(ရန်ကုန်) – ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တို့ကို ပါတီ၏ရပ်ကွက်အဆင့်ဥက္ကဋ္ဌများက တိုင်ကြားထားသည့်အပေါ် မကြာခင် စစ်ဆေးမည်ဟု ပါတီ၏ တိုင်ကြားစာများစိစစ်ရေးကော်မတီမှ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က ယနေ့ (ဇူလိုင် ၁၀ ရက်) တွင် Myanmar Now ကို ပြောသည်။
၎င်းပါတီ၏ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ဥက္ကဋ္ဌ ဦးလှထွန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်တို့သည် ဇွန်လ ၁၈ ရက်နေ့ညက ယာဉ်ပိတ်ဆို့စစ်ဆေး တာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို ရိုင်းပျစွာ ပြောဆိုပြီး ဝတ္တရားနှောင့်ယှက်သဖြင့် ၎င်းတို့ကြောင့် ပါတီကို ထိခိုက်သည့်အတွက် အရေးယူပေးရန် ပါတီ၏ ရပ်ကွက်ဥက္ကဋ္ဌ တချို့က တိုင်ကြားစာပေးပို့ခဲ့သည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
“လောလောဆယ်တော့ မစစ်နိုင်သေးပါဘူး။ အမြန်ဆုံးလုပ်မှာပါ။ ပါတီမှာ အရှေ့ပိုင်းက တိုင်ထားတဲ့ တိုင်ကြားစာ ၃၀ ကျော်လောက်က ရှိနေသေးတော့ အလှည့်လိုက် စိစစ်နေရတာပါ။ အဲဒီကိစ္စကိုတော့ လတ်တလော မှတ်ချက်မပြုလိုဘူး။ စစ်ဆေးပေါ်ပေါက်ချက် ထွက်လာတော့ ပြောပါ့မယ်” ဟု ၎င်းက ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် “ဥပဒေအထက်တွင် ရှိသော NLD လွှတ်တော်ကိုယ်စားလှယ်” စာသားပါ နှစ်မိနစ်ခန့်ရှိ ရုပ်သံဖိုင်တွင် ဇွန်လ ၁၈ ရက်နေ့ညက အခင်းဖြစ်ရပ်တစ်ခုကို ရိုက်ကူးဖော်ပြထားပြီး ၎င်းအရ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှထွန်းက ၎င်း၏မိတ်ဆွေ ဆိုင်ကယ်ကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသည့်အတွက် အရက်မူးပြီး ရဲတပ်ဖွဲ့ဝင်များကို ခြိမ်းခြောက် ဆဲဆိုကြောင်း၊ ယင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က တာဝန်ကျ ရဲဒုတပ်ကြပ်ကို ဖမ်းဆီးအရေးယူရန် ဖိအားပေးခဲ့ကြောင်း Facebook သုံးစွဲသူတစ်ဦးက ရေးသားခဲ့သည်။
အဆိုပါရုပ်သံဖိုင်ပါဖြစ်စဉ်အတိုင်း မှန်ကန်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကို ရန်ရှာသူမှာ ဦးလှထွန်းဖြစ်ကြောင်း ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း အတည်ပြုသည်။
ထိုသူနှစ်ဦးကို ပါတီဗဟိုက ယခုအထိ အရေးမယူသေးသဖြင့် ပါတီရပ်ကွက်ရုံးများကိုပင် ပြန်အပ်ချင်စိတ် ဖြစ်ပေါ်လာကြောင်း၊ အဆိုပါနှစ်ဦး၏ ပြုမူဆောင်ရွက်ချက်တချို့သည် မြို့နယ်အတွင်း ပါတီ၏စည်းလုံးမှုကို ပျက်ပြားစေသည့် သဘောမျိုး သက်ရောက်နေကြောင်း (၁၁၀) ရပ်ကွက် ဒီချုပ်ရုံးခွဲ ဥက္ကဋ္ဌ ဦးသိန်းမိုးကျော်က ပြောသည်။
“ကျွန်တော်တို့မြို့နယ်မှာ ရပ်ကွက် ၃၂ ရပ်ကွက် ရှိတယ်။ ဒါပေမယ့် မြို့နယ်ပါတီဥက္ကဋ္ဌလုပ်ပြီး ရပ်ကွက်တွေမှာ ပါတီဝင်တွေကို မစုစည်းနိုင်ဘူး။ မြို့နယ်မှာ ပါတီက နှစ်ခြမ်းကွဲတဲ့ သဘောမျိုးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ တိုင်ကြားချက်များနှင့် ပတ်သက်ပြီး ဦးလှထွန်းနှင့် ဦးကျော်ကျော်မောင်တို့ကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့ဘက်ကလည်း အထက်က အဆိုပါနှစ်ဦးကို အမှုဖွင့်အရေးယူရန် ညွှန်ကြားမည်ဆိုပါက အမှုဖွင့်ရမည်ဟု ဇွန်လ ၂၈ ရက်နေ့က Myanmar Now ကို ပြောကြားခဲ့သော်လည်း အဆိုပါရဲစခန်းသို့ ထပ်မံဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
NLD ပါတီအနေဖြင့် တရားဥပဒေချိုးဖောက်မှုများ ဖြစ်ပေါ်လာလျှင် ဥပဒေအရ ဖြေရှင်းရမည်ဖြစ်ပြီး အဆိုပါ ဖြစ်ရပ်တွင် ပါတီဝင်များ ကျူးလွန်ခဲ့ကြောင်း ထင်ရှားလျှင် ပါတီစည်းကမ်း အရ အရေးယူသွားမည်ဟု ဒီချုပ် ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က ဇွန်လ ၂၈ ရက်နေ့တွင် ပြောသည်။