
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးနှင့် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသည့် အလယ်ကျွန်းရွာကို ယမန်နေ့ (မေ ၁၀) က ၄ နာရီကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လေကြောင်းပစ်ကူကြောင့် နောက်ဆုတ်ခဲ့ရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။
ကနီမြို့မှ ၃ မိုင်ခန့်အကွာ ရေလယ်ကျွန်းရွာသည် အိမ်ခြေ ၃၀ ခန့်သာရှိသည့် ကျေးရွာဖြစ်ပြီး စစ်တပ်နှင့် ပျူစောထီး အင်အား ၆၀ ခန့်က အထိုင်ချတပ်စွဲကာ စစ်ရေးလှုပ်ရှားနေ၍ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။
“ရေလယ်ကျွန်းရွာထဲမှာလည်း ပြည်သူမရှိဘူး။ စစ်ကောင်စီကို ထောက်ခံတဲ့သူတွေရယ်၊ ပျူတွေရယ်၊ ပျူတွေကို သင်တန်းပေးတဲ့နေရာလည်းဖြစ်တယ်။ အဲဒီမှာပဲ စခန်းချပြီး မနှစ်ကတည်းက စခန်းချပြီးနေတာ။ ရွာပျောက်ပြီး စစ်စခန်းလိုဖြစ်နေတာ။
“အဲဒီရွာကို မူတည်ပြီး စစ်၊ ရဲ၊ ပျူစောထီးတွေက စစ်ရေးလှုပ်ရှားလေ့ရှိတဲ့ရွာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်တာ” ဟု ကနီမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။
အလယ်ကျွန်းရွာတောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဝိုင်းထားပြီး နံနက် ၈ နာရီမှစ၍ မွန်းတည့် ၁၂ နာရီအထိ ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ရွာပတ်ပတ်လည် သံဆူးကြိုးများ ကာရံထားပြီး ဘန်ကာ (ကတုတ်ကျင်း) များဖြင့် အထိုင်ချထားသည့် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားရာ အဆိုပါကျေးရွာအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့များ ဝင်ရောက်ခါနီးတွင် စစ်တပ်ဘက်မှ လေကြောင်းပစ်ကူလာရောက်ခဲ့သည်။
စစ်ကောင်စီရဟတ်ယာဉ်က အလယ်ကျွန်းရွာအနီး ၈ ကြိမ် ပျံဝဲပြီး လာရောက်ပစ်ခတ်ခဲ့ရာ ဒေသခံကာကွယ်ရေးအဖွဲ့များ နောက်ဆုတ်ခဲ့ရကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ဒေါင်းမင်းအဖွဲ့ခေါင်းဆောင်က ပြောသည်။
“ကျွန်တော်တို့က ပထမတော့ အနောက်ဘက်က လက်နက်ကြီးတွေနဲ့ ဝင်ထုတယ်။ အဲဒီတော့ သူတို့က ကျွန်တော်တို့ဘက်ကို ပြန်ပစ်တယ်။ အဲဒီအချိန် အရှေ့ဘက်ကနေ ပြန်ထုတာပေါ့။ အရှေ့ဘက်ကို မဲနေတဲ့အချိန် လက်နက်ငယ်တွေနဲ့ အတွင်းစည်းကို ဝင်စီးတာ။ အတွင်းစည်းကို ရောက်ခါနီးမှာ ရွာတောင်ဘက်က ကြက်ခြံတစ်ခြံကို မီးနဲ့ရှို့ပြီးတော့ အတွင်းကို ဝင်မယ်လုပ်တာ။ အတွင်းစည်းရောက်ရင် ရပြီ။ အဲဒီတော့ အတွင်းစည်းမရောက်ခင် ရဟတ်ယာဉ်နဲ့ လာပြီးပစ်တော့ နောက်ဆုတ်ပေးလိုက်ရတယ်” ဟု ထိုသူက ဆိုသည်။
စစ်တပ်နှင့် ပျူစောထီးဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ အသေးစိတ်မသိရကြောင်း၊ အဖွဲ့ဝင်နှစ်ဦး ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
ဒေသခံကာကွယ်ရေးအဖွဲ့များအားကောင်းသည့် ကနီမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် နေရာ ၃ နေရာအနက် အခိုင်အမာအထိုင်ချတပ်စွဲထားသည်မှာ အလယ်ကျွန်းရွာတစ်ခုတည်းသာရှိကြောင်း ကနီမြို့နယ် ဒေသခံများက ပြောသည်။
စစ်တပ်က လေကြောင်းမှ ပစ်ကူသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း အားလျှော့သွားမည်မဟုတ်ကြောင်း ဒေါင်းမင်းအဖွဲ့ခေါင်းဆောင်က ဆိုသည်။
စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ အထိုင်ချတပ်စွဲထားခဲ့သည့် ကနီမြို့နယ်၊ ဝင်းမနားရွာရဲစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့များက မေ ၄ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီးနောက် တပ်စွဲထားသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးခဲ့သည်။
စစ်တပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားသည့် ရေလယ်ကျွန်းရွာကို ပြီးခဲ့သည့် ဧပြီ ၁၆ ကလည်း ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့စဉ် ကနီမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးများ ပစ်ကူသဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့များ နောက်ဆုတ်ခဲ့ရကြောင်း DRPA (အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်) အဖွဲ့က ထုတ်ပြန်ထားသည်။
ကနီမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၄၅ အုပ်စုရှိသည့်အနက် ကနီမြို့ပေါ်နှင့် အလယ်ကျွန်းရွာမှအပ ကျန်ကျေးရွာများတွင် စစ်အုပ်ချုပ်ရေးယန္တရားရပ်တန့်ကာ ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးထားနိုင်သည့် အခြေအနေဖြစ်ကြောင်း ကနီမြို့နယ်ဒေသခံများထံမှ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)