ မသိရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းသည်လည်း ထိပ်ဆုံးမှ ပါဝင်နေသည်။
စစ်ကိုင်းတိုင်းအတွင်း ဆက်လျက်ရှိသည့် ကနီနှင့် ယင်းမာပင် နှစ်မြို့နယ်ပေါင်း LPDF အဖွဲ့ ၅၀ ခန့်ရှိသည်။ ကနီကို စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်သလို တစ်ဆက်တည်းရှိပြီး စစ်တပ်အကျိုးစီးပွားလုပ်ငန်းများရှိသည့် ယင်းမာပင်မြို့နယ်အတွင်းတွင်လည်း စစ်ဆင်ရေးလုပ်နေသည်။
စစ်တပ်နှင့် တရုတ်နိုင်ငံပိုင် ဝမ်ပေါင်၊ မြန်မာယန်စီတို့ ပူးပေါင်းလုပ်ဆောင်နေသည့် ယင်းမာပင်မြို့နယ် လက်ပံတောင်းဒေသရှိ စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းများကို ကာကွယ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကြောင့် ဒေသခံတို့ အခက်တွေ့နေသည်ဟု LPDF များက ပြောသည်။
မေလ ပထမပတ်မှစ၍ ယင်းမာပင်မြို့နယ်ရှိ ရွှေပန်းခိုင်/ သဲတောကြီးရွာ၊ သီးကုန်းရွာ၊ နှောရိုးရွာ၊ ရွာသာရွာ၊ တရော်ကျင်းရွာတို့မှ နေအိမ်အလုံး ၁၀၀ နီးပါးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ထိုအဖွဲ့များက ဆိုသည်။
“(စစ်ကြောင်းက) တောတိုက်တွေထဲကို ဖြတ်သွားတာပေါ့။ တောတွေထဲမှာ စိုက်ခင်းတွေ လုပ်နေတဲ့ မိသားစုလိုက် နေကြတဲ့ တဲတွေရှိတယ်။ အဲဒီတဲတွေကိုတော့ မွှေပြီး လိုချင်တဲ့ ပစ္စည်းတွေယူသွားတယ်။ မွှေနှောက်သွားတယ်။ အဲဒီက ကြက်တွေ၊ ဝက်တွေတော့ ချက်စားသွားတယ်” ဟု LPDF အဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုအခြေအနေကြောင့် ယင်းမာပင်မြို့နယ် တရော်ကျင်း၊ ကနီမြို့နယ်ရှိ ချောင်းမ၊ မင်းမ၊ သမင်ခြံ၊ မုဌော၊ လင်ပုန်းရည်တို့အပါအဝင် အနီးအနားကျေးရွာ ၇ ရွာခန့်မှ ဒေသခံ တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သမင်ခြံရွာသားတစ်ဦးထံမှ သိရသည်။
“မနေ့ (မေ ၁၅) ညက မိုးရောလေရော ကျနေတယ်။ တောထဲတွေမှာ ကိုယ့်မိုးကာလေးတွေနဲ့ ကိုယ်တန်းလေးတွေထိုးပြီး အဲဒီအောက်တွေ ရှောင်ကြရတယ်” ဟု ၎င်းက ပြောသည်။
“တချို့ကျတော့လည်း လှည်းတွေနဲ့ ထွက်ပြီး ကိုယ့်လှည်းပေါ်အုပ်ပြီးတော့ မိုးရွာထဲမှာ လှည်းတွေအောက် ထိုင်နေကြရတယ်။ တော်တော်လေး ဒုက္ခရောက်နေကြတယ်”
အင်တာနက်ဖြတ်တောက်ထားသည့် ထိုဒေသများတွင် ပေါ်ပေါက်နေသည့် အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရသေးပါ။ စစ်ကောင်စီကလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

Data for Myanmar အဖွဲ့၏ မေ ၁ ရက် စာရင်းအရ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် နိုင်ငံအနှံ့ မီးလောင်ပျက်စီးသည့် အိမ်ခြေ ၁၀၀၀၀ ကျော်ရှိကာ ထက်ဝက်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း သိရသည်။
ထိုလုပ်ရပ်များကို စစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။ သို့သော် ၂၀၁၆၊ ၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် အလားတူကျူးလွန်မှုများကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အမှုရင်ဆိုင်နေရသည်။
စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ ယင်းမာပင်နှင့် ကနီမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ ခန့်မှန်းခြေ အနည်းဆုံး ၅၀ ကျော်ရှိပြီး ဖော်ဆောင်မည့်တိုက်ပွဲအလိုက် မဟာမိတ်တပ်ဖွဲ့များ၊ နယ်မြေချင်းထိစပ်နေသည့် ဒေသခံကာကွယ်ရေးအဖွဲ့များအချင်းချင်း ချိတ်ဆက်ကာ စုဖွဲ့တိုက်ခိုက်နေခြင်းဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)