အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကျွန်တရားစီရင်ရေးဟု အော်ဟစ်၍ ထောင်ကျခဲ့သူကို တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ် 

၂၀၁၅ လက်ပံတန်းကျောင်းသားသပိတ်တွင် ရှေ့နေလိုက်ပေးစဉ် တရားရုံး၌ စစ်ကျွန်တရားစီရင်ရေးဟု အော်ဟစ်ခဲ့သဖြင့် ထောင်ဒဏ်သုံးလကျခံခဲ့ရသူ ဒေါ်ခင်ခင်ကျော်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်ခဲ့သည်။ 

ဒေါ်ခင်ခင်ကျော်သည် သာယာဝတီမြို့နယ်တရားရုံး၌ တရားစီရင်ရေးမဏ္ဍိုင်ကို အယုံအကြည်မရှိကြောင်း၊ စစ်ကျွန်တရားစီရင်ရေးဖြစ်ကြောင်း အော်ဟစ်ခဲ့သည်ဆိုကာ ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရသော်လည်း အယူခံဖြင့် ထောင်ဒဏ်သုံးလကျခံခဲ့ရသည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်ခံရပြန်သဖြင့် ယခု နှစ် ဩဂုတ်လ ၂၇ တွင် ရှေ့နေလိုင်စင် ပြန်လည်အပ်နှံခဲ့သည်။ 

ဒေါ်ခင်ခင်ကျော်ကို ရှေ့နေအဖြစ်မှ ထုတ်ပယ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမိန့်စာတွင် “သာယာဝတီမြို့နယ်တရားရုံး၊ တရားခွင်အတွင်း တရားသူကြီး ကြားဖြတ်အမိန့် မချမှတ်နိုင်လောက်အောင် မတရားသူကြီး အလိုမရှိ၊ တရားစီရင်ရေးမဏ္ဍိုင် အယုံအကြည်မရှိ၊ စစ်ကျွန်တရားစီရင်ရေးဟု အော်ဟစ်ဆူပူသဖြင့် ပြစ်ဒဏ်ကျခံရခြင်းသည် ရှေ့နေရှေ့ရပ်လုပ်ငန်းနှင့် စပ်လျဉ်းသည့် ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ရာရောက်ကြောင်း” ဟု ဖော်ပြထားသည်။ 

တရားလွှတ်တော်ရှေ့နေများကောင်စီ(ဘားကောင်စီ)၏ သဘောထားမှတ်ချက်ယူခဲ့သည်ဆိုသော ထိုအမိန့်စာတွင် ဘားကောင်စီက ဒေါ်ခင်ခင်ကျော်ကို ‘ပြင်းထန်စွာ သတိပေးရန်’ ဟုသာ မှတ်ချက်ပေးခဲ့ကြောင်း ထိုအမှုကို လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။

“စစ်တပ်က ခန့်ထားတဲ့ ဘားကောင်စီပဲ။ ဦးစောမောင်လက်ထက်က ခန့်ထားတဲ့ ဘားကောင်စီပေါ့။ အဲဒီဘားကောင်စီက ဒေါ်ခင်ခင်ကျော်ကို ပြင်းထန်စွာသတိပေးရန် ဆိုတာလောက်ပဲ ဆုံးဖြတ်ထားတာ။ အဲဒါကို လက်ရှိတရားသူကြီးချုပ်ပါတဲ့ နေပြည်တော်မှာ တရားရုံးထိုင်တဲ့ တရားသူကြီးတွေက ဘားကောင်စီက ဆုံးဖြတ်တဲ့ဟာကို ပယ်ချလိုက်ပြီးတော့ တရားသူကြီးချုပ်က ထုတ်လိုက်တာဗျာ” ဟု ဦးကြီးမြင့်က ပြောသည်။ 

၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ဘားကောင်စီသည် ကြေညာချက်ထုတ်ပြန်ခြင်းများ၊ အရေးတော်ပုံတွင်ပါဝင်ခြင်းများ ဆောင်ရွက်သဖြင့် ၁၉၈၉ ၌ ဘားကောင်စီဝင်များကို အာဏာပိုင်များက ရွေးချယ်ခန့်အပ်သည့်စနစ်ကို ပြောင်းလဲခဲ့သည်။

၁၉၈၉ နောက်ပိုင်း ရွေးချယ်ခန့်အပ်သည့် ကောင်စီဝင်များတွင် တပ်မတော်သားဟောင်းများပါဝင်သည်။ လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အကြီးအကဲ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးမှာ ဗိုလ်မှူးကြီးဟောင်းနှင့် ဗိုလ်ချုပ်ဟောင်းဖြစ်သည်။ 

နှစ်ပေါင်း ၃၀ ကြာပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် အရပ်ဘက်တရားလွှတ်တော်ရှေ့နေများကို ရွေးကောက်ခံစနစ်ဖြင့် ဘားကောင်စီဝင်အဖြစ် ခန့်အပ်ရေး အကောင်အထည်ဖော်နိုင်ခဲ့သည်။

ရွေးကောက်ခံ ဘာကောင်စီသစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ တရားလွှတ်တော်ရှေ့နေ လေးဦးပါဝင်ပြီး ဗစ်တိုးရီးယားအမှု လိုက်ပါဆောင်ရွက်သည့် နာမည်ကျော်ရှေ့နေ ဦးခင်မောင်ဇော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဝေဖန်သည့် ရှေ့နေဦးသိန်းသန်းဦးတို့နှင့် အခြား နာမည်ကြီးရှေ့နေများ ပါဝင်လာခဲ့သည်။ သို့သော် ဘားကောင်စီအသစ်မှာ လတ်တလောတွင် အသက်မဝင်သေးချေ။

ဘားကောင်စီ၏ သဘောထားကို ဆန့်ကျင်၍ ဒေါ်ခင်ခင်ကျော်ကို ရှေ့နေအဖြစ်မှ ထုတ်ပယ်ခြင်းမှာ အရပ်ဘက်ကောင်စီဝင်များပါဝင်လာသည့် ဘားကောင်စီအသစ်ကို စိန်ခေါ်ခြင်းဖြစ်ကြောင်း ရှေ့နေဦးကြီးမြင့်က မှတ်ချက်ပြုသည်။

“မင်းတို့ ဘားကောင်စီအသစ်ကိုတော့ စောက်ဂရုမစိုက်ဘူး။ ငါ လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့သဘော သက်ရောက်သွားတာပေါ့ကွာ” ဟု ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေများက ရွေးကောက်တင်မြှောက်သူများပါဝင်သည့် ဘားကောင်စီအသစ်ကို ဖွဲ့စည်းနိုင်သော်လည်း ၉၁ နှစ်သက်တမ်းရှိ ဘားကောင်စီအက်ဥပဒေကို အသစ်မရေးဆွဲနိုင်ပါက ရှေ့နေများအခွင့်အရေး ဆုံးရှုံးနေဦးမည်ဟုလည်း ဦးကြီးမြင့်က ဝေဖန်သည်။ 

“အဲဒီ ဘားကောင်စီအက်ဥပဒေကို ၂၀၀၈ ဖွဲ့စည်းပုံလိုပဲ အသစ်က စပြန်ဆွဲရမှာ။ အဲဒါ မဆွဲနိုင်သမျှ စစ်ဗိုလ်တရားသူကြီးချုပ်အောက်မှာ ပြားပြားဝပ်နေရမှာပဲ။ ဘာမှ သူ့မှာ လုပ်ပိုင်ခွင့်မရှိဘူးပေါ့” ဟု ၎င်းက ဆိုသည်။

ဘားကောင်စီအသစ်တွင် ရွေးကောက်ခံထားရသည့် NLD ပါတီဝင် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ဘားကောင်စီအသစ်အဖြစ် တာဝန်ထမ်းဆောင်သည့်အခါ ဘားကောင်စီ၏ သဘောထားမှတ်ချက်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆန့်ကျင်သည့်အမိန့်မျိုး မချမှတ်စေရေး လုပ်ဆောင်မည်ဟု ဆိုသည်။

ဒေါ်ခင်ခင်ကျော်ကို တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏ ဆုံးဖြတ်ချက်မှာ အရမ်းပြင်းထန်ပြီး မဖြစ်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေများဖြစ်သည့် ဦးသိန်းသန်းဦးနှင့် ဦးဇေယျာဝင်းတို့ကလည်း ဆိုသည်။ 

Related Articles

Back to top button