သတင်း

ရှေ့နေ ဒေါ်ခင်ခင်ကျော်တို့ကို ထောင် ၆ လ ချထားရာမှ ၃ လ လျှော့ပေး

တရားရေးဝန်ထမ်းကို နှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခံထားရသည့် လက်ပံတန်းသပိတ် ဖမ်းဆီးခံကျောင်းသားများ၏ ရှေ့နေ ဒေါ်ခင်ခင်ကျော်၊ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်)မှ ကိုသန်းထိုက်တို့အမှုကို အယူခံဝင်ရာ သာယာဝတီခရိုင်တရားရုံးက ယနေ့ ၃ လ လျှော့ချပေးလိုက်သည်။

ထိုသို့လျှော့ချပေးလိုက်သော်လည်း အထက်ရုံးသို့ ဆက်တက်သွားမည်ဟု အမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က Myanmar Now ကို ပြောသည်။

“ပြစ်ဒဏ်က သုံးလလျှော့လိုက်ပေမယ့် တစ်သက်လုံး လုပ်ကိုင်စားသောက်ရမယ့် ရှေ့နေ့လိုင်စင်က ပြုတ်ပြီ။ စာတစ်စောင် ရုံးကိုတင်တဲ့ ကိစ္စကြောင့် တရားသူကြီးနဲ့ သဘောထားကွဲတာနဲ့ ထောင်ကျရတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး။ ဘယ်လိုမှ မဖြစ်သင့်ဘူး။ ရှေ့လျှောက် ဘာနဲ့လုပ်ကိုင်စားသောက်မလဲ။ လူတစ်ယောက်ရဲ့ဘဝကို ဖျက်ဆီးလိုက်တာပဲ။ အဲဒီလောက် မဖြစ်သင့်ဘူး ဆိုပြီးတော့ ပြင်ဆင်မှု တက်မှာပါ” ဟု ၎င်းက ဆိုသည်။

လက်ပံတန်း ကျောင်းသားသပိတ်ကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုတွင် တာဝန်ရှိသည့် ရဲအရာရှိတို့ကို တရားစွဲရန် ရှေ့နေ ဒေါ်ခင်ခင်ကျော်က လျှောက်ထားစဉ် မြို့နယ်တရားသူကြီးနှင့် အချေအတင် အငြင်းအခုံဖြစ်ရာမှု အမှု ပေါ်ပေါက်လာသည်။

၂၀၁၅၊ စက်တင်ဘာတွင် သာယာဝတီမြို့နယ် တရားသူကြီးက ၎င်းတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၂၈ ဖြင့် တရားစွဲဆိုခဲ့ရာ သုံးနှစ်ကျော်အကြာ တရားရင်ဆိုင်ခဲ့ရပြီး မကြာသေးမီက ထောင်ဒဏ် ခြောက်လ ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နှင့် ဗကသ ကျောင်းသားဟောင်း ကိုသန်းထိုက် တို့သည် အကျဉ်းထောင်အတွင်း တစ်လနီးပါး ကျခံပြီးဖြစ်သည့် အတွက် ထောင်ဒဏ် နှစ်လသာ ကျန်တော့သည်။

##
နိုဝင်ဘာ ၆ နံနက် ၈း၃ဝ ပြင်ဆင်ချက် – ပထမစာကြောင်းတွင် ဖော်ပြခဲ့သည့် “မင်းလှမြို့နယ်တရားရုံး” ကို “သာယာဝတီခရိုင်တရားရုံး” ဟု ပြင်ဆင် ဖြည့်စွက်ထားပါသည်။

Show More

Related Articles

Back to top button