အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မရမ်းကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဝင်ရောက်ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး 

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ် ၃ ရပ်ကွက်တွင် ယနေ့ (မေ ၁၁) နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံးကို သေနတ်သမားအချို့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး အခြားသူနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားသည်ဟု သိရသည်။

မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းကားမှတ်တိုင်အနီးရှိ အုပ်ချုပ်ရေးမှူးရုံးမှာ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဝင်ရောက်ပစ်ခတ်ခံရခြင်းဖြစ်ကာ ဦးခေါင်းကို ကျည်ထိမှန်သည့် အမျိုးသမီးရာအိမ်မှူးမှာ ဆေးရုံအရောက် သေဆုံးသွားသည်ဟု ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။

သေဆုံးသွားသည့် ရပ်ကွက်ရာအိမ်မှူးဖြစ်သူမှာ ဒေါ်ကြည်ခိုင်ဝင်းဖြစ်သည်ဟု သိရသည်။ 

အသက် ၆၀ ကျော်အရွယ် ဦးနေဝင်းဆိုသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရုံးစာရေးအဖြစ် လုပ်ကိုင်နေသူ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးသည်လည်း ဒဏ်ရာအပြင်းအထန်ရသွားကာ အုပ်ချုပ်ရေးမှူးမှာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“အုပ်ကြီးနဲ့ နောက်တစ်ယောက်က ဗိုက်ပွင့်တယ်။ မိန်းမတစ်ယောက်က ခေါင်းထိတယ်။ အုပ်ချုပ်ရေးမှူးရုံးပေါ်ကို တက်ပစ်သွားတာ တစ်ယောက်က အုပ်ကြီးပေါ့။ နှစ်ယောက်က ဒလန်” ဟု ၎င်းက ပြောသည်။

အသံတိတ်သေနတ်ဖြင့် ပစ်ခတ်သွားသည်ဟု ယူဆရပြီး ဝင်ရောက်ပစ်ခတ်သူအရေအတွက် မသိရသည့်နည်းတူ မည်သူမည်ဝါမှန်း မသိရဟုလည်း ရပ်ကွက်နေထိုင်သူက ဆိုသည်။

“သူ့ (အုပ်ချုပ်ရေးမှူး) ကို ရပ်ကွက်က အမြင်မကြည်ကြဘူး။ သူ့ကြောင့် ကလေးတွေပါသွားတာ ခဏခဏပဲ။ သူက အရင်တုန်းက ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က” ဟု ၎င်းက ပြောသည်။​

ဦးနေဝင်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာပြီး ၎င်း၏ဇနီးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်သည်ဟုလည်း ဆိုသည်။ 

သို့သော် အထက်ပါ အချက်အလက်များနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း အဆိုပါ အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်ပစ်ခတ်ခံရပြီး အမျိုးသားရာအိမ်မှူးတစ်ဦးသေဆုံးခဲ့ကြောင်း၊ ထိုစဉ်က ဦးနေဝင်းမှာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ 

ရန်ကုန် မရမ်းကုန်းမြို့နယ် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဝင်ရောက်ပစ်ခတ်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button