သတင်း

တရုတ် ကြေးနီတူးနေသည့် ယင်းမာပင်တွင် စစ်တပ်နှင့် PDF တိုက်ပွဲဆက်နေ

စစ်တပ်နှင့် တရုတ် ကြေးနီလုပ်ငန်းစီမံကိန်းအနီးရှိ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ဘက် ကျေးရွာများကို စီးနင်းနေသည့် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေး (LDF) အဖွဲ့တို့၏ တိုက်ပွဲများ ဆက်ရှိနေသည်။

အာဏာသိမ်းစစ်ကောင်စီထံ ငွေကြေးစီးဝင်နေသည့် ထိုစီမံကိန်းများ မေ ၅ ရက် နောက်ဆုံးထား ရပ်တန့်ရန် LDF ၁၆ ဖွဲ့က ဧပြီလကုန်ပိုင်းတွင် သတိပေးခဲ့ပြီးနောက် စစ်ကောင်စီက ထိုစီမံကိန်းတစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။

မေ ၁၂ရက် (ယမန်နေ့) တွင် ဖိုဝင်တောင်ဘက်ရှိ ရွှေညောင်ပင်၊ ပင်ဘက်၊ ရှမ်းရွာတို့မှ တစ်ဆင့် ခြေလျင် ဝင်ရောက်လာသည့် အင်အား ၇၀ ဝန်းကျင်ပါ ထိုစစ်ကြောင်းနှင့် သီးကုန်းရွာပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်သည်ဟု LDF တာဝန်ရှိသူ အချို့ထံမှ သိရသည်။

ယနေ့ (မေ ၁၃) နံနက်ပိုင်းတွင် ထိုနေရာမှ ဆက်ထွက်လာသည့် စစ်ကြောင်းကို သီးကုန်းရွာမှ တစ်မိုင်ခန့်အကွာ ကျွန်းတောရွာအနီးတွင် ၂ နာရီ နီးပါးကြာ တိုက်ခိုက်ခဲ့သည်ဟု LDF အဖွဲ့တစ်ခုဖြစ်သည့် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောသည်။ 

“ဒီနေ့ စစ်ကောင်စီဘက်ကလည်း တော်တော်များများထိခိုက်ဒဏ်ရာရတယ်။ လက်ရှိအနေအထားကတော့ (LDF က) ခြေတစ်လှမ်းနောက်ဆုတ်ပြီးတော့ ခွာစစ်ဆက်ပြီးဆင်မဲ့အပိုင်းတော့ ရှိတာပေါ့။ တည်နေရာကတော့ ပြောလို့ မရသေးဘူး” ဟု ၎င်းက ပြောသည်။

ထိုတိုက်ပွဲများအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ဒဏ်ရာရထားသည်ဟု ပါဝင်တိုက်ခိုက်နေသည့် အခြား LDF တစ်ခုဖြစ်သည့် ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကြေးနီလုပ်ကွက်များရှိသည့် လက်ပံတောင်းဒေသအတွင်း တိုက်ပွဲပြင်းထန်နေကြောင်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးကလည်း အတည်ပြုသည်။

“တအုန်းအုန်း၊ တဒိုင်းဒိုင်းနဲ့ လက်နက်ကြီးတွေရော၊ လက်နက်သေးတွေရော ဖိုးဖိုး၊ ဖောင်းဖောင်းနဲ့ ပေါက်ပေါက်လှော်သလိုပဲ တော်တော်လေးပြင်းထန်တယ်။ အဲဒါက (စစ်ကြောင်းက) ကျွန်းတောကနေ ကျောက်ပြုတ်သွားမယ်လို့လည်းကြားတယ်” ဟု ၎င်းက နံနက် ၉ နာရီခန့်တွင် ဖုန်းဖြင့် ပြောသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တည်နေရာပြမြေပုံ။

PDF လှုပ်ရှားမှု အားကောင်းသည့် စစ်ကိုင်းတိုင်း မုံရွာမြို့ ချင်းတွင်းမြစ်တစ်ဘက်ကမ်း လက်ပံတောင်းဒေသ ကြေးနီစီမံကိန်း ခြိမ်းခြောက်ခံနေရကြောင်း အာဏာသိမ်းစစ်တပ်၏ စီးပွားရေးမိတ်ဖက် တရုတ် ဝမ်ပေါင်ကုမ္ပဏီက မေ ၄ ရက်နေ့တွင် ထုတ်ပြောထားသည်။

ဒေသခံတို့ အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်နေကြသည့် ထိုစီမံကိန်းများကို တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (UMEHL) တို့ ပူးတွဲကာ လက်ပံတောင်းတောင်၊ စံပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် ကြေးနီထုတ်လုပ်တူးဖော်နေသည်။

ထိုဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် အထက်ပါ စစ်ကြောင်းမှာ LDF က သတိပေးထားသည့် မေ ၅ ရက်မှစ၍ ယင်းမာပင်မြို့မှတစ်ဆင့် ဝမ်ပေါင်၊ မြန်မာယန်စီ စီမံကိန်းများရှိရာသို့ ရောက်လာကာ ကြေးစင်တောင်၊ စံပယ်တောင်အနီးမှ ရွာများကို စီးနင်းနေကြောင်း အထက်ပါ ဒေသခံအချို့က ပြောသည်။

၎င်းတို့ရွာများသို့ ဝင်ရောက်သည့် စစ်ကောင်စီတပ်ဖွဲ့များက ဈေးဆိုင်များကို မွှေနှောက်ကာ အလိုရှိရာ ယူသွားလေ့ရှိကြောင်း၊ ယင်းမာပင်မြို့နယ် ရွှေညောင်ပင်၊ အုန်းတော၊ ကံသာ၊ လက်ပံတော၊ ကျွန်းတောလေး၊ ပြန်လှည့်ကျေးရွာတို့မှ ဒေသခံ နှစ်ထောင်ကျော်မှာလည်း တိမ်းရှောင်နေရကြောင်း ၎င်းတို့ထံမှ သိရသည်။

အင်တာနက်ဖြတ်တောက်ခံထားရသည့် ထိုဒေသအတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ကနီ၊ ပုလဲ မြို့နယ်များလည်း ရှေ့တန်းမှ ပါဝင်နေသည်။

လက်လုပ်သေနတ်၊ မိုင်းများသုံး၍ ရရာလက်နက်ဖြင့် ခုခံနေသည့် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအများစုကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်၊ ရွာလုံးကျွတ်မီးရှို့မှုများ လုပ်ဆောင်နေသည်။

ရွာမီးလောင်မှုများမှာ ၎င်းတို့ လက်ချက်မဟုတ်ဟု စစ်တပ်က ငြင်းဆိုလေ့ရှိသည်။ သို့သော် ၂၀၁၆၊ ၁၇ တွင် ရခိုင်ပြည်နယ်အတွင်း အလားတူကျူးလွန်ခဲ့သည့် လုပ်ရပ်များကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button