(ရန်ကုန်) — လူ့အခွင့်အရေးရှေ့နေ ဒေါ်ခင်ခင်ကျော်၊ ဗကသ ကျောင်းသား ကိုသန်းထိုက်တို့ကို တရားရုံးဝတ္တရားနှောင့်ယှက်မှုဖြင့် မင်းလှမြို့နယ်တရားရုံးက စက်တင်ဘာ ၂၈ ရက်နေ့က ထောင်ဒဏ် (၆) လ ချမှတ်လိုက်သည်။
၂ဝ၁၅ ခုနှစ် လက်ပံတန်းဒေသ ဆန္ဒပြသူတို့ကို အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ရှေ့နေ ဒေါ်ခင်ခင်ကျော်က တရားစွဲသည့်အမှုတွင် သာယာဝတီမြို့နယ်တရားသူကြီး ဦးချစ်မြတ်နှင့် တရားခွင်အတွင်း အငြင်းအခုန် ဖြစ်ပွားခဲ့သည်။
ရှေ့နေက လျှောက်လဲချက်တွင် ပါရှိသော “ဒုရဲမှူး နန္ဒာဝင်း” အမည် နေရာတွင် “ဒုရဲမှူးကြီး နန္ဒာဝင်း” ဟု ပြင်ဆင် မှတ်တမ်းတင်ပေးရန် တင်ပြရာ တရားသူကြီးက ထိုလျှောက်လဲချက်ကို ငြင်းပယ်ရာမှ ငြင်းခုန်မှု စတင်ခဲ့သည်။
၂ဝ၁၅ စက်တင်ဘာ ၁ ရက်နေ့တွင် တရားသူကြီးက ဒေါ်ခင်ခင်ကျော်၊ တရားရုံးကို သပိတ်မှောက်သည့် ကိုသန်းထိုက်တို့ကို တရားရုံးဝတ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့၏ ရှေ့နေ ဦးကြီးမြင့် က Myanmar Now သို့ ပြောပြသည်။
စီရင်ချက်ချမှတ်ရာတွင်လည်း အငြင်းပွားမှုဖြစ်ပြီးနောက် တင်ပြခဲ့သည့် ဒေါ်ခင်ခင်ကျော်၏ တောင်းပန်စာကို လုံးဝ ထည့်သွင်း မသုံးသပ်ခဲ့ဘဲ တရားလို ဦးချစ်မြတ်၊ တရားလိုပြသက်သေတို့၏ ထွက်ဆိုချက်များကိုသာ သုံးသပ်ခဲ့သည်ဟု ရှေ့နေဦးကြီးမြင့်က ပြောသည်။
၎င်းဖြစ်စဉ်တွင် ဒဏ်ငွေ ၂ဝဝ ကျပ် ချမှတ်နိုင်သည့် တရားရုံးမထီမဲ့မြင်ဥပဒေဖြင့် တရားစွဲဆိုခြင်း မပြုဘဲ ထောင်ဒဏ် (၆)လ ချမှတ်နိုင်သည့် ပုဒ်မကို အသုံးပြုခဲ့ခြင်းမှာ လက်စားချေလိုသောကြောင့် ဖြစ်နိုင်သည် ဟု ရှေ့နေ ဦးကြီးမြင့်က မှတ်ချက်ပေးသည်။
ယခုအမှုကို သုံးနှစ်အတွင်း ရုံးချိန်းပေါင်း ၇၅ ကြိမ် ချိန်းဆို စစ်ဆေးခဲ့သည်ဟု ဆိုသည်။
ဒေါ်ခင်ခင်ကျော်နှင့် ကိုသိန်းထိုက်တို့ကို ရာဇသတ်ကြီး ပုဒ်မ- ၂၂၈ နှင့် ထောင်ဒဏ် ချမှတ်လိုက်ခြင်းသည် ယင်းဥပဒေ၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ကြောင်း၊ သာယာဝတီခရိုင်တရားရုံးသို့ တစ်လအတွင်း အယူခံဝင်မည် ဖြစ်ကြောင်း ရှေ့နေဦးကြီးမြင့်ထံမှ သိရသည်။