
(ရန်ကုန်) – မော်တော်ဆိုင်ကယ် စီးခွင့်မရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းသူကို ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို ဆဲရေးကာ ရန်ရှာခဲ့သည်ဟု ဆိုသော တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်ပါတီ ဥက္ကဋ္ဌတို့ကို အမှုဖွင့်ရန် အထက်ကညွှန်ကြားချက် ရှိလာပါက အမှုဖွင့်မည်ဟု သက်ဆိုင်ရာ ရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက ပြော သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးလှထွန်းနှင့် ၎င်းပါတီ၏ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်တို့သည် ဇွန်လ ၁၈ ရက်နေ့ညက အသိမိတ်ဆွေတစ်ဦး၏ ဆိုင်ကယ်ကို ဖမ်းဆီးအရေးယူသည့် ဒဂုံမြို့သစ်အရှေ့ပိုင်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို မကျေမနပ်ဖြစ်ကာ ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်ကို ဖုန်းကင်မရာဖြင့် ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ဖိုင်လည်း ပျံ့နှံ့ခဲ့သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် နှစ်မိနစ်ခန့်ရှိ အဆိုပါရုပ်သံဖိုင်တွင် ရှပ်အင်္ကျီအဖြူနှင့် ပုဆိုးဝတ်ဆင်ထားပြီး အရက်မူးနေသည်ဟု ယူဆရသူ အမျိုးသားတစ်ဦးက ရဲတပ်ဖွဲ့ဝင်များကို အော်ဟစ်ကြိမ်းမောင်း ရန်ရှာကာ ၎င်းကို ဖမ်းဆီးခိုင်းနေသည်ကို တွေ့ရသည်။ ခဏအကြာတွင် ရဲတပ်ဖွဲ့ဝင်များက ၎င်းကို ဝင်ရောက်လုံးထွေး ဖမ်းချုပ်ကာ လူကြီးတစ်ဦးအနေဖြင့် ထိုသို့မပြုသင့်ကြောင်း ပြောဆိုခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ပြန်လည်ပြောဆိုသည်။
အဆိုပါ ရုပ်သံဖိုင်နှင့်အတူ “ဥပဒေအထက်တွင်ရှိသော NLD လွှတ်တော်ကိုယ်စားလှယ်” ဟု အစပြုကာ ဇွန်လ ၁၈ ရက်နေ့ညက ၎င်း၏မိတ်ဆွေတစ်ဦး၏ ဆိုင်ကယ်ကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသဖြင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးလှထွန်းက ဆိုင်ကယ်စီးသူကို ဖမ်းသည့် ရဲတပ်ဖွဲ့ဝင်များကို အရက်မူးပြီး ခြိမ်းခြောက်ဆဲဆိုကြောင်း၊ ယင်းမြို့နယ်၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်ကလည်း တာဝန်ကျ ရဲဒုတပ်ကြပ်ကို ဖမ်းဆီးရန် မြို့နယ်ရဲတပ်ဖွဲ့မှူးအား ဖိအားပေးခဲ့ကြောင်း Facebook သုံးစွဲသူတစ်ဦး က ရေးသားခဲ့ခြင်းဖြစ်သည်။
ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိက အဆိုပါရုပ်သံဖိုင်တွင် မြင်ရသည့်အတိုင်း ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကို ရန်ရှာနေသူမှာ ဦးလှထွန်းဖြစ်ကြောင်းနှင့် ပါတီဥက္ကဋ္ဌ ဖိအားပေးသဖြင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသကဲ့သို့ တာဝန်ကျ ရဲဒုတပ်ကြပ်ကို အရေးယူထားသည်ဆိုသောအချက်မှာမူ မမှန်ကန်ကြောင်း Myanmar Now ကို ပြောသည်။
“အထက်အဆင့်ဆင့်က ဒါကို အမှုဖွင့်ပါလို့ ညွှန်ကြားခဲ့မယ်ဆို ကျွန်တော်တို့ကတော့ အမှုဖွင့်ရမှာပဲ။ လောလောဆယ် အထိတော့ မဖွင့်ထားသေးဘူး။ နောက်တော့ ကျွန်တော်လည်း မပြောတတ်သေးဘူး” ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရဲစခန်းမှ တာဝန်ကျအရာရှိက ပြောသည်။
ဆိုင်ကယ်စီးနင်းခွင့်မရှိဘဲ စီးနင်းမှုဖြင့် ထိုနေ့ညက ဒဏ်ရိုက် အရေးယူခံခဲ့ရသည့် ဆိုင်ကယ်ပိုင်ရှင်မှာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှထွန်းနှင့် ရင်းနှီးသည့်အသိုင်းအဝိုင်းမှ ဖြစ်သည်ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားမှုတွင် မိမိတို့ရဲတပ်ဖွဲ့ဝင်များက တာဝန်အရ ဖမ်းဆီးခြင်းကို NLD ပါတီဆိုသည့် ဂုဏ်ပုဒ် အသုံးပြုပြီး ဆဲရေးခြင်း၊ ဖိအားပေးခြင်းမှာ တာဝန်ကို နှောင့်ယှက်သည့် အနေအထားမျိုး ဖြစ်စေသည်ဟု အခင်းဖြစ်ပွားမှုတွင် ရှိခဲ့သည့် ဒဂုံမြို့သစ်အရှေ့ပိုင်းရဲစခန်းမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဲ့နေ့က ဆိုင်ကယ်ဖမ်းတယ်၊ ဘာညာနဲ့ ကျွန်တော်တို့ မြို့နယ်မှူးကို လှမ်းခေါ်တယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေပါ လိုက်လာတယ်။ ကျွန်တော်တို့က သူတို့ကို ထိန်းခဲ့ပါတယ်။
“တစ်ယောက်ကို မြို့နယ်ပါတီဥက္ကဋ္ဌကို ခါးကနေဖက်ပြီးတော့ ဒီလိုအရှည်အရှည် မဖြစ်ရအောင် ထိန်းတာတောင် မရဘူးဖြစ်ခဲ့တာ” ဟု ၎င်းက ဆိုသည်။
ပါတီဥက္ကဋ္ဌဆိုသူသည် ရဲတပ်ဖွဲ့ဝင်များကို ဆဲရေးခြင်း၊ အခင်းဖြစ်ရာနေရာတွင် လာရောက်ထိန်းသိမ်းပေးသော မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များကိုလည်း မကျေမနပ်ပြောကာ ဆိုင်ကယ်ဖမ်းဆီးရေးတွင် ဦးဆောင်ခဲ့သည့် တာဝန်ကျ ရဲဒုတပ်ကြပ်ကို အရေးယူပေးရန် ဖိအားပေးခြင်းအပြင် ထိုရဲတပ်ကြပ်ကို ပါးရိုက်ရန်အထိပါ တောင်းဆိုခဲ့သည်ဟု အခင်းဖြစ်ရာ နေရာကို ရောက်ရှိခဲ့သည့် အဆိုပါ တာဝန်ရှိ ရဲအရာရှိက ပြောသည်။
ဆိုင်ကယ်ကို ဖမ်းဆီးခဲ့သည့် တာဝန်ကျ ဒုရဲတပ်ကြပ် ကျော်သူဇင်ကမူ ၎င်းအနေဖြင့် အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ခဲ့သလို၊ အဆိုပါပြဿနာနှင့်ပတ်သက်ပြီး အထက်အရာရှိများက ၎င်းကို တစ်စုံတစ်ရာ မပြောဆိုခဲ့ကြောင်း Myanmar Now ကို ပြောသည်။
“ဒီဖြစ်ရပ်မှာ ကျွန်တော့်ဘက်က အမှားမရှိတဲ့အတွက် ကျွန်တော်တို့အထက်အရာရှိကလည်း ကျွန်တော့်ကို အရေးမယူပါဘူး။ ပုံမှန်တာဝန်တွေကို ဆက်ထမ်းဆောင်နေဆဲပါ” ဟု ၎င်းက ဆိုသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်ကမူ အများစွပ်စွဲကြသလို သူကိုယ်တိုင် ဆဲရေးခဲ့သည်ဆိုသည့်အချက်ကို ငြင်းဆန်ခဲ့ပြီး ရဲတပ်ဖွဲ့က အမှုဖွင့်လျှင်လည်း ဖြေရှင်းရန် အသင့်ရှိကြောင်း Myanmar Now ကို ပြောသည်။
မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှထွန်းနှင့် တွေ့ဆုံရန် Myanmar Now က ဇွန်လ ၂၂ ရက်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် NLD ရုံးသို့ သွားရောက်ခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့သလို Myanmar Now သို့ ပြန်လည်ဆက်သွယ်ပေးရန် အဆိုပါရုံးမှတစ်ဆင့် ပန်ကြားခဲ့သော်လည်း ခြောက်ရက်ကြာသည်အထိ ပြန်လည်မဆက်သွယ်ခဲ့ပါ။NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်ကမူ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပါတီထံ တိုင်ကြားစာ တစ်စုံတစ်ရာ မရသေးကြောင်း၊ သို့ရာတွင် မိမိတို့ပါတီအနေဖြင့် တရားဥပဒေ ချိုးဖောက်မှုများ ဖြစ်ပေါ်လာလျှင် ဥပဒေအရ ဖြေရှင်းရမည်ဖြစ်ပြီး ချိုးဖောက်ကြောင်း ထင်ရှားလျှင် ပါတီ၏ စည်းကမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။