သတင်း

တိုက်ပွဲပြန် စစ်တပ်ကို ကြားဖြတ်တိုက်ရာ ၂၀ သေဟု မူဆယ် PDF ပြော

မေ ၄ ရက်နေ့က ရှေ့တန်းမှ ပြန်လာသည့် စစ်တပ်ယာဉ်တန်းကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းပေါ်တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂၀ သေသည်ဟု မူဆယ်မြို့နယ် PDF တာဝန်ရှိသူတစ်ဦးက ယနေ့ ပြောသည်။ 

ထိုနေ့က မူဆယ်မြို့နယ် တာလုံရွာအနီး ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နှင့် ဖြစ်ပွားသည့် နံနက်ပိုင်းတိုက်ပွဲအပြီး ၁၀၅ မိုင် စစ်ဗျုဟာကုန်းဘက်သို့ ပြန်လာသည့် အမှတ် ၂၄၁၊ ၂၄၀ ခြေမြန်တပ်ရင်း တပ်ဖွဲ့ဝင်များကို ညနေ ၆ နာရီဝန်းကျင်တွင် PDF က မိုင်းခွဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။

မော်တော်ယာဉ် ၅ စီးဖြင့် ပြန်လာစဉ် စစ်ဗျူဟာကုန်းနှင့် နှစ်မိုင်ကျော်ဝေးသည့် မော်တောင်းရွာနှင့် တာလုံရွာအကြား နမ့်ဖာတန်းလမ်ခွဲအနီးတွင် တိုက်ခိုက်သည်ဟု ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (မူဆယ်) က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသလို ကားတစ်စီးပျက်စီးကြောင်း ထိုအဖွဲ့က ဓာတ်ပုံနှင့်တကွ ၎င်းတို့၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

MNDAA နှင့် ဖြစ်ပွားသည့်တိုက်ပွဲကို စစ်ကောင်စီဘက်မှ လွှတ်မည့် တပ်ကူကို စောင့်ဆိုင်းနေခြင်း ဖြစ်သော်လည်း စစ်ကူမလာသဖြင့် အရပ်သုံးကားများဖြင့် ပုံဖျက်၍ ပြန်လာသည့် စစ်ကြောင်းကိုသာ တိုက်ခိုက်ခဲ့ရသည်ဟု PDF တာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ ပစ်တာခတ်တာက တစ်နာရီဝန်းကျင်လောက် ကြာတာပေါ့။ ဆုတ်လမ်းအနေနဲ့ ပြန်ဆုတ်တဲ့ အချိန်မှာလည်း တောက်လျှောက်ပစ်ခတ်ပြီးတော့ ပြန်ဆုတ်တာပေါ့။ … ကျွန်တော်တို့က လျှပ်တစ်ပြတ် ဖြတ်တိုက်တာဆိုတော့ သူတို့ ပြင်ဆင်ချိန်မရလိုက်ဘူး” ဟု ၎င်းက ပြောသည်။

ထိုတိုက်ပွဲအတွင်း လက်နက်ဝင်ကောက်စဉ် တစ်ဦး၊ ပြန်လည်ဆုတ်ခွာရာတွင် တစ်ဦး PDF ဘက်မှ သေဆုံးကြောင်း၊ ဇော်ကြီး (၃၃ နှစ်) နှင့် မီးတောက်(၂၂) တို့ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“ပထမတိုက်ပွဲမှာ တစ်ဦးကျတယ်။ ကျွန်တော်တို့ ပြန်ဆုတ်တဲ့အချိန် နမ့်ပေါ်က အဖွဲ့နဲ့ ထိပ်တိုက်ပြန်တွေ့တဲ့အချိန်မှာ တစ်ယောက်ကျတယ်” ဟု ၎င်းက ပြောသည်။

မူဆယ်မြို့တောင်ဘက် ၆ မိုင်အကွာရှိ နမ့်ပေါ်ချောင်းအနီးတွင် စစ်တပ်စခန်းတစ်ခုရှိပြီး ယာဉ်တန်းကို ဖြတ်တိုက်သည့် နေရာနှင့် မဝေးကြောင်း ၎င်းထံမှ သိရသည်။

လက်နက်အင်အား မယှဉ်သာသော်လည်း စစ်ကောင်စီကို ပြောက်ကျားစစ်ဗျူဟာဖြင့် အခက်တွေ့အောင် လုပ်ထားနိုင်သည်ဟု အထက်ပါ မူဆယ် PDF တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲအပြီးတွင် ထိုဒေသအတွင်း၌ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် PDF ရှိနိုင်မည့် နေရာများသို့ ထိုးစစ်ဆင်နေကြောင်း ၎င်းက ဆက်ပြောသည်။ နောက်ဆက်တွဲအခြေအနေများကိုမူ မသိရသေးပေ။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့တွင် ရသည့်နည်းဖြင့် ခုခံတွန်းလှန်နေသည်။

လက်နက်ကိုင်အဖွဲ့အများအပြားရှိပြီးဖြစ်သည့် ရှမ်းပြည်နယ်တွင်လည်း PDF  အဖွဲ့များပေါ်ပေါက်လာကာ မြို့၊ မြို့နှင့် အနီးဝန်းကျင်တွင်ပါ စစ်ကောင်စီကို ခုခံသည့် တိုက်ပွဲများ မကြာခဏဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button